▪︎AA က ပလက်၀ဒေသအုပ်ချုပ်ရေးဖော်ဆောင်မှုလက်နက်နှင့်ဖြေရှင်းစရာမလိုဘဲ ဘုံရန်သူ တိုက်ထုတ်ပြီးမှ ညှိနှိုင်းပြောဆိုမှုရှိလာမည်ဟု ယူဆကြောင်း ချင်းညီနောင်ပြောကြား
-ဟန်နွေ/People’s Spring
ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစု နှင့် အပစ်ရပ်စဲနိုင်ရန်မှာ ချင်းပြည်ကောင်စီဘက်က ဦးစွာ ထိုးစစ်ရပ်စဲပြီးမှ နည်းလမ်းအကောင်းဆုံးရှာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူတို့ကယမန်နေ့ (ဇွန် ၂၁ ရက်)ည သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ချင်းညီနောင်နှင့် ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့် မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုတို့သည် ဇွန်လ ၁၈ရက်မှစ၍ မတူပီဒေသ၌ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၇ရက်တွင် ချင်းပြည်ကောင်စီ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကို ချင်းညီနောင်ဘက်က ဖမ်းဆီးခဲ့ခြင်းကြောင့် ဇွန်လ ၁၈ရက်တွင် ချင်းပြည်ကောင်စီတပ်ပေါင်းစုက ချင်းညီနောင်ကို တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးများရှိခဲ့ပြီး ချင်းပြည်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ တစ်ဦးလည်း ဇွန် ၂၀ ရက်တွင် ကျဆုံးခဲ့ကြောင်းသိသည်။ချင်းညီနောင်ဘက်မှ တပ်ဖွဲ့ဝင်များလည်း တိုက်ပွဲစဖြစ်သော ဇွန် ၁၇ ရက်တွင်ပင် ကျဆုံးမှုများရှိကြောင်း ၊သို့သော်ကျဆုံးသတင်းများကိုပြောလျင် ပြည်သူများစိတ်ထိခိုက်ပြီး ချင်းပြည်သူများကြား စိတ်ခံစားမှုမြင့်တက်ပြီး အမုန်းပွားမည်စိုး၍ သတင်းများကိုထိန်းထားခြင်းဖြစ်ကြောင်းချင်းညီနောင်မှ တာဝန်ရှိသူများကပြောသည်။

Public Service Announcement
ချင်းညီနောင်ဘက်မှ ထိခိုက်လူနာများသွားပို့သည့်တပ်ဖွဲ့များကိုပါ ချင်းပြည်ကောင်စီဘက်က တိုက်ခိုက်မှုရှိကြောင်း ချင်းညီနောင်ဘက်ကဆိုသည်။
အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာရန် အခြေအနေများနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာ ချင်းညီနောင်တာဝန်ရှိသူက “ ကျနော်တို့ကတော့ အချင်းချင်း ဘယ်လောက်ပဲ ပစ်ပစ် သူရှုံးတယ် ကိုယ်နိုင်တယ်ဆိုတာ မရှိနိုင်ဘူး ဒီစစ်ပွဲက။ အရှုံးအနိုင်မရှိနိုင်တဲ့ စစ်ပွဲဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ မဟုတ်သည့် အချင်းချင်းအား တိုက်ရန်ဆန္ဒမရှိကြောင်း ချင်းညီနောင်တာဝန်ရှိသူက ကိုဘွယ်အုပ်ကလည်း ပြောသည်။
ချင်းညီနောင် စစ်ရေးတာဝန်ခံ CNC မင်းတပ်မှ ထန်းချွန်းဖေကလည်း “အခု ပစ်ခတ်မှု ရပ်ဖို့ဆိုတဲ့ကိစ္စ ပေါ့လေ။ ကျနော်တို့က ထိုးစစ်ဆင်နေတာ မဟုတ်ပါဘူး။ သူတို့ဘက်က ချင်းလဲန်းကောင်စီရဲ့ သဘောပါ။ အထူးသဖြင့် CNA ရဲ့ လက်အောက်ခံ တပ်တွေက ကျနော်တို့ကို အခုထိုးစစ်ဆင်နေတဲ့ တိုက်ခိုက်မှုတွေ အလိုလိုရပ်သွားတယ်ဆိုရင် ဒီတိုက်ပွဲက အလိုလိုရပ်သွားမှာပါ။ ကျနော်တို့ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာမရှိပါဘူး” ဟု ပြောသည်။
