▪︎ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့မေးမြန်းခန်း
ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်တွေ ပူးပေါင်းပြီး ချင်းပြည်နယ် မြောက်ပိုင်း မြန်မာ-အိန္ဒိယ နယ်စပ်က တွန်းဇံမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ရာမှာ တစ်ပတ်လောက်အကြာမှာ မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တွန်းဇံရဲစခန်း၊ တွန်းဇံတပ်စခန်း တွေကို သိမ်းပိုက်တာ အပါအဝင် ရဟတ်ယာဉ်တွေနဲ့ စစ်ကူလာချတဲ့ စစ်ကောင်စီတပ်သားတွေကိုပါတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတာ အရှင်ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ တွန်းဇံမြို့သိမ်းတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို မေလ ၂၄ရက် ညပိုင်းမှာ ဆက်သွယ်ပြီး တွန်းဇံမြို့သိမ်းတိုက်ပွဲအကြောင်း၊ တွန်းဇံမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ အခြေအနေ၊ စစ်ရေး၊ နိုင်ငံရေး ရှေ့အလားအလား အခြေအနေတွေကို မေးမြန်းဖော်ပြလိုက်ပါတယ်။
ထားမြတ်/People’s Spring
မေး။တွန်းဇံမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအကျဉ်းကို ရှင်းပြပေးပါလား
ဖြေ။တွန်းဇံမြို့ကတော့ မနေ့က ညနေ တွန်းဇံမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး ကင်းစင်သွားပြီလို့ ကျနော်တို့ မြေပြင်အခြေအနေအရ သိရတာပေါ့။ အခုက မြို့ထဲမှာ ပြည်သူလူထုကို အန္တရာယ်ပေးနိုင်တဲ့ မိုင်းတွေ၊ တိုက်မိုင်းတွေ၊ ထောင်မိုင်းတွေ အဲဒါတွေရှိနေသေးလို့ အဲဒါ ရှင်းလင်းရေးကို လုပ်နေတာဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ကို အရှင်ဖမ်းဆီးတယ်။အဲဒီထဲက ၁၅ယောက်က ဒဏ်ရာရတာပေါ့။ ကျန်တဲ့လေယာဉ်(ရဟတ်ယာဉ်)ကနေ စစ်ကူ နောက်ဆုံးချပေးတဲ့ အင်အား ၃၀ ကတော့ အခု တီးတိန်ဘက်ကို ဆုတ်သွားတယ်။ ဒါပေမဲ့ တီးတိန်ကို ရောက်မရောက်မသေချာသေးဘူး။အဲဒါတွေ တောထဲမှာ ဆက်လက်ပြီး သူတို့ကို ချေမှုန်းဖို့ လုပ်နေပြီ။ အဲဒီထဲမှာမှ စစ်ကောင်စီဆီကနေ ကျနော်တို့ လက်နက် ၁၀၀ ကျော် သိမ်းဆည်းရမိတယ်။ ပြီးတော့ ကျည်ဆံတွေလည်း သိမ်းဆည်းရမိတာပေါ့။

Public Service Announcement
မေး။တွန်းဇံမြို့သိမ်းတိုက်ပွဲ မှာဘယ်လို အခက်အခဲရှိခဲ့လဲ။
