Connect with us
close

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ကျေးဇူးရှင်စိတ်ကို ချက်ခြင်း သင်းကွတ်ပါ

မြန်မာပြည်၏ ရှေ့အနာဂတ်တွင် ဖြစ်ပေါ်လာလတ္တံသော အန္တရာယ်များကို တားဆီးနိုင်ရန် တင်ကြို ပညတ်ထားသည့် အချက်များဖြစ်ပါသည်။

ကျေးဇူးရှင်စိတ်ကို ချက်ခြင်း သင်းကွတ်ပါ
ကျေးဇူးရှင်စိတ်ကို ချက်ခြင်း သင်းကွတ်ပါ

ဉာဏ်လှိုင်လင်း/People’s Spring

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်”

“မည်သူတဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်”

“မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်”

Public Service Announcement

Public Service Announcement

အထက်ပါ စကားရပ်များသည် စာရေးသူ လူတွင်ကျယ်လုပ်ရန် စိတ်ကူးကွန့်မြူး တီထွင်ထားသော စကားလုံးများ မဟုတ်ရပါ။

လွန်ခဲ့သော ၇၆နှစ်။ ဗြိတိသျှအုပ်ချုပ်မှုအောက်မှ မြန်မာပြည်ဘဝသို့ တရားဝင်ကူးပြောင်းစဉ် အချိန်က ထုတ်ပြန်ခဲ့သည့် လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် ၅ပါ စကားရပ်များဖြစ်သည်။

မြန်မာပြည်၏ ရှေ့အနာဂတ်တွင် ဖြစ်ပေါ်လာလတ္တံသော အန္တရာယ်များကို တားဆီးနိုင်ရန် တင်ကြို ပညတ်ထားသည့် အချက်များဖြစ်ပါသည်။

လွတ်လပ်ရေးကြေညာစာတမ်းကို တာဝန်ယူရေးသားခဲ့ကြသည့် ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ ဇေယျ၊ ဆရာတက်တိုး၊ ဆရာတင့်တယ်တို့၏ ကြိုတွေးမျှော်မြင်နိုင်စွမ်းကား ဩချလောက် သည်။ သူတို့၏ စိုးရိမ်ပူပန်မှုများမှာ ထိုစာတမ်းထုတ်ပြန်ပြီး ၁၀နှစ်အကြာတွင်ပင် အမှန်တကယ် ဖြစ်လာသည်။

၁၉၅၈တွင် ကျေးဇူးရှင် ခေါင်းပေါင်းစွပ်၍ နိုင်ငံရေး ဇာတ်ခုံပေါ်သို့ တက်သူစ၍ ပေါ်လာသည်။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရာတွင် အခရာကျသည့် ရဲဘော် သုံးကျိပ်အဖွဲ့ဝင်၊ တပ်မတော် တည်းဟူသော နိုင်ငံတစ်ခု၏ မရှိမဖြစ် လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် နေဝင်း ဖြစ်သည်။

ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ထောင်စုမှခွဲထွက်လိုမှု အန္တရာယ်များမှ ကာကွယ်ပေးသည့် ကျေးဇူးရှင်အဖြစ် ဗိုလ်ချုပ်နေဝင်းက အသွင်ယူ၍ ၁၉၅၈ မှ ၁၉၈၈အတွင်း အာဏာနှစ်ကြိမ်သိမ်းကာ တိုင်းပြည်ကို နှစ်ပေါင်း ၃၀ နီးပါးအုပ်ချုပ်သွားသည်။

အဖေကြီး ယဉ်ကျေးမှုဟု လူပြောများသည့် ကျေးဇူးခံ၊ ကျေးဇူးစား ဓလေ့ကို စစ်ဘက်၊ အရပ်ဘက်တွင် သွတ်သွင်း၍ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးပစ်သည်။

သူ့နောက်တွင် ထပ်ပေါ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စသည့် တပ်ချုပ်များကလည်း ထိုနမူနာကို ဆက်ယူသည်။

လွတ်လပ်ရေးကြေညာစာတမ်းပါ အဖိုးတန် နိုင်ငံရေး ကန့်သတ်ချက်များ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ခံခဲ့ရသည်။