ဇွန်လ ၁၈ရက်မှ ၂၀ရက်နေ့အထိ သုံးရက်တာ တိုက်ပွဲအတွင်း ချင်းညီနောင်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမရှိသေးဘဲ ပြန်ခုခံခြင်းသာ ရှိသည်ဟု ၎င်းက ဆိုသည်။
“အပစ်အခတ်ရပ်ဖို့ဆိုရင် ရှင်းရှင်းကလေးပါပဲ။ သူတို့ ကျနော်တို့ကို မပစ်တော့ဘူးဆိုရင် အဲဒီ အပစ်က ရပ်ပြီးသား ဖြစ်ပါတယ်။ကျနော်တို့က သွားပြီးတော့ ပစ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အဓိက ရည်မှန်းချက်က စကစ စခန်းတွေ ကင်းစင်ရေးဖြစ်ပါတယ်။ ကျနော်တို့ ဆက်ပြီးတော့ လုပ်နေပါတယ်” ဟု ချင်းညီနောင် စစ်ရေးတာဝန်ခံက ပြောသည်။

အပစ်ရပ်စဲနိုင်ရေးအတွက် နည်းလမ်းများစွာ ရှိသော်လည်း နံပတ်တစ်အချက်မှာ ချင်းပြည်ကောင်စီ တပ်ပေါင်းစုဘက်က ထိုးစစ်ရပ်ရန်ဖြစ်သည်ဟုပြောသည်။
“တွေ့ဆုံညှိနှိုင်းပြီးစကားပြောဖို့ဆိုရင် လောလောဆယ် သူတို့ရှိနေရင်တောင် ကျနော်တို့ကို မပစ်ခတ်ဘဲနဲ့ ဒီအတိုင်းရှိပြီး စကားပြောတယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ကျနော်တို့ကို တချိန်လုံးနောက်ကနေ ပစ်ပြီးတော့ စကား ပြောမယ်ဆိုရင်တော့ တော်တော်အဆင်မပြေနိုင်မယ့် အနေအထားရှိပါတယ်။ တခြားနည်းလမ်းက များများစားစားတော့ရှိမယ်မထင်ပါဘူး။ အဓိကတော့ နံပတ်တစ် ကျနော်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ခိုက်မှုအားလုံးကို ရပ်ပေးပါ။ ဒါဆိုရင်တော့ ကျနော်တို့ နည်းလမ်းအကောင်းဆုံးရှာပြီး စကားပြောလို့ရပါတယ်” ဟု ချင်းညီနောင် စစ်ရေးတာဝန်ခံက ပြောသည်။
ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား ဆွေးနွေးမှု ဖြစ်လာစေရေးနှင့်ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ဇွန် ၁၉ ရက်က People’s Spring နှင့်အင်တာဗျူးတွင်ဖြေကြားရာ ချင်းညီနောင်နှင့် ဆွေးနွေးရန် ညှိနှိုင်းခဲ့ဖူးသော်လည်း ချင်းညီနောင်ဘက်က CNA တပ်များကို ၎င်းတို့နယ်မြေအတွင်းမှ ဦးစွာရုတ်သိမ်းပေးမှ ညှိနှိုင်းမည်ဟု အကြောင်းပြန်ကြားလာ၍ အခက်အခဲရှိသည်ဟု တိုက်ပွဲမဖြစ်ခင် အခြေအနေကို ပြောသည်။
“ညှိနှိုင်းမယ် လာကြပါလုပ်ပြီးတော့ သူတို့ကအကြောင်းပြချက် က ညှိနှိုင်းချင်တယ်ဆိုရင် ကျနော်တို့ ဒေသက တပ်တွေ ရုတ်သိမ်းပေးပါ အဲဒီလို လုပ်ပါဆိုတာမျိုးတွေဖြစ်လာတော့ ချင်းအမျိုးသားတပ်မတော်ဟာ ချင်းတမျိုးသားလုံးအတွက် ရပ်တည်ထားတဲ့ တပ်မတော် ဖြစ်တယ်။ ချင်းဒေသ ဘယ်နေရာမှာမဆို နေရမှာပဲ။ သူတို့ ဒေသအစွဲ မျိုးနွယ်စုအစွဲနဲ့ အဲဒီလိုမျိုး လုပ်နေလို့ ဒါကတော့ အဲဒီလို လုပ်နေလို့ကတော့ ဆွေးနွေးစရာ ညှိနှိုင်းစရာ ဝေးသွားမှာပေါ့” ဟုဆလိုင်းထက်နီက ပြောသည်။