ဖြေ။အဓိကကတော့ မြေပြင်တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ ဘက်က ပြင်ဆင်မှု အားကောင်းတဲ့အတွက် သိပ်ပြီး မခက်ခဲပါဘူး။ သူတို့က အခုက လေကြောင်း ပစ်ကူကတော့ သူတို့ တရစပ် လေး၊ငါးရက်လုံးလုံး ဆက်တိုက်လာနေတယ်။ ဗုံးကြဲတဲ့ ပုံစံကလည်း တခါကြဲတာကို အလုံး ၂၀ လောက် အတွဲလိုက် အတွဲလိုက် အဲဒီလိုမျိုး ချတာမျိုးဆိုတော့ အဲဒီ လေယာဉ်လာတဲ့အချိန် ကိုယ့်ရဲ့ လုံခြုံရေးယူရတာတွေ က ရှိနေတော့ အဲဒါတွေနဲ့ မြို့သိမ်းတိုက်ပွဲက နှောင့်နှေးသွားတာပေါ့နော်။ အဲဒါမှ မဟုတ်ရင်တော့ ကျနော်တို့ ဒီထက်စောပြီး ခပ်မြန်မြန်လေး သိမ်းဆည်းလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ နောက်ပြီးတော့ အဲဒီလိုမျိုး မြို့ထဲမှာသော်လည်းကောင်း၊ မြို့ပြင်မှာသော်လည်းကောင်း လူနေအိမ်ပါမရှောင်တရစပ် ရမ်းသန်းပြီးတော့ ကြဲနေတော့ အဲဒါတွေက ကျနော်တို့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်တာပေါ့။
မေး။မြို့သိမ်းတိုက်ပွဲမှာ ပြည်သူလူထု ထိခိုက်မှုနဲ့ စစ်ရှောင်ရတဲ့ အခြေအနေကို ရှင်းပြပေးပါလား။
ဖြေ။ပြည်သူလူထုကတော့ တိုက်ပွဲမဖြစ်ခင်နဲ့ ဖြစ်နေတဲ့အချိန် စခန်းကို ဦးတည်တဲ့အချိန် အကုန်လုံးနီးပါး စစ်ဘေးရှောင်ကြတော့ ထိခိုက်မှု မရှိဘူးတော့ ပြောရမှာပေါ့။ ဒါပေမဲ့ တမြို့လုံးနီးပါး စစ်ဘေးရှောင်ကြတဲ့ အနေအထားမှာ ရှိတယ်။
မေး။ဒါက ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရ (၂၀၂၄ ဖေဖော်ဝါရီ ၁ရက်တွင် ချင်းပြည်အစိုးရ ဖွဲ့စည်း)ဖွဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံး စစ်ဆင်ရေး ဖြစ်တော့ ပါဝင်တဲ့ တပ်တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ရှင်းပြပေးပါလား။
ဖြေ။ကျနော်တို့ ဒီစစ်ဆင်ရေးကတော့ ချင်းပြည်ကောင်စီ၊ ချင်းပြည် အစိုးရ ဆိုပြီး ဖွဲ့စည်းပြီးတော့ ပထမဆုံး အကြိမ် စစ်ဆင်ရေးကြီးတစ်ခုပေါ့။ ကျနော်တို့ CNF/CNA တစ်ခုတည်းမဟုတ်ဘဲနဲ့ ချင်းပြည်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ကျနော်တို့ ချင်းအမျိုးသားတပ်မတော် အပါအဝင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံး ၁၄ ဖွဲ့လောက် ရှိတယ် အဲဒါနဲ့ ကျနော်တို့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်တာ ဖြစ်တဲ့အတွက် စစ်ဆင်ရေးအပေါ်မှာ ကျနော်တို့ဘက်က စစ်ဆင်ရေးတွေ ဗျူဟာတွေ ပြင်ဆင်မှုတွေ ကျနော်တို့ အားကောင်းပြီးတော့ပြည်သူလူထုပါဝင်မှု တော်တော်အားကောင်းတဲ့ စစ်ဆင်ရေးလို့ ပြောလို့ရပါတယ်။
မေး။ တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရတဲ့ အဓိက အကြောင်းအရင်းကို ပြောပြလို့ရရင်ပြောပေးပါလား။
