” ရှမ်းမြောက်နဲ့ ပြင်ဦးလွင်ခရိုင် နေရာအနှံ့အပြားမှာ တိုက်ပွဲကြီးများ စ။နောက်တလှိုင်း လာချေပြီ။ တလှိုင်းပြီး တလှိုင်း လာမယ်” ဇွန်လ ၂၅ရက်နံနက်ခင်းကို နမည်ကျော်သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်း၏ အထက်ပါစကားကလှုပ်နှိုးလိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊သီပေါ၊ နောင်ချို ၊ လားရှိုးမြို့ အနီးပတ်ဝန်းကျင်နေရာများနှင့် ပြည်ထောင်စုလမ်းမကြီးတဝိုက်၊ ယင်းဒေသနှင့်ဆက်စပ်နေသော မန္တလေးတိုင်းမတ္တရာမြို့တို့တွင် ဇွန် ၂၅ ရက်နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းအဖွဲ့များထိုးစစ်ဆင် တိုက်ခိုက်နေသည်။ မိုးကုတ်မြို့ အနီးတဝိုင်တွင်မူ ဇွန် ၂၅ ရက်ညကတည်းကတိုက်ပွဲများဖြစ်ပွားခဲ့ခခြင်းဖြစ်သည်။
ထိုအခြေအနေကို စစ်အာဏာရှင်ကို အမြစ်ဖြတ်ရန်နောက်တလှိုင်းလာပြီဟု ဒေါက်တာ တေဇာစန်းကဆိုလိုခြင်းဖြစ်သည်။

Public Service Announcement
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နောင်ချို ၊ကျောက်မဲ ၊ မိုးကုတ်မြို့နယ်တို့တွင် ဇွန် ၂၅ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ၁၀၂၇ စစ်ဆင်ရေး (အဆက်)ဟုနေ့ခင်းပိုင်းတွင်ထုတ်ပြန်သည်။
TNLA က ဒေသသုံးခုအမည်ကိုသာ ပြောသော်လည်းမြေပြင်တိုက်ပွဲများမှာ ထိုထက်ပို၍ များပြားကျယ်ပြောနေပါသည်။
စစ်ကောင်စီအတွက်မူ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ရှုံးပွဲဆက်ပြီး စခန်းများ ၊မြို့များဆက်တိုက်ဆုံးရှုံးနေချိန် ၊ကရင်ပြည်နယ် ဒေါနတောင်တွင် အောင်ဇေယျစစ်ကြောင်း ပိတ်မိနေချိန် ၊ကရင်နီ ၊စစ်ကိုင်း ၊ချင်း ၊တနသာ်ရီတိုင်းတို့တွင် အထိနာနေချိန်တွင်မှ ရှမ်းမြောက်တွင် ၁၀၂၇ ဒုတိယလှိုင်းပေါ်ပေါက်လာခြင်းဖြစ်နေသည်။
ထို့ထက်ပိုဆိုးသည်မှာ စစ်ကောင်စီကြောင့်တိုင်းပြည်စီးပွားရေးပျက်စီးချိန် ၊မဟနဆရာတော် (ငြိမ်း)ကို သေနတ်ဖြင့်ဖြင့်ပစ်သတ်၍ သံဃာတော်များက ကံဆောင်သပိတ်စတင်ပြုလုပ်လာချိန်တွင် မှ စစ်ကောင်စီကြောက်သော ၁၀၂၇ လှိုင်းလုံးကထပ်လာနေခြင်းဖြစ်သည်။
မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ကျော်သာကွာဝေးသည့်မတ္တရာမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ စစ်ကောင်စီတပ်ကထုံးစံအတိုင်း လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည်။
ကျောက်မဲမြို့တွင် မနက် ဝေလီဝေလင်းအချိန်မှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ ညနေအထိ ဆက်လက်ပြင်းထန်နေသည်။ မြို့ပတ်ချာလည်နေရာများ၌ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့အများအပြား တွေ့ရှိရပြီး ယခင်ရက်ကပြင်ပသို့ထွက်လာသည့် စစ်ကောင်စီတပ်များက တပ်ရင်းများအတွင်း ပြန်ဝင်ပြေးသွားကြသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