ချင်းညီနောင်၏ သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများက ချင်းညီနောင်ဘက်က ထိုသို့ တပ်ရုတ်သိမ်းပေးမှ ဆွေးနွေးမည်ဆိုသည့် နည်းလမ်းအစား အခြားနည်းလမ်းဖြင့် ဆွေးနွေးရန် ရှိ ၊မရှိ မေးမြန်းရာ ယခုတိုက်ပွဲတွင် ချင်းတပ်ပေါင်းစုဘက်က ထိုးစစ်ရပ်ပါက နည်းလမ်းအကောင်းဆုံးရှာ လုပ်ဆောင်နိုင်သည်ဟု ချင်းညီနောင်တာဝန်ရှိသူတို့ ကပြောသည်။
သတင်းထောက်တစ်ဦးက ချင်းပြည်နယ် ပလက်၀မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် ရက္ခိုင့်တပ်တော်(AA)ကပလက်၀ ဒေသ၌ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေမှု အပေါ် ချင်းညီနောင်၏ သဘောထားကို မေးမြန်းခဲ့ရာ ချင်းညီနောင်က ၎င်းတို့၏ မူဝါဒမှ တော်လှန်ရေးလုပ်နေသူ အချင်းချင်းအကြား တိုင်းရင်းသားအချင်းချင်းအကြား တိုက်ခိုက်ပြီး အနိုင်ကျင့် ဗိုလ်ကျစိုးမိုးချင်သည့် စနစ်ကို လက်မခံဘဲ အိမ်နီးနားချင်းကောင်းကို လိုချင်ကြောင်း ၊ အိမ်နီးနားချင်းများ၊ မိတ်ဆွေများနှင့် လက်တွဲ သွားရန်ရှိကြောင်း ဖြေကြားသည်။
မိတ်ဆွေများက ကူညီပေးသည့်အပေါ် မိတ်ဆွေများကို ပြန်ကူညီ ပေးနိုင်သည့် အတိုင်းအတာ တစ်ခုဖြင့် ရပ်တည်နိုင်ရန် ကြိုးစားနေကြောင်း ချင်းညီနောင်က ပြောသည်။ AAသည် ချင်းညီနောင်၏ မဟာမိတ်ဖြစ်ပြီး ချင်းညီနောင်ကို အကူအညီပေးနေသည့် တပ်ဖွဲ့ဖြစ်သည်။
“တချို့ကိစ္စတွေက သေနတ်ဖောက်ပြီး ဖြေရှင်းရမယ့် ကိစ္စလို့ မမြင်ဘူး။ စောစောက ကျနော်တို့ ပြောကြသလိုပါပဲ ဘယ်သူမှ မရှုံးနိုင်ဘူး ဘယ်သူမှ မနိုင်နိုင်တဲ့ ပြဿနာ လက်နက်နဲ့ ဖြေရှင်းတဲ့ ပြဿနာ ပုံစံမျိုးတော့ ကျနော်တို့က မလိုလားပါဘူး။ ချင်းနဲ့ ရက္ခိုင်သည် ကမ္ဘာမြေကြီး တည်သရွေ့ အတူတကွ ရှင်တွဲနေထိုင်မယ့် လူမျိုးတွေဖြစ်ပါတယ်။ ဆိုတော့ အဲဒါကြောင့် ဘယ်သူ့အကျိုးစီးပွားမှ မထိခိုက်ဘဲနဲ့ ရေရှည် ချင်းပြည်သူလူထုနဲ့ ရက္ခိုင်ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းမှု နည်းလမ်းနဲ့ ဒီကိစ္စကို ဖြေရှင်းရမယ်လို့ ချင်းညီနောင်ကတော့ သဘောထားပါ။ အခုအချိန်မှာ ဘုံရန်သူကို တိုက်ခိုက်မယ် ချေမှုန်းမယ် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီဆိုရင် တွေ့ဆုံညှိနှိုင်း စကားပြောမှုတွေရှိလာမယ်လို့ ကျနော်တို့ဘက်က ယူဆပါတယ်” ဟု ချင်းညီနောင်တာဝန်ရှိသူက ပလက်၀ဒေသ၌ AA အုပ်ချုပ်ရေး ဖော်ဆောင်နေမှု အပေါ် ချင်းညီနောင် သဘောထားကို ပြောသည်။
ချင်းညီနောင်မှ ဆလိုင်းယောမန်ကလည်း “လက်နက်နဲ့ ဖြေရှင်းစရာမလိုတဲ့ဟာကို ကျနော်တို့ လက်နက်နဲ့ ဖြေရှင်းမှာ မဟုတ်ပါဘူး။ လက်နက်နဲ့ ဖြေရှင်းရမယ်ဆိုတာ လောလောဆယ် လုံး၀ တိုက်ထုတ်ရမယ့် စစ်ကောင်စီပဲရှိပါတယ်။ ကျန်တာကို စားပွဲဝိုင်းမှာ မဖြေရှင်းနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ပလက်၀ အရေး နှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။
