Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ပြီးပါက ပြီးပြီဟုဆိုကာ အောင်ဇေယျစစ်ဆင်ရေးပါဝင်ခိုင်းခြင်းဖြစ်ဟု ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားပြော

ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ကဖမ်းမိပါက သတ်ဖြတ်သည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟုပြောသည်။

(ခမရ(၁၈)မှ တပ်သားချစ်ထွေး အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
(ခမရ(၁၈)မှ တပ်သားချစ်ထွေး အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)

“သူတို့(စစ်ကောင်စီအရာရှိများ)ကကျတော့ ဟိုးအနောက် ကျည်လွတ်မြေမှာနေပြီး ကျနော်တို့ ရဲဘော်တွေကျတော့ ရှေ့ဆုံးကနေတက်တိုက် တက်တိုက်လို့ ပြောတယ်” – စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့ကို ဦးတည်သည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတွင် ပါဝင်နေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်လွယ်ရေးလမ်းကြောင်း ဖွင့်ပြီးပါက ပြီးပြီဟု စစ်ကောင်စီအရာရှိများက ပြောဆိုကာ ရှေ့တက် တိုက်ပွဲဝင်ခိုင်းလျက်ရှိရာ အထိအခိုက် အကျအဆုံးများပြားလျက်ရှိကြောင်း စစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားအချို့က ပြောသည်။

အောင်ဇေယျ စစ်ဆင်ရေး မှ ဇူလိုင် ၅ရက် နေ့တွင် ထွက်ပြေးလွတ်မြောက်လာသည့် ခမရ(၁၈)မှ တပ်သားအချို့က ပြောဆိုသည့် ရုပ်သံမှတ်တမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က ယမန်နေ့နှင့် ယနေ့(ဇူလိုင် ၁၀ရက်) တွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

” စထွက်လာတုန်းက ဘာပြောလဲဆိုတော့ ရည်ရွယ်ချက်က လမ်းဖွင့်ဖို့ပဲ။ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေတဲ့အတွက် အဲဒီလမ်းကြောင်း ပြန်ဖွင့်ဖို့ တစ်ခုတည်းနဲ့လာတာ။ အဲဒီ လမ်းဖွင့်ပြီးရင် ပြီးပြီဆိုပြီး ကျနော်တို့ကို ပြောပြီး ခေါ်ချလာတာ”ဟု ခမရ(၁၈)မှ တပ်သားချစ်ထွေးက ပြောသည်။

ထို့ပြင် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ကဖမ်းမိပါက သတ်ဖြတ်သည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟုပြောသည်။

“သူတို့က ဘာပြောလဲဆိုရင် ဒီဂွင်မှာ မင်းတို့မနေချင်လို့ ပြေးလည်း မိသွားရင် မင်းတို့သေမှာပဲ။ တစ်နေရာမဟုတ် တစ်နေရာတော့ မိမှာပဲ ။ မင်းတို့ မိသွားရင် အသတ်ခံရမှာပဲလို့ အဲဒီလို ပြောတယ်”ဟု တပ်သားချစ်ထွေးကပြောသည်။

ထိုသို့ ခြိမ်းခြောက်မှု ရှိသော်လည်း လက်တွေ့တွင် KNLA ဘက်က လှိုက်လှဲစွာကြိုဆိုကာ နွေးနွေးထွေးထွေး ဆက်ဆံသည်ဟု ပြောပြသည်။ ထို့ပြင် တိုက်ပွဲအတွင်း ခမရ(၁၈)မှ ထိခိုက်ကျဆုံးများသည်ဟု ပြောသည်။

စစ်ဆင်ရေး စထွက်လာချိန်၌ အင်အား ၂၆၀ ဟု ပြထားကြောင်း၊ သို့သော် အဆိုပါ အရေအတွက်အတိုင်းအင်အားအပြည့်မပါကြောင်း၊ ကျဆုံး ၊ ဒဏ်ရာရသူအရေအတွက်မှာ တပ်ရင်း တစ်ရင်းစာ လူဦးရေ ၁၀၀ကျော်ရှိကြောင်း တပ်သားချစ်ထွေးက ပြောသည်။

“တကယ်လို့ အဲဒီမှာ မနေချင်ဘူး ထွက်ပြေးလာချင်တယ်ဆိုရင်တော့ ဒီမှာ ရှိတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့လာစေချင်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် အကုန်လုံးက ကိုယ့်အသက်တွေအလကား ပေးဆပ်ရဖို့ပဲရှိတယ် ။ဘာတန်ဖိုးမှလည်းမရှိဘူး ဘာမျှော်လင့်ချက်မှလည်း မရှိဘူး။ဒီလိုပဲ လုံးပါး ပါးဖို့ပဲရှိတယ်။” ဟု တပ်သားချစ်ထွေးက ပြောသည်။

စစ်ကောင်စီတပ်သည် အတော်ပျက်ပြားနေပြီး ရေရှည်ရပ်တည်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်အထိအခိုက်အကျဆုံးများ၊ တပ်မှ ထွက်ပြေးသူများ ယခုထက်ပိုများလာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

ထို့ပြင် ခမရ( ၁၈)မှ တပ်သား တစ်ဦးဖြစ်သူ တပ်သားချစ်မင်းသူ၏ ပြောကြားချက်ကိုလည်း ဖော်ပြသည်။ တပ်သားချစ်မင်းသူသည် အသက် (၁၆)နှစ်ကတည်းက တပ်သားစုဆောင်းမှု ခံရခြင်းဖြစ်ကြောင်း၊သင်တန်းကျောင်းရောက်မှ တပ်ထဲ သွင်းခံရသည်ကို သိရကြောင်း ပြောပြသည်။ သင်တန်းဆင်းပြီး ၁လ မပြည့်မီ စစ်ဆင်ရေး ထွက်ရကြောင်း၊ ရခိုင်၊ စစ်ကိုင်း၊ ကယား၊ ကရင် နယ်မြေများကို စစ်ဆင်ရေးထွက်ခဲ့ရပြီး အညာဒေသ စစ်ဆင်ရေး၌ ကျေးရွာ ၄၊ ၅ရွာမှ နေအိမ်များကို မီးရှို့မှု လုပ်ဆောင်ခဲ့ကြောင်း ပြောပြသည်။

တပ်ဖွဲ့ဝင်များကို အဓမ္မ ဖိအားပေးမှုများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

“သူတို့ကကျတော့ ဟိုးအနောက် ကျည်လွတ်မြေမှာနေပြီး ကျနော်တို့ ရဲဘော်တွေကျတော့ ရှေ့ဆုံးကနေတက်တိုက် တက်တိုက်လို့ ပြောတယ်။ သူတို့ အောင်ဇေယျ စစ်ကြောင်း မနေ့တနေ့က တိုက်သွားတဲ့ တိုက်ပွဲမှာတောင် ၆ယောက် ဒဏ်ရာရပြီး ၂ယောက်ပျောက်တယ်လို့ ပြောတယ်”ဟု တပ်သားချစ်မင်းသူက ပြောသည်။

ခမရ(၁၈) ထိခိုက်မှုအခြေအနေကို မေးမြန်းရာ အင်အား သုံးပုံ ၁ပုံခန့် ထိခိုက်ကျဆုံးရှိခဲ့သည်ဟု ပြောပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ကို စွန့်ခွာခြင်းက အကောင်းဆုံးဖြစ်သည်ဟု လည်း တိုက်တွန်းသည်။

KNLA အနေဖြင့် အောင်ဇေယျ စစ်ဆင်ရေးအား အစွမ်းကုန် ရိုက်ချိုးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် ဆန္ဒမပါဘဲ အောင်ဇေယျ စစ်ဆင်ရေးနှင့်အတူ ဒေါနတောင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့များ အနေဖြင့် KNLAထံ လာရောက်လက်နက်အပ်နှံခြင်း တစ်ခုတည်းကသာ အသက်ရှင်သန်ခွင့် ရစေမည်ဟုလည်း ထုတ်ပြန်ထားကာ ပူးပေါင်းလိုသူများကို ဖိတ်ခေါ်ထားသည်။

ပြီးခဲ့သည့် မေလကလည်း အောင်ဇေယျစစ်ကြောင်း​၏ တပ်မ(၅၅)မှ စစ်ကောင်စီတပ်သားနှစ်ဦး သေနတ် လေးလက်ယူဆောင်ကာ စက်ဘီးတစ်စီးဖြင့် အလင်းဝင်လာခဲ့သေးသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားအချို့မှာလည်း ဒေါနစစ်ကြောင်းထံ လာရောက်အလင်းဝင်မှု ၅ဦးထက်မနည်းရှိခဲ့သည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၉ ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ဇူလိုင် ၆ရက်က သုံးလပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းမှာ မော်လမြိုင်မှ မြဝတီမြို့ခရီးစဉ်အား နှစ်လပြည့်သည်အထိ မြဝတီမြို့သို့ မရောက်ရှိသေးဘဲ ဒေါနတောင်ပေါ်၌သာ ရပ်တန့်နေသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့တွင်လည်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ခဲ့သော်လည်း TNLA၏ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် လားရှိုးတိုက်ပွဲအခြေအနေ ဖော်ပြမထားပေ။

ဆောင်းပါး

နိုင်ငံတစ်ဝန်းစစ်​ရေးအကြီးအကျယ်ရှုံး​နိမ့်​နေချိန်မှာ စစ်​ကောင်စီက ဘာမှမဖြစ်ဘူး ​အေး​ဆေးပါဆိုတဲ့ ပုံရိပ်ကိုပြနိုင်ဖို့ အခုလိုပွဲ​တွေလုပ်​နေတာလို့ ​နေပြည်​တော်က သတင်းရင်းမြစ်တစ်ဦးကလည်း​ပြောပါတယ် ။

သတင်း

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့၌ စိုးရိမ်‌ရေမှတ်အထက် မြင့်တက်နေသည်။

သတင်း

TNLA၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည် ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ရက်စက်စွာပစ်သတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်သည်။