“တမြို့လုံးပတ်ချာလည်မှာ မဟာမိတ်တွေကြီးပဲ။ မဟာမိတ်အင်အား အများကြီးပဲ။မနက်က တွေ့ခဲ့တော့ သူတို့ကို မုန့်ပေးခဲ့တယ်။ သူတို့အေးဆေးပဲ” ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။
ကျောက်မဲနှင့်ထိစပ်နေသည့် သီပေါ၊ နောင်ချိုမြို့နယ်တို့၌လည်း တိုက်ပွဲများဖြစ်ပွားနေသည်။ ပြည်ထောင်စုလမ်းမှပေါ်မှကားများ ရောက်ရာနေရာ၌ရပ်တန့်ထားရန် ဒေသခံများက အချင်းချင်းသတိပေးထားသလို နေ့လယ်ပိုင်းမှစ၍ လမ်းပိတ်ဆို့သွားပြီဖြစ်သည်။ အချို့က ရှောင်ကွင်းလမ်းများမှတစ်ဆင့် နောက်ကြောင်းပြန်လှည့်ခဲ့ကြသည်။
လတ်တလောတိုက်ပွဲအပြင်းထန်ဆုံးဒေသများ၌ ကျောက်မဲမြို့ ပါဝင်လာသည်။ မြို့တွင်း၌ဒေသခံအများအပြားလည်းပိတ်မိနေသည်။ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှု၌ ဒေသခံအရပ်သားလေးဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသော်လည်းအသေးစိတ်ကိုမူမသိရသေးပေ။ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာရအမျိုးသမီးတစ်ဦးကိုမူ စစ်ကောင်စီသယ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။
စစ်တပ်မြို့ဖြစ်သလို ၊စစ်သင်တန်းကျောင်းများရှိရာ ပြင်ဦးလွင်မြို့နှင့် တစ်နာရီကျော်ကားမောင်းလျင်ရောက်သော တနောင်ချိုမြို့ကိုလည်း TNLA ဦးဆောင်သော ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်သည်။ ဆေးရုံ နှင့် မီးသတ်ရုံးကို သိမ်းယူထားသည်။နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ ခမရ(၁၁၄) နှင့် (၁၁၅)တပ်ရင်းကိုလည်း တိုက်ခိုက်နေသည်။ တိုက်ပွဲများမှာ ညပိုင်းအထိပြင်းထန်နေဆဲဖြစ်သည်။ နောင်ချိုမြို့ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။
“ဒီတခါ တော်လှန်ရေးအင်အားစုတွေ ပြင်ဦးလွင်ထိတက်လိမ့်မယ်ထင်တယ်။ မန္တလေးအထိပါတက်ဗျာ။ ဒီလောက်ဒုက္ခပေးတဲ့ စစ်တပ်ကို ဖြိုကျပေးစမ်းပါ”ဟု နောက်ချိုမြို့ခံတဦးကပြောသည်။
ယခုတကြိမ်တိုက်ပွဲ၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ၊ PDF များအပြင် ရှမ်းပြည်နယ်အခြေစိုက်အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်းပါဝင်သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ မိုးကုတ်မြို့ တိုက်ပွဲတွင်မိုးကုတ်ဗျူဟာ PDF တပ်ရင်းများဖြစ်သော ၁၂၂၁၊၁၂၂၂ ၊ ၁၂၂၃ ၊ ၁၂၂၄ ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်းအသိပေးလာသည်။အလားတူ နောင်ချို မြို့တိုက်ပွဲတွင်လည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကလည်း ပါဝင်တိုက်ခိုက်နေကြောင်းတာဝန်ရှိသူကပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ခဲ့သည်။ မူဆယ်နှင့်လားရှိုးမြို့ကို ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဟိုင်ဂင်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ယာယီအပစ်ခတ်ရပ်စဲထားကြသည်။