ချင်းအမျိုးသားတပ်ဦး(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက AA အနေဖြင့် ချင်းပြည်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များအား လက်နက်ပေးပြီး ယခုကဲ့သို့ ချင်းပြည်နယ်အတွင်း စစ်ရေး၌ ပါဝင်နေခြင်းကြောင့် ချင်းအချင်းချင်းကြား ပြဿနာ ဖန်တီးနေသကဲ့သို့ ဖြစ်နေသည်ဟု ပြောထားသည်။
“အကောင်းဆုံးကတော့ AA အနေနဲ့ ရက္ခိုင်ပြည်နယ်မှာ လုပ်ချင်တဲ့စစ်ကောင်စီတပ်စခန်းတွေအများကြီးရှိပါတယ်။
အဲဒီမှာ သွားလုပ်ပါ။ ကျနော်တို့လည်း ဒီမှာလုပ်မယ်။ မလုပ်နိုင်စရာ အကြောင်းကို မရှိဘူး။ သူတို့လည်း ရက္ခိုင်ပြည်ကို ပြန်ပြီးတော့ ရက္ခိုင်မှာ စစ်ကောင်စီ တပ်စခန်းတွေ သိမ်းဖို့ အများကြီး ရှိပါသေးတယ်။ ဒီမှာ ပြဿနာတော့ မီးခွက်ထွန်းရှာတာမျိုး ဖြစ်နေတော့ အဲဒီလိုပဲ ပြန်ရုတ်ပေးရင်တော့ အသင့်တော်ဆုံးပါ” ဟု ဆလိုင်းထက်နီက ပြောထားသည်။
AA အနေဖြင့်လည်း ၎င်းတို့ ရက္ခိုင်ပြည်နယ်အတွင်း AA အဖွဲ့မှ အခြားလက်နက်ကိုင်တပ်များကို လက်မခံကြောင်း ပြောကြားထားသည်။ အကယ်၍ AA အနေဖြင့် ချင်းပြည်ဘက် စစ်ရေး၌ ပါဝင် လိုပါက ညှိနှိုင်းရန်လိုကြောင်း ဆလိုင်းထက်နီက ပြောသည်။
“ နွေဦးတော်လှန်ရေးမှာ အဲဒီလို တိုက်ပွဲ အတူတူ ဆင်နွှဲဖို့ကတော့ကျနော်တို့ကအမြဲတမ်း အဆင်သင့်ပေါ့။ ဒါပေမဲ့ အဲဒါကို နိုင်ငံရေးအရ အကျိုးအမြတ် ၊ ကိုယ်ကျိုးအတွက် အသုံးချပြီးတော့ လုပ်တာမျိုးကတော့ လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်” ဟု ဆလိုင်းထက်နီကဆိုသည်။
AA၏ မဟာမိတ် ဖြစ်သော ချင်းညီနောင်တပ်ဖွဲ့သည် ချင်းဒေသကာကွယ်ရေးတပ်များဖြစ်သော မရာ ကာကွယ်ရေးတပ်(MDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)၊ CDFမင်းတပ် ၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ(၁) တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
တစ်ဖက်တွင် CDF မတူပီ တပ်မဟာ(၂) အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်များနှင့် ချင်းအမျိုးသားတပ်မတော်(CNA) စသည့် ချင်းတော်လှန်ရေး အင်အားစု ၁၈ဖွဲ့သည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုဖြင့် စစ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။
ချင်းပြည်ကောင်စီ တပ်ပေါင်းစုအနေဖြင့် မေလ တတိယပတ်တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မေလ ၃၀ရက်တွင် မတူပီ ခရိုင်ရုံးကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ အဆိုပါ တပ်စခန်းများအပါအဝင် ချင်းပြည်နယ်ရှိ မြို့အချို့နှင့် တပ်စခန်းများ စုစုပေါင်း စစ်ကောင်စီ တပ်စခန်း ၂၀ ခန့်ကို ချင်းပြည်ကောင်စီ တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ထားသည်။
