-သစ်ရွက်/People’s Spring
နိုင်ငံရေးနဲ့ပက်သက်တဲ့စကားတစ်ခုခုကိုပြောခါနီးတိုင်းသင်ဘေးဘီကိုလှည့်ကြည့်ဖူးပါလား။
‘ဟုတ်ပါတယ်’ ဆိုရင်တော့ သင်ဟာမြန်မာနိုင်ငံသားဖြစ်တာသေချာသွားပါပြီ။
ဘယ်တုန်းကမှ၊ဘယ်သူ့ကိုမှ ရာနှုန်းပြည့်ယုံကြည်လို့မရတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကျွန်တော်တို့ နေထိုင်ကြပါတယ်။ ကျေးဇူးရှင်တပ်မတော်ကြီးက ၂၀၂၁၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတစ်ဦးချင်းစီရဲ့ပါတ်ဝန်းကျင်မှာ သတင်းပေးလို့ခေါ်တဲ့ ‘ဒလန်’တွေက ဘယ်လောက်များနေပါသလဲ။

Public Service Announcement
မြန်မာ့စစ်ရေးနဲ့ထောက်လှမ်းရေးကိစ္စတွေနဲ့ပက်သက်ပြီး ဆောင်းပါးနဲ့ စာအုပ်တွေပြုစုရေးသားခဲ့တဲ့ အင်ဒရူးဆဲ့လ်သ် ကသုတေသနပြုထားပါတယ်။ ကြိုမှာထားချင်တာကတော့ သတင်းပေးတွေရဲ့ အရေအတွက်ဟာ သင်ထင်ထားတာထက်ပိုများနိုင်တယ်ဆိုတာပါပဲ။
‘မြန်မာ့စစ်ပွဲအတွင်းကစစ်ပွဲတစ်ပွဲ’ ဆိုတဲ့ဆောင်းပါးမှာ အန်ဒရူးဆဲ့လ်သ်ကဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံကိုတစ်ချိန်က အရှေ့ဂျာမဏီနဲ့နှိုင်းယှဉ်ပြပါတယ်။ အရှေ့ဂျာမဏီဟာ ၁၉၈၉ မတိုင်မှီအထိ ကွန်မြူနစ်အာဏာရှင်မှာရပ်တည်ခဲ့ရတာဖြစ်ပြီး Stasi လို့ခေါ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ကို ပြည်သူအားလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ကြရတာပါ။
၁၉၈၀ ခုနှစ်အစောပိုင်းက အရှေ့ဂျာမဏီမှာ လူဦးရေ ၁၆သန်းရှိတဲ့အထဲမှာ ထောက်လှမ်းရေးနဲ့ သူတို့ရဲ့သတင်းပေးတွေက ၂သိန်းလောက်ရှိတယ်လို့ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ လူဦးရေ၅၀ ဒါမှမဟုတ် ၆၀လောက်မှာ သတင်းပေးတစ်ဦးရှိတယ်ဆိုတဲ့သဘောပါ။
မြန်မာနိုင်ငံမှာတော့ ဒီထက်ရာခိုင်နှုန်းပိုများမယ်လို့ယူဆကြပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က လူ၁၀ဦးမှာတစ်ဦးဟာ သတင်းပေးလို့ အချို့ယူဆခဲ့ကြပါသတဲ့။ ဦးသန့်အရေးအခင်းတုန်းကတော့ ကျောင်းသားတွေရဲ့ ၂၀ရာခိုင်နှုန်းဟာသတင်းပေးတွေဖြစ်နိုင်တယ်လို့ အနောက်နိုင်ငံတွေက သံတမန်တွေတွက်ဆခဲ့ကြပါတယ်။ တချို့ကဆန္ဒအလျောက်လုပ်ကိုင်ခဲ့ကြပြီး တချို့ကတော့ အတင်းအကြပ်ဖိအားပေးမှုတွေကြောင့် လို့ဆိုကြပါတယ်။
