သံတွဲနှင့်အမ်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်လည်း တိုက်ပွဲအချို့ရှိ
တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀နှင့်အထက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများစွာဖမ်းမိဟု AA အသိပေး
အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အား သိမ်းပိုက်ရရှိပြီးနောက် မောင်တောမြို့အား ဇွန်လ ၂ရက်မှစ၍ထိုးစစ် ဆင်ခဲ့ရာတစ်ပတ်အတွင်း စစ်စခန်း ၆ခု သိမ်းပိုက်ရရှိခဲ့ဟု AAက ထုတ်ပြန်သည်။
ဇွန်လပထမပတ်အတွင်း မောင်တော၊ သံတွဲနှင့် အမ်းမြို့နယ်များအတွင်း တိုက်ပွဲများအဓိက ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တိုက်ခိုက်ရာ ဇွန်လ ၂ရက်တွင် တာဝါတိုင်စခန်း၊ ဇွန်လ ၃ရက်တွင် ကျောက်ပန္ဒူစခန်း၊ ဇွန်လ ၄ရက်တွင် ခွဆုံပြင်စခန်းနှင့် မြင်းလွှတ် စခန်း၊ ဇွန် ၆ရက်တွင် အင်းဒင်စခန်း (သို့မဟုတ်) နခခ (၆) စခန်း၊ ဇွန်လ ၇ရက်တွင် နခခ(၉) စခန်းတို့အား သိမ်းနိုင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်းလျက်ရှိပြီး စစ်ကောင်စီ၏ အခြားသော လက်ကျန်စခန်းများဖြစ်သော နခခ(၄)၊ မောရဝတီ ၊ အလယ်သံကျော် ၊ နားခေါင်းတိုစခန်းများအပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
” အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်”ဟုလည်း သတိပေးထားသည်။

စစ်ကောင်စီဘက်ကလည်း AAက ဘူးသီးတောင် မြို့ကို မသိမ်းမီကတည်းက မောင်တောမြို့သို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆို့ကာ အချို့တံတားများကို ဖျက်ဆီးထားသည်ဟု ဆိုသည်။လဘော်ဇားတံတား ၊ကံကျမြောက်ရွာတံတား ၊(၃)မိုင် တံတား၊ သံတံတားနှင့်ရွာသစ်ကေတံတားတို့အား စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ဟု အသိပေးသည်။
ထို့အပြင် မောင်တောမြို့နယ်အတွင်း အခြားနေရာအချို့၌လည်း တိုက်ပွဲရှိခဲ့ပြီး စစ်ကောင်စီက သာယာကုန်းရွာ ဝန်းကျင်မှ ရွာသား ၅ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားရာ ၁ဦးသာ လွတ်မြောက်လာသည်ဟု ဆိုသည်။
သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ရာ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် နေရာနှင့် ဂေါ့တ် တောင်တန်းအနီး ဇွန်လ ၂ရက်၊ ၃ရက်နေ့များ၌တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီဘက်က ပင်လယ်ပြင်မှ စစ်သင်္ဘော (၃)စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေခဲ့သော်လည်း အထိအခိုက် အကျအဆုံးများခဲ့ကြောင်း၊ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအား နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း AAက အသိပေးသည်။
တိုက်ပွဲအတွင်း ရန်သူအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် မိုင်အနည်းငယ်သာ ကွာဝေးသည်ဟု ဆိုသည်။
ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် AAက ကြိုးပမ်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။
ဇွန်လပထမပတ်ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသော သုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက် ၄၀၀အထက်ရှိကြောင်း AAက ထုတ်ပြန်သည်။
သေဆုံးသူများတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့ကြောင်၊ အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်ဟုလည်း အသိပေးထားသည်။
ထိုးစစ်အတွင်း AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးရှိခဲ့ကြောင်း အသိပေးခဲ့သော်လည်းအရေအတွက် ဖော်ပြမထားပေ။
မောင်တော၊ သံတွဲ၊ အမ်းမြို့နယ်တိုက်ပွဲများ အပြင် အခြားတစ်ဖက်တွင် စစ်ကောင်စီသင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် လက်နက်ကိုင်အဖွဲ့များနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်သည်။
ရခိုင်ဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရခိုင် -မူဆလင်လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက် ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်ဟုလည်း ဖော်ပြသည်။
ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။