ချင်းညီနောင်အနေဖြင့်လည်း ချင်းပြည်နယ် မင်းတပ်မြို့နယ် ကျင်ဒွေးမြို့၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ စခန်း၂ခု၊ မတူပီမြို့ရှိ ခမရ (၃၀၄) တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
ခမရ(၃၀၄)ကို သိမ်းပိုက်ပြီးနောက် ခလရ(၁၄၀)နှင့် မတူပီ ဗျူဟာကို ဆက်လက်ထိုးစစ်ဆင်ရန် ဆောင်ရွက်စဥ် ချင်းပြည်ကောင်စီ တပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်ခဲ့ဟု ချင်းညီနောင်က အသိပေးသည်။
ချင်းပြည်ကောင်စီ တပ်ပေါင်းစုက လည်း အဆိုပါ ခလရ(၁၄၀) တပ်ရင်းနှင့် မတူပီဗျူဟာကို ချင်းပြည်ကောင်စီဘက်က တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ချင်းညီနောင်က ကြားဝင်ပြီး ရဲဘော်တစ်ဦးကို ဖမ်းဆီးခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။
ထို့ပြင် မတူပီမြို့သိမ်းတိုက်ပွဲမစခင်က ချင်းညီနောင်၌ ပါဝင်သည့် CDF မတူပီ တပ်မဟာ(၁)နှင့် ချင်းပြည်ကောင်စီတွင်ပါဝင်သည့် CDF မတူပီ တပ်မဟာ(၂)တို့ အကြား ညှိနှိုင်းထားရာတွင် မတူပီ ပလက်၀ ကြားရှိ ခမရ(၃၀၄)ကို ချင်းညီနောင်က တိုက်ခိုက်ရန်နှင့် ကျန်နေသည့် ခလရ(၁၄၀)နှင့် မတူပီ ဗျူဟာကိုချင်းပြည်ကောင်စီ တပ်ပေါင်းစုက တိုက်ခိုက်ရန် တာဝန်ခွဲထားပြီးဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောခဲ့သည်။
ချင်းညီနောင် သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးက “မေလ (၂၆)ရက်နေ့က တပ်မဟာ-၁ နှင့် ၂ တပ်မှူးအစည်းအဝေးမှာ စစ်ဆင်ရေး ခွဲလုပ်ဖို့၊ ဆုံးဖြတ်ချက်မှတ်တမ်းတွေ ဘာတစ်ခုမှ မရှိပါဘူး” ဟုပြောသည်။
ချင်းပြည်ကောင်စီဘက်ကပြောထားသကဲ့သို့ မတူပီရှိစစ်တပ်စခန်းများကိုတိုက်ရန် တာဝန်ခွဲထားခြင်းမရှိသလို ၊ဖမ်းဆီးထားသောယာဥ်မောင်းကိုလည်းကောင်းမွန်စွာထားပြီး ကျန်းမာဘေးကင်းစွာရှိနေကြောင်းလည်းအထက်ပါ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
မေလ ၂၆ရက်သည် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ နှစ်ဖွဲ့စလုံးက မတူပီရှိ စစ်ကောင်စီ တပ်များကို ထိုးစစ်ဆင်ခြင်းမပြုမီ ရက်ပိုင်းအလိုဖြစ်သည်။ ချင်းပြည်ကောင်စီကမတူပီ ခရိုင်ရုံးကို မေလ ၃၀ရက်တွင် သိမ်းယူခဲ့ပြီး ချင်းညီနောင်ကဇွန်လ ၉ ရက်တွင် ထိုးစစ်စတင်ကာ ဇွန် ၁၃ရက်တွင် မြို့ပေါ် စစ်ကောင်စီတပ်စခန်းအချို့နှင့် ဇွန်လ ၁၇ရက်တွင် ခမရ( ၃၀၄)ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
(ချင်းပြည်ကောင်စီတပ်ပေါင်းစုက ကျီခါးနှင့် တွန်းဇံမြို့သိမ်းတိုက်ပွဲ တိုက်ခိုက်ရန် သွားခဲ့စဥ် နှင့် ချင်းညီနောင် က မတူပီမြို့ရှိ ခမရ (၃၀၄ )သိမ်းပိုက်ခဲ့ရာသိမ်းဆည်းရရှိသော ဟောင်ဝပ်ဇာ နှင့်အတူတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Yaw Mang ၊ CDF Vakok)