ကိုယ့်ကိုယ်ကိုယ် တိုင်းပြည်၏ ကျေးဇူးရှင် အသွင်ဖမ်းကြသော ထိုသူတို့၏ လက်ဝယ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စနစ်များ ပျက်သုဉ်း၊ ရေမြေတောတောင်၊ သဘာဝသယံဇာတ ပြုတ်ပြုတ်ပြုန်းရသည်မှာ တကူးတက သက်သေပြစရာပင်မလိုသည့် အမှန်တရားများဖြစ်သည်။

အာဏာရှင်တို့၏ သမိုင်းကို မှတ်တမ်းတင်လိုခြင်းမဟုတ်၍ သူတို့အကြောင်းကို အကျယ်ချဲ့၍ ဆက်မပြောလိုတော့။ ယခုစာသည် ဆိုးယုတ်မှုအပေါင်း သရဖူဆောင်းထားသည့် စစ်အာဏာရှင်များ ကို ဖျောင်းဖြရန် ကျွဲနားတီးသည့် ​စောင်းသံလည်း မဟုတ်၍ဖြစ်ပါသည်။

အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားရန် ဒေသအသီးသီး၊ ကဏ္ဍအသီးသီးတွင် အနစ်နာခံ ကြိုးပမ်းနေကြသည့် အဖွဲ့အစည်းများကို ပန်ကြားလိုခြင်းသာဖြစ်သည်။

၃ နှစ်ဆိုသော ခပ်တိုတို ကာလအတွင်း အထင်ကြီးလောက်သည့် စစ်ရေး အောင်ပွဲများကို တော်လှန်ရေးအင်အားစုများက နိုင်ငံအနှံ့ တရစပ် ရယူနေကြချိန်တွင် မိတ်ဆွေခြင်း လက်တို့ ပြောပြလိုသော သတိပေးမှုသာဖြစ်သည်။

နယ်မြေအများအပြားတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်နိုင်သည်အထိ တော်လှန်ရေးအရှိန်အဟုန် အားကောင်း မောင်းသန်ဖြစ်နေချိန်တွင် စရိုက်ဆိုးများမှ သတိကပ် ဖယ်ခွာနိုင်ကြပါစေရန် ရည်ရွယ်လိုခြင်းသာဖြစ်သည်။

တော်လှန်ရေးအင်အားစု အချင်းချင်း ပုခုံးချင်းယှဉ် ပွတ်တိုက်မှု၊ ပြည်သူအပေါ် နိုင့်ထက်စီးနင်း ပြောဆိုမှု၊ တရားလက်မဲ့ပြုကျင့်မှု အချို့ကို မြင်နေကြားနေရသဖြင့် လူမသိသူမသိ တွယ်ငြိနေတတ် သည့် ကျေးဇူးရှင်ရောဂါဖြစ်နေမည်လားဟု ခေါင်းနပန်းကြီးလာ၍ဖြစ်သည်။

ထိုဖြစ်စဉ်များကို အသုံးချ၍ တော်လှန်ရေးကိုအနှောင့်အယှက်ပြုနိုင်သည့်၊ ပြုနေသည့် အာဏာရှင်စိတ်ကြိုက် ကစားကွက်ကို ရှောင်ရှားနိုင်ကြပါစေရန် ဆန္ဒပြုလိုခြင်းဖြစ်သည်။

ဟိုဖြစ်စဉ်၊ ဒီဖြစ်ရပ်၊ ဒါအမှန်၊ ဟိုဟာအမှား ခွဲခြမ်းပြောကာ ဒိုင်လူကြီး လုပ်လိုစိတ်ဖြင့် ဤစာကို ရေးခြင်းမဟုတ်သဖြင့် အသေးစိတ်များကို ထုတ်ဖော်ပြောဆိုမည်တော့ မဟုတ်ပါ။

သို့သော် ကျွန်ုပ်တို့၏ သူရဲကောင်းအများစု သိနှင့်ပြီးဖြစ်သော သံဝေဂယူစရာ နိုင်ငံတကာ နမူနာ တစ်ခုကို အကျဉ်းချုပ်၍ ထုတ်နှုတ်ကာ လှုပ်နှိုးလိုပါသည်။