ဖြေ။စစ်ပွဲတိုင်းမှာ ကျနော်တို့က ဦးတည်ချက်နဲ့ ကျနော်တို့ မဟာဗျူဟာ နည်းဗျူဟာ ရှိတာပေါ့။ ဘာဖြစ်လို့ တွန်းဇံကို အဲဒီလို ဦးတည်သလဲဆိုရင် ဒီတွန်းဇံမြို့နယ်က စစ်ကောင်စီရဲ့ တရားဝင် အစိုးရ ဖြစ်ရေးအတွက် ရွေးကောက်ပွဲဆိုပြီးတော့ စိတ်အချရဆုံးနေရာ ဖြစ်တယ်။ ပြည်သူလူထု တချို့နဲ့ ဒေသ အခြေစိုက်တဲ့ နိုင်ငံရေးပါတီတွေလည်း စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲ မှာ ပါဝင်ဖို့ သူတို့ ပြင်ဆင်ထားတဲ့ အနေအထားတွေရှိတယ်။ အဲဒါက စစ်ကောင်စီ သက်ဆိုးရှည်စေတဲ့ လုပ်ရပ်လို့ ကျနော်တို့က မြင်တယ်။ နောက်ပြီး ဒုတိယ အနေနဲ့က အဲဒီမှာ ရှိတဲ့ သူတို့ မွေးထုတ်ပေးတဲ့ ZRO/ZRA(ဇိုမီးတပ်ဖွဲ့) ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲဒါတွေနဲ့ ပူးပေါင်းပြီး သူတို့ကို အသုံးချပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာတွေဟာ စစ်ရေးအရဆိုရင် အဲဒါက ကျနော်တို့ အနေနဲ့ ချင်းပြည်ရဲ့ လုံခြုံရေးကို ထိပါးတယ်လို့မြင်တယ်။ သုံးအချက်ကတော့ အဲဒီမြို့နယ်က တစ်ဖက် အိန္ဒိယ နိုင်ငံရဲ့ လူမျိုးစု လက်နက်ကိုင်တွေ ဝင်ထွက်သွားလာပြီးတော့ မှောင်ခိုလုပ်ငန်းတွေ ကြိုက်သလို လုပ်နေတဲ့ နယ်မြေဖြစ်တယ်။ အဲဒီအချက် တွေကို ကျနော်တို့ ထောက်ရှုပြီးတော့ တွန်းဇံ အခြေစိုက် စစ်ကောင်စီ ကင်းစင်ရေးအတွက် ကျနော်တို့ အဲဒါကို စစ်ဆင်ရေးကို ဖော်ဆောင်ရတာဖြစ်တယ်။
မေး။တွန်းဇံအပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်စခန်း ဘယ်နှစ်ခုရထားပါပြီလဲ။
ဖြေ။ကျနော်သိရသလောက် မြို့ရယ်၊ စစ်စခန်းငယ်တွေရယ် အားလုံး ၁၈ ခုလောက်ရှိတယ်။ ၁၈ခုဆိုတဲ့နေရာမှာ သူ့ဟာသူ ရုတ်သိမ်းသွားတဲ့ ဟာတွေလည်း အပါအဝင်ပေါ့။
မေး။တစ်ဖက်မှာလည်း CDF မာရာ(CNA နှင့် အတူ ပူးပေါင်းဆောင်ရွက်နေသည့် မာရာတပ်ဖွဲ့)နဲ့ MDF( ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး AAနှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် မာရာတပ်ဖွဲ့) တို့အကြား ပြဿနာလေးတွေရှိတာပေါ့။ ဒီအပေးမှာ ဘယ်လိုဖြေရှင်းသွားမလဲ။ ချင်းညီနောင်တွေနဲ့ ဘယ်လို ညှိနှိုင်းသွားမလဲ။