အပစ်ရပ်ထားသည်ကာလအတွင်း စစ်ကောင်စီသည် မရှမ်းပြည်နယ်မြောက်ပိုင်းကို လူနှင့်လက်နက်အင်အားပို့နေခဲ့သည်။ ငါးလခန့် ကြာ ငြိမ်သက်နေရာမှ ဇွန်လဆန်းပိုင်းမှစတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းမိုးမိတ်မြို့၊ နောင်ချိုမြို့တို့၌စစ်ကောင်စီကလက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA တပ်ဖွဲ့ဝင်အချို့ ကျဆုံးဒဏ်ရာရခဲ့သည်။
စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်စာချုပ်ကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ခြင်းဟု TNLAကသတိပေးခဲ့သည်။ ယနေ့တိုက်ပွဲများမတိုင်ခင် ဇွန် ၂၃ ရက်တွင် လားရှိုးမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ပထမအကြိမ်ကဲ့သို့ပင် စစ်တပ် လော်ဘီများကယခုအကြိမ်တွင်လည်း တရုတ်နိုင်ငံစနက်ဟုစွပ်စွဲနေကြပြန်သည်။
“အိမ်နီးချင်းကောင်းမပီသတဲ့ အင်အားကြီးနိုင်ငံ” ဟု စစ်တပ်လော်ဘီတယ်လီဂရန်ချန်နယ်တခုက ဝေဖန်ထားသည်။
ယခုတကျော့ပြန်တိုက်ခိုက်ခံရမှုသည် တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း ပြီးခဲ့သည့်အပါတ်က လာရောက်ခဲ့သည့်နေပြည်တော်ခရီးစဉ် မပြေမလည်ဖြစ်ပြီးနောက် တရုတ်က မီးမွှေးလိုက်သည့်စစ်ပွဲဟု စစ်တပ်လော်ဘီများက စွပ်စွဲနေကြခြင်းသည်။
တိန့်ရှီးကျွင်းသည် ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်သို့ ရောက်လာပြီးနောက် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ ထိန်းသိမ်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်အပါအဝင် တရုတ်၏တောင်းဆိုချက်ကို စစ်ကောင်စီက ပယ်ချခဲ့သည်ဟု သတင်းများထွက်ခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းစစ်ရေးအခြေအနေက ဇွန်လဆန်းကတည်းကလှုပ်လှုပ်ခတ်ခတ်ဖြစ်နေခဲ့သည်။ ယခုအခါမှာတော့ တိုက်ပွဲခေါ်သံ တကျော့ပြန်စတင်ပြီဖြစ်သည်။ ဗိုလ်မှူးချုပ်အဆင့်များပင် မရှုမလှသေဆုံးခဲ့ရသလို အုံလိုက်ကျင်းလိုက်လက်နက်ချ အညံ့ခံခဲ့ကြရသည့် ညီနောင်သုံးဖော်နှင့်တော်လှန်ရေးပူးပေါင်းတပ်များ၏ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း ၏လက်သံပြောင်မှုကို ပြည်သူလူထုကကြည့်ရှုခဲ့ရသည်။ ၁၀၂၇ စစ်ဆင်ရေး အဆက်တွင် မည်ကဲ့သို့သောစစ်ရေးအောင်မြင်မှုများကို စွမ်းဆောင်ပြမလဲဟု ပြည်သူများကစောင့်ကြည့်နေကြသည်။
တစ်ချိန်တည်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်များ၏ မတ္တရာ ၊စဥ်ကူ ဒေသထိုးစစ်ကလည်း စစ်အုပ်စုကိုအထိနာစေခဲ့သည်။ ရှမ်းမြောက်တွင်တစ်ကျော့ပြန်စတင်သောတော်လှန်ရေးလှိုင်းကိုပိုအားကောင်းစေခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အရာရှိတစ်ဦးကလည်း “1027 2nd Wave Road To Mandalay အိမ်ပြန်လမ်း နီးပြီလေ”ဟု ၎င်း၏ဖေစ်ဘွခ်တွင်ရေးသားထားလေသည်။ ။