၁၉၈၈ လူထုတော်လှန်ရေးကာလအပြီးမှာတော့ စစ်တပ်ဟာထောက်လှမ်းရေးကို သိသိသာသာပိုတိုးချဲ့လာခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ဩဇာကလည်းတပ်အတွင်းမှာတောင် အင်မတန်ကြီးထွားလာခဲ့ပါတယ်။
၂၀၀၁ ခုနှစ်ပါတ်ဝန်းကျင်တုန်းက ရပ်ကွက်ထဲကအိမ်၁၀လုံးမှာ တစ်အိမ်ဟာ သတင်းပေးဖြစ်မယ်လို့ မြန်မာ့ရေးရာစောင့်ကြည့်သူအချို့မှန်းဆခဲ့ကြပါတယ်။ အဲဒီတွက်ချက်မှုသာမှန်ကန်မယ်ဆိုရင် မြန်မာဟာ သတင်းပေးရာခိုင်နှုန်းဟာ စစ်အေးခေတ်က အရှေ့ဂျာမဏီထက်သာနေပြီဆိုတာပါပဲ။
၂၀၂၁ အာဏာသိမ်းအပြီးမှာတော့ဒီအရေအတွက်ဟာပိုများပြားလာတယ်လို့ စောင့်ကြည့်သူအများစုက ဆိုနေကြပါတယ်။ စစ်ကောင်စီက နည်းပညာအကူအညီတွေအသုံးချနေတယ်ဆိုပေမယ့် အဓိကကတော့ ထောက်လှမ်းရေးအတွက် လူသားအရင်းအမြစ်ကိုပဲမှီခိုနေရတာပါပဲ။
စစ်အာဏာသိမ်းမှုမတိုင်မှီကတည်းက အာရှဖောင်ဒေးရှင်းကပြုလုပ်ခဲ့တဲ့လူထုစစ်တမ်းတစ်ခုမှာ ဖြေကြားခဲ့တဲ့ပြည်သူတွေရဲ့ ၇၇ ရာခိုင်နှုန်းက ‘လူအများစုကိုယုံကြည်လို့ရလား’ဆိုတဲ့မေးခွန်းကို ‘ယုံကြည်လို့မရပါ’လို့ဖြေခဲ့ကြတာတွေ့ရပါတယ်။
စစ်အာဏာသိမ်းအပြီးမှာ လူအများစုဟာ ဘုံရန်သူကိုအတူရင်ဆိုင်သွားကြပေမယ့် လူ့အဖွဲ့အစည်းမှာတော့ မတူညီတဲ့အကျိုးစီးပွားတွေရှိနေကြတုန်းပါ။ ရပ်ကွက်တွေထဲမှာ၊ ရွာတွေထဲမှာ၊မြို့နယ်တွေထဲမှာ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုဟာပျောက်ဆုံးမှုဟာ အရှိတရား ဖြစ်နေပါတယ်။
ဒါဟာ လူမှုအသိုင်းအဝိုင်းကိုတည်ဆောက်မယ့် အုတ်မြစ်ဟာ မခိုင်မာတော့ဘူးဆိုတာကို ပြနေတာပါ။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် လူထုကလေးစားယုံကြည်တဲ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေ ရှိဖို့လိုပါတယ်။
နောက်တစ်ချက်အရေးကြီးတာကတော့ ဘယ်နေရာမှာပဲရောက်နေနေ ကိုယ်စကားပြောတဲ့အခါ ဆင်ဆင်ခြင်ခြင်ပြောဖို့ပါပဲ။ နံရံတွေမှာနားတွေရှိနိုင်တယ်မဟုတ်ပါလား။
ယခုဆောင်းပါးကိုရေးပြီးပုဒ်မချလိုက်တဲ့အချိန်မှာ အနောက်ကိုလှည့်ကြည့်မိပါတယ်၊ တစ်စုံတစ်ယောက်များ ကိုယ့်ကိုကြည့်နေခဲ့သလား။ ။