အာဖရိကတိုက် တောင်ပိုင်း ဇင်ဘာဘွေနိုင်ငံ ခေါင်းဆောင်ဟောင်း ရောဘတ်ဂေဘရီရယ်မူဂါဘီ အကြောင်းဖြစ်သည်။

ဇင်ဘာဘွေကို ၁၉၈၀မှစ၍ ၃၇နှစ်ကြာ အုပ်ချုပ်ခဲ့သည့် မူဂါဘီ၏ နိုင်ငံရေးခရီးလမ်းသည်လည်း တော်လှန်ရေးခေါင်းဆောင်ဘဝမှ စခဲ့သည်။တော်လှန်ရေးပြီးနောက် မူဂါဘီ၏ ကျေးဇူးရှင်စိတ်မှာ ဖုံးမရဖိမရပေါ်လာသည်။

တိုင်းပြည်ကို ဆယ်စုနှစ် လေးစုနီးပါး အုပ်ချုပ်ချိန်အတွင်း သူ၏ ရာထူးကို ဘုရားသခင်ကသာ ပြုတ်အောင်လုပ် နိုင်လိမ့်မည်ဟု အများသိထုတ်ဖော်ပြောဆိုသည်အထိ ကျေးဇူးရှင်စိတ်နေစိတ်ထား ရေချိန်မြင့်မား သည်။

ဇင်ဘာဘွေလည်း ဘာသားနှင့်ထုထားတာမျှမဟုတ်၊ ချွတ်ခြုံကျရတော့သည်။အဆုံးသတ်တွင်မူကား ၂၀၁၇တွင် မူဂါဘီပြုတ်ကျသည်။ ဇင်ဘာဘွေလွတ်မြောက်ရေး ခေါင်းဆောင်၊ နိုင်ငံသစ်ကို ထူထောင်သူအဖြစ် တစ်ချိန်ကသူတို့ ကြည်ညိုလေးစားခဲ့ကြသူ၏ နိုင်ငံရေးဇာတ်သိမ်း ကို လူထုက ပျော်ရွှင်စွာအောင်ပွဲခံကာ နှုတ်ဆက်သည်အထိ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် မူဂါဘီ တပါးနိုင်ငံတွင် ခေါင်းချသွားခဲ့ရသည်။

ယခုတော်လှန်ရေး လမ်းခရီးအဆုံးတွင် ထိုသို့သော အဖြစ်များ ထပ်တိုးလျှင် ဆိုသော စိုးရိမ်ချက်ကို ဒီစာစုဖြင့် အဆိုတင်လိုခြင်းမဟုတ်ပါ။ မည်သည့်အချိန်တွင် တဖန် ပြန်လည်တည်ဆောက်ကြရမည် မသိသေးသော နိုင်ငံသစ်တွင် အထက်ပါ လွတ်လပ်ရေးကြေညာစာတမ်းမှ မွန်မြတ်၊ လက်တွေ့ကျလှ သော ပညတ်ချက်များ ရှင်သန်ထမြောက်စေလိုရင်းဖြစ်သည်။

ယခုတွင် မျှော်လင့်ချက်ရောင်ခြည်လည်း မြင်နေရသည်။

အားလုံးလက်ခံသဘောတူရန် အခက်အခဲရှိ သည်ဆိုသော်ငြား တော်လှန်ရေးအင်အားစုများအကြား ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် တစ်ခု ရှိလာပြီ။ ထိုပဋိဉာဉ် အစိတ်အပိုင်း ၁ ပါ ပြည်ထောင်စုစံတန်ဖိုးများထဲတွင် စုပေါင်းခေါင်းဆောင်မှုကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရ၍ အသိအမှတ်ပြု ရည်ညွှန်းလိုခြင်းဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းပါ နိုင်ငံရေးပညတ်များ၊ မျက်မှောက်ခတ် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပါ ပြည်ထောင်စုစံတန်ဖိုးများကို တော်လှန်ရေးခေါင်းဆောင်များက မဖောက်မပြန် လက်တွေ့အသုံးချခြင်း၊ ကျေးဇူးရှင်စိတ်ကို ချိုးနှိမ်နိုင်ခြင်းသည် တိုင်းပြည် သာယာဝပြောမှု ရေရှည်တည်တံ့ခြင်းနှင့် တိုက်ရိုက်အချိုးကျသည်။

ထိုအချက်မှာ ယုံမှားသံသယဖြစ်စရာမလိုသည်ကို သက်သေပြနိုင်သည့် အကောင်းဆုံးနမူနာ တစ်ခု သမိုင်းတွင်ရှိသည်။

ယနေ့တိုင် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နေသည့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဒီမိုကရေစီခရီး အစတွင် စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင် တာဝန်များကိုယူခဲ့သော ဂျော့ရှ်ဝါရှင်တန်၏ မည်သည့်အခါမျှ မှေးမှိန်မည်မဟုတ်သော ဂုဏ်ပုဒ်ကို စံနမူနာယူကြစေလိုသည်။

တော်လှန်ရေးကာလ စစ်ဗိုလ်ချုပ်မှသည် ပထမဆုံး သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဂျော့ရှ်ဝါရှင်တန်ကိုအမေရိကန်ပြည်ထောင်စု၏ ဖခင်အဖြစ် ယနေ့တိုင် အလေးအမြတ်ပြုကြရသည်မှာ စိုင်ကော်၍ ခြုံပေါ်ရောက်ခြင်းမဟုတ်ပါ။ နိုင်ငံအတွက် စစ်တိုက်ရန် အရေးပေါ်လာချိန်တွင် တိုက်ပွဲဝင်သည်၊ ပြန်လည်ထူထောင်စနိုင်ငံ ယိမ်းယိုင်နေချိန်တွင် သမ္မတ တာဝန်ယူ၍ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေနိုင်မည့် လမ်းကြောင်းမှန်ပေါ်တွန်းတင် ပေးခဲ့သည်။

သူ၏ ကာလရှည်စွမ်းဆောင်မှုများကြောင့် လူထုထောက်ခံမှုမြင့်မြင့်မားမားရှိနေသော်လည်း ဂျော့ရှ်ဝါရှင်တန်က သာယာမနေခဲ့။ ကျေးဇူးရှင်စိတ်ဝင်မလာခဲ့။ သုံးဆက်မြောက် သမ္မတ သက်တမ်းကို လွယ်လင့်တကူ ရယူနိုင်မည်ဖြစ်သော်လည်း ကျောခိုင်းကာ လယ်သမားဘဝသို့ ပြန်သွားခဲ့သည်။

ဂျော့ရှ်ဝါရှင်တန်ကဲ့သို့ လွန်စွာ လေးစားအားကျ အတုယူဖွယ်ရာလုပ်ရပ်ဖြင့် မြန်မာနိုင်ငံတော်သစ်ကို ထုဆစ်ကြမည်ဆိုလျှင် ဆိုဖွယ်ရာမရှိဖြစ်ပေမည်။ ထို့ကြောင့် တော်လှန်ရေးခရီးတွင် ကျရာကဏ္ဍမှ ပါဝင်နေကြသူများ ကိုယ်ခံအားကောင်းစေလိုသည်။

နိုင်ငံကို နှစ်ပေါင်းများစွာ အမြစ်တွယ် လှိုက်စား နေသည့် ကျေးဇူးရှင် ကပ်ရောဂါဆိုး ကိုယ့်ကိုယ်တွင်းတွင် မျိုးမပွားမလာစေရန် သတိပြုဖို့လိုသည်။

မြန်မာစကားပုံတစ်ခုရှိသည်။ “မုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိ၊ နှုတ်ခမ်းနာနှင့် တည့်ပါ့မလား” ဟူ၏။ အခွင့်အလမ်းပေါ်မလာမီ စိုးရိမ်ကြောင့်ကြ မနေသင့်သည်ကို ရည်ညွန်းကြောင်း အဓိပ္ပာယ် ဖွင့်ကြသည်။

ယခု ထိုစာကားပုံကို ရှုထောင့်ပြောင်း၍ အနက်ဖွင့်လိုသည်။ မုန့်ဆီကြော် မကျက်မီကတည်းက နှုတ်ခမ်းနာကို ကုသထားခြင်းသည် သာ၍ အကျိုးထူးနိုင်သည် မဟုတ်ပါလား။ ။

ဆက်စပ်သတင်းများ

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတ ကာမျက်နှာစာတွင် တိုးမဝင်နိုင်စေရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။