နေ့သစ်/People’s Spring
စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများ၏ နာရေးများ မှာယခုရက်ပိုင်း နိုင်ငံတစ်ဝန်း အများအပြားကြုံနေသည်။

Public Service Announcement
အရပ်ထဲတွင် အုပ်ကြီးခေါ်သော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ကြီးစာရေးများ ၏ နာရေးသတင်းများ မတ်လ နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာတော့သည်။
အုပ်ကြီးများ ဘဝနိဂုံးချုပ်ချိန် အမြန်ရောက်စေသူမှာ အတိုချုပ်ပြောရလျင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပင်ဖြစ်၏။ အာဏာလုစစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကောက်ကာငင်ကာအတည်ပြုလိုက်သောစစ်မှု မထမ်းမနေရဥပဒေသည် နိုင်ငံတစ်ဝန်းအုပ်ကြီးများအသက်တိုစေမည့်သေဆေးဖြစ်နေမည်ကို မည်သူမျှကြိုသိခဲ့ပုံမပေါ်ခဲ့ ။ အုပ်ကြီးများလည်း မသိခဲ့ကြပါ။ ထိုကြောင့် စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေးကိုတက်ကြွစွာလုပ်ကိုင်းရင်း ရက်ပိုင်းအတွင်း ဆက်တိုက်အသတ်ခံနေရခြင်းဖြစ်သည်။
မတ်လ တတိယပါတ်မှစ၍ ယနေ (မတ် ၂၆ )အထိ့ နိုင်ငံတစ်ဝန်း အုပ်ကြီးများ၊ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ စစ်သားသစ်စုဆောင်းရန်လုပ်ကိုင်၍ အသတ်ခံရသူ ဆယ်ဂဏန်းပေါင်းများစွာရှိလာပြီဖြစ်သည်။
အမှန်တော့ ထိုဥပဒေသည် မင်းအောင်အတွက်လည်း End Game ဖြစ်သည်။စိုးဝင်းအတွက်လည်း End Game ဖြစ်သည်။အောင်လင်းဒွေး အတွက်လည်းအလားတူပင်။ ဇော်မင်းထွန်းအတွက်လည်း End Game ပင်။ နိုင်လျင်ရှင်မည်၊ ရှုံးလျင်သေမည် ။ ထိုအေခြအနေကို အာဏာလုစစ်အုပ်စုက သိသိဖြင့် ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့သောအလောင်းအစားပွဲကြီး ဖြစ်သည်။ သို့သော် လတ်တလောတွင်မူ ရှေ့မှ သေပေးနေရသူများမှာ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား၏ ခွေးသွားဘီးစိပ်များဖြစ်သောအုပ်ကြီးများဖြစ်နေတော့သည်။

Public Service Announcement
သို့သော်အဓမ္မစစ်သားသစ်စုဆောင်းမှုကြောင့် ရပ်ကွက်ထဲ ၊ရွာထဲမှ မဲပေါက်၍ ၊ခွဲတမ်းကြ၍ စသဖြင့် ရွေးချယ်ခံရသောအပြစ်မဲ့လူငယ်လေးအချို့ ၊ မိသားစုဝင်အချို့ပင် သေမိန့်ကျသကဲ့သို့ အားကိုးရာမဲ့ ဆောက်တည်ရာမရဖြစ်၍ ကိုယ်တိုင်အဆုံးစီရင်သောဖြစ်ရပ်ဆိုးအချို့လည်းရှိလာသည်။
စစ်မှုမထမ်းမနေရ ဥပဒေသည် နိုင်ငံတစ်ဝန်းစစ်ရှုံးနေသော အာဏာသိမ်းစစ်အုပ်စုအတွက် နောက်ဆုံးထုတ်သုံးလာသည့် ထောင်ချောက်ဖြစ်သလို ပြည်သူများ၊တော်လှန်ရေးအင်အားစုအတွက်လည်း အန္တရာယ်ကြီးလှပြီး အလေးအနက်တုံ့ပြန် တိုက်ခိုက်ဖျက်ဆီးပစ်ရမည့် မကောင်းဆိုးရွားလည်းဖြစ်၏ ။
နိုင်ငံတစ်ဝန်းမြို့ပေါင်း ၄၀ ကျော်လက်လွှတ်ဆုံးရှုံးခဲ့ပြီး ခုခံတော်လှန်တိုက်ပွဲများ အရပ်မျက်နှာအစုံ ပေါ်ပေါက်လာချိန်တွင် မင်းအောင်လှိုင် အုပ်စုက စစ်မှုထမ်းဥပဒေကိုသွေးရူးသွေးတန်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းစစ်မြေပြင်များတွင်သေဆုံးသူ ၊ဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊လက်နက်ချ အလင်းဝင်သူ ၊ အာဏာရူးများအတွက်အသေခံ စစ်မတိုက်လိုတော့သူ တဟုန်းထိုးများလာသည်။သို့သော် စစ်တပ်ထဲဝင်လိုသူ မရှိတော့ချိန်တွင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးကို သတ်ကွင်းထဲ ဆွဲသွင်းလိုက်သော လုပ်ရပ်ပင် ။
သေလမ်းပို့သောဥပဒေ ကို စစ်ကောင်စီက အသက်မသွင်းနိုင်လျင် စစ်အုပ်စု ရှုံးနိမ့်ပြုတ်ကျမှူ မြန်မည်ဖြစ်သလို ၊ အောင်မြင်အောင်အသက်သွင်းနိုင်လျင် လုယူထားသောအာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ရန် အခွင့်သာသွားမည့်အခြေအနေလည်းဖြစ်သည်။ထိုကြောင့် နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှဦးဆောင်နေသောတော်လှန်ရေးအင်အားစုများက စစ်အုပ်စုအကြံအစည် အထမမြောက်အောင်တားဆီးဖျက်ဆီးပစ်ရန် အရေးကြီးလှပါသည်။
▪︎တော်လှန်ရေးအဖွဲ့များသို့ မေတ္တာရပ်ခံချက်
တော်လှန်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့တိုင်းရင်းသားများအတွက် တန်းတူရေး ၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် မိမိတို့ပြည်သူများကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်၍ စစ်အုပ်စု ရှုံးပွဲဆက်ပြီး အသက်ငင်နေသော ယခုအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့များ အဆုံးသတ်တိုက်ပွဲဝင်ရန်အကောင်းဆုံးအချိန်ဖြစ်ပါသည်။ စစ်သားသားစုဆောင်းမှုကြောင့် ဒုက္ခရောက်နေသောပြည်သူများကိုလည်းကာကွယ်စောင့်ရှောက်ပေးရန်မှာ ယခုအချိန်သည် အလိုအပ်ဆုံး၊အရေးကြီးဆုံးဖြစ်နေသည်။ ယခုအချိန် မတော်လှန်မတိုက်ခိုက်ပါက စစ်အုပ်စုက စစ်သားသစ်များစုဆောင်းပြီး အားပြန်ရှိလာသည်နှင့် ဆုံးရှုံးထားသော နယ်မြေများပြန်ရရန် ထိုးစစ်ဆင်လာမည်ဖြစ်၍ စစ်မှုမထမ်းမနေရ ဥပဒေမှာ ရှမ်းမြောက်တွင် အောင်ပွဲရပြီး အပစ်ရပ်ထားသော MNDAA ၊ TNLA တို့ကဲ့သို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း သက်ဆိုင်ပါသည်။
အာဏာသိမ်းစစ်အုပ်စုက စစ်မှုမထမ်းမနေရဥပဒေဖြင့် အနိုင်အရှုံးကို လောင်းကြေးထပ်လိုက်ပြီဖြစ်၍ တော်လှန်ရေးအင်အားစုများကလည်း မိမိတို့၏ရည်မှန်းချက်အတိုင်း၊စစ်ရေး ဗျူဟာအတိုင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်သကဲ့သို့ သန်းနှင့် ချီသောလူငယ်များကို ဝိုင်းဝန်းကယ်တင်ပေးကြရန် မေတ္တာရပ်ခံလိုပါသည်။
၂၀၁၉ လူဦးရောစာရင်းများအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်မှာနိူင်ငံတွင် လူဦးရေ ၁၁ သန်းရှိသည်။ အာဏာလုအုပ်စုက ထိုလူငယ်များ၏အသက်ကို ယစ်ပူဇော်၍ အာဏာလက်မလွတ်ရအောင် ကြံစည်နေခြင်းဖြစ်သည်။ ထိုအဖြစ်ကိုသိ၍ ထောင်သောင်းချီသောလူငယ်များမှ တော်လှန်ရေးအဖွဲ့များထံပူးပေါင်း၍စစ်အုပ်စုကိုတော်လှန်သောလမ်းကိုရွေးသည်။ထောင်နှင့်ချီသောလူငယ်များမှာ ပြည်ပသို့ကျောင်းသွားတက်ရန် ကြိုးစားကြသည်။သောင်းနှင့်ချီသောလူငယ်များကပြည်ပသို့အလုပ်သွားလုပ်ကြသည်။သို့သော် ကျန်နေသေးသော သန်းပေါင်းများစွာရှိသည့် လူငယ်အများစုမှာမူ လမ်းပျောက်နေသည်။ ထိုကြောင့် လူငယ်များအားသတ်ကွင်းထဲဆွဲသွင်းသောစစ်အုပ်စု၏လုပ်ရပ်ကို တော်လှန်ရေးအဖွဲ့များက တားဆီး၍ စစ်ကောင်စီ၏ လေရှုပိုက်တန်းလန်းကို ဆွဲဖြုတ်ပေးကြရန် အလေးