အောင်ဇေယျစစ်ကြောင်းနှစ်လကြာသည့်တိုင် ဒေါနတောင်ပေါ်တွင်ပိတ်မိနေ
ဇွန်လ ၃ရက်ကတိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ ရုပ်အလောင်း ၉လောင်းသိမ်းရ
ဒီးဒီ/People’s Spring
ကရင်ပြည်နယ် ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးစစ်ကြောင်းထိုးလာခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်သာ ရမ်းသမ်းပစ်ခတ်နေသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” ကြည့်ရတာ အပေါ်ကိုထိတွေ့မှုဖြစ်နေတယ်ဆိုပြီး အသံပေးလိမ်ပြီးတင်ပြနေတဲ့ သဘောရှိတယ်။ အောင်ဇေယျလို့သာ ခေါ်ခေါ်နေရတာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကို အားနာမိတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ် က ပြောသည်။
ယမန်နေ့( ဇွန်လ ၇ရက်)တွင် အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးစစ်ကြောင်းထိုးလာခြင်းမရှိဘဲ ရောက်ရှိတပ်စွဲထားသည့်နေရာမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement
ထို့အပြင် ဇွန်လ ၃ရက်ကဖြစ်ပွားသည့်တိုက်ပွဲနေရာအားရှင်းလင်းရာ အောင်ဇေယျစစ်ကြောင်း၏ ရုပ်အလောင်း ၉လောင်းတွေ့ရှိခဲ့သည်ဟု အဆိုပါ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ထို့အပြင် အသားဖြူဖြူဖြင့် ရုပ် အလောင်းတစ်လောင်းပါရှိ၍ အရာရှိဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

” မိမိအလောင်းတောင် မကောက်နိုင်ဘူးဆိုတော့ အခြေအနေကို တွက်ကြည့်ရင်သိနိုင်မှာပါ။ ရှေ့ဆက် ဒီထက်ပိုဆိုးတဲ့တုံ့ပြန်မှုနဲ့ အောင်ဇေယျက ရင်ဆိုင်ရအုံးမယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၃ရက်ညက ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော်ရှိ ဘုရားကုန်းဝန်းကျင်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောက်သော တော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းထံမှ RPG တစ်လက်နှင့် ကျည် ဘောက်များသိမ်းဆည်းရရှိခဲ့သည်။ ထို့နောက် နယ်မြေရှင်းလင်းရာ အောင်ဇေယျစစ်ကြောင်း၏ ရုပ်အလောင်း ၉လောင်းရရှိခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အင်းအားဖြည့်တင်းမှုများ မရှိတော့ဟုလည်း ၎င်းက ဆက်ပြောသည်။
ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ ဇွန်လ ၁ရက်ကလည်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက ရှေ့တိုးရန်ကြိုးပမ်းလာ၍ တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲမှာ နောက်တနေ့ ဇွန်လ ၂ရက် ညနေပိုင်းအထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ သေနတ်ခြောက်လက်နှင့် စစ်ကောင်စီရုပ်အလောင်းကိုးလောင်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းဆည်းရရှိသည်။
ထို့အပြင် ဇွန်လ ၁ရက်က တိုက်ပွဲအတွင်းကလည်း အောင်ဇေယျတပ်သားအလောင်းနှစ်လောင်းကျန်ခဲ့သည်။
မေလ ၃၀ရက်ကလည်း ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ရှေ့တိုးရန်ကြိုးပမ်းလာ၍ မိနစ် ၃၀ကြာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီက Y-12လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ ပစ်ကူပေးခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းမှာ တောနောရေတံခွန်အကျော် ဘုရားကုန်းအနီး၌ ရပ်တန့်နေဆဲဖြစ်သည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့သည်။ ၄ရက်ဖြင့် မြဝတီ အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းမှာ မော်လမြိုင်မှ မြဝတီမြို့ခရီးစဉ်အား နှစ်လပြည့်သည်အထိ မြဝတီမြို့သို့ မရောက်ရှိသေးဘဲ ဒေါနတောင်ပေါ်၌သာ ရပ်တန့်နေသည်။
အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သော ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။
(အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာကား ၊စစ်ယာဥ်များကိုတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းယူ ခဲ့စဥ်နှင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ၊သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာ)