ဖြေ။ကျနော်တို့ ကတော့ အားလုံးက ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရမှာ အဲဒီလို တော်လှန်ရေးကို အားကောင်းကောင်းနဲ့ သွားဖို့ ကျနော်တို့ရဲ့ ဆန္ဒပေါ့။ သူတို့အတွက်လည်း တံခါးဖွင့်ပြီးတော့ပါဝင်ဖို့ဆိုတာ ကျနော်တို့ ဆန္ဒပေါ့။ တံခါးဖွင့်ထားတယ်။ ချင်းတောင်မှာကလည်း မျိုးနွယ်စု တစ်ခုတည်းမှာသော်လည်းကောင်း မျိုးနွယ်စု အချင်းချင်းကြားမှာ သော်လည်းကောင်း အဲဒီလိုမျိုး ပွတ်တိုက်မှုတွေက ရှိပါတယ်။ အဲဒါက အခု မာရာကိစ္စဆိုရင် ချင်းပြည်ကောင်စီမှာ ပါဝင်တဲ့ CDF မာရာရှိသလို မပါဝင်တဲ့ မာရာရှိတယ်။ အဲဒါတွေလည်း အခု ဒီနေ့ (မေလ ၂၄ရက်)မှာ သူတို့ ဘာသာရေးအသင်းအဖွဲ့ နဲ့ ဒေသခံလူကြီးတွေက ချိတ်ဆက်ပြီးတော့ ပူးပေါင်းပြီးတော့တစ်ခုတည်း၊တစ်ဖွဲ့တည်း နဲ့လာမယ့် အနေအထားမှာ ပဏာမအားဖြင့် တစ်ဖွဲ့တည်းနဲ့ ရပ်တည်ဖို့ ပူးပေါင်းဖို့ ဆိုတာ သူတို့မှာ သဘောတူညီမှု ရထားတယ်လို့ကျနော်တို့ သိရတယ်ပေါ့။
မေး။ပြဿနာ ပြေလည်ဖို့လမ်းစ တွေ့ပြီပေါ့နော်။
ဖြေ။ပူးပေါင်းဖို့ သဘောတူညီချက်ရထားပြီးပြီလို့ သိရတယ်။
မေး။ရှေ့ဆက် နိုင်ငံရေး စစ်ရေး ဘယ်လိုလုပ်သွားမလဲ။
ဖြေ။ကျနော်တို့ကတော့ တော်လှန်ရေးကာလမှာ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့က ရေးဆွဲထားပြီးပြီ။ အဲဒီအောက်မှာ မှချင်းလဲန်းကောင်စီ နဲ့ မဏ္ဍိုင်ကြီး သုံးရပ်နဲ့ အခုကကျနော်တို့အကောင်အထည်စဖော်နေပြီဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့က ရှေ့ဆက်သွားပြီးတော့ တစ်နိုင်ငံလုံး လုပ်တဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသား ညီအကိုတွေ၊ ပြီးတော့ NUG အစိုးရ (အမျိုးသားညီညွတ်ရေးအစိုးရ) အပါအဝင် အားကောင်းကောင်းနဲ့ လုပ်ဖို့တော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးစနစ် ကျနော်တို့ နိုင်ငံမှာ တည်ဆောက်သွားဖို့ကတော့ ကျနော်တို့က ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ အဲဒီလို ဖြစ်အောင်လည်း ဆက်လက်ပြီးတော့ ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။
မေး။လက်ရှိ စစ်ကောင်စီရဲ့ အခြေအနေကိုရော ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ စစ်ကောင်စီရဲ့ အနေအထားကတော့ အားလုံးသိတဲ့အတိုင်းပေါ့ မြေပြင်မှာ ကတော့ သူတို့ အင်အားက ချိနဲ့နေတယ်။ သူတို့မှာ မွေးထုတ်ပေးမယ့် တပ်အင်အား ဆိုလည်း သူတို့ တပ်မတော်ဆိုတဲ့ အင်အား သူတို့ချိနဲ့တာ အားလုံးအသိ။ အဲဒီမှာ သူတို့ကဒေသကာကွယ်ရေးတပ်ဖွဲ့တွေအတွင်း ဝင်ပြီးတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာ အဲဒီလိုလုပ်ရပ်တွေ ပြီးတော့ သူ့ရဲ့ ပျူစောထီးဆိုတဲ့ အမာခံ အင်အားတွေ အဲဒါတွေနဲ့ပဲ သူတို့က ပွဲထုတ်ပြီး လုပ်နေတာ တွေ့ရတယ်။ ဒါကတော့ တကယ့် စစ်တပ် မဟုတ်တဲ့အခါကျတော့ ရေရှည် ရပ်တည်နိုင် ဖို့တော့လွယ်မှာ မဟုတ်ဘူး။ အဲဒီအတွက် သူက လေကြောင်းရန်ကို ဖိပြီးလုပ်လာတယ်။ ကျနော်တို့ဘက်က အသုံးပြုနေတဲ့ ဒရုန်း တွေဘာတွေ ပိုပြီး သုံးလာတာရှိတယ်။ အဲဒီလိုမျိုးနဲ့ လေကြောင်းကို အဓိက ဦးတည်ပြီး စစ်ဆင်ရေးက ပိုပြီးတော့ ဖိပြီးတော့ လုပ်နေတာရှိတယ်။ လုပ်ဖို့လည်း အဲဒါပဲ ရှိတော့တာဆိုတော့ အဲဒီလိုပဲ ဖြစ်မှာပါ။ ရေရှည်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှု မရသေးသရွေ့တော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက အရှုံးဘက်ကို ဦးတည်နေတာပဲလို့ ကျနော်တို့က မြင်တယ်။ အဲဒါကြောင့် စစ်ကောင်စီက တနေ့ထက် တနေ့ အင်အား ယုတ်လျော့ပြီးတော့ အကျဘက်ကို ရောက်နေတယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။
မေး။နောက်ဆုံးမေးလိုတာက ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို ဘာတိုက်တွန်းလိုပါသလဲ။
ဖြေ။ ကျနော်တို့ချင်းတောင်မှာ ကျနော်တို့ဆန္ဒကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်ရေးက အဓိက။ အဲဒါတွေ ကင်းစင်ပြီးတော့ ကျနော်တို့ လိုချင်တဲ့ အရပ်ဘက် အုပ်ချုပ်မှုကို တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီအတွက် အဓိကကတော့ စစ်ကောင်စီကို မကြာခင်မှာပဲ ကျနော်တို့ မြို့ပေါ်မှာ ရှိတဲ့ အထိုင်ချစခန်း သူတို့ အင်အားအကောင်းဆုံးနေရာ လို့ ပြောလို့ရပါတယ်။ သူ့အတွက် နောက်ဆုံးကတော့ အဲဒီ ခံစစ်တွေပဲရှိတယ်။ အဲဒီအတွက် ကျနော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားဖို့ ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ ရပ်တည်ချက် ယုံကြည်ချက်တူညီတဲ့ တခြား ညီနောင်လက်နက်ကိုင်အဖွဲ့အစည်းတွေ တတိုင်းပြည်လုံး က အဲဒီလို ပူးပေါင်းပါဝင်ပြီးတော့ အချိတ်အဆက် ရှိရှိနဲ့ ကျနော်တို့ စစ်ရေးကို ဖော်ဆောင် ကြဖို့ကတော့ အဓိက ဖြစ်ပါတယ်။ သူ့နယ် ကိုယ့်နယ်ဆိုတာမျိုးမဟုတ်ဘဲ အားလုံး စစ်မျက်နှာများများ ဖွင့်ပြီးတော့ ဆက်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။ နောက်ဆုံးအဆုံးစွန်ကတော့ ကျနော်တို့ရဲ့ အားက ပြည်သူပဲဖြစ်ပါတယ်။ ပြည်သူက ဆက်လက်ပြီးတော့ ပံ့ပိုးပေးကြဖို့နဲ့ ချင်းပြည်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေတဲ့ ပြည်သူတွေအနေနဲ့ အချိန်မီ ကျနော်တို့နဲ့ ပူးပေါင်းပါဝင်လာပေးကြပါလို့ မေတ္တာရပ်ခံလိုတယ်။ ။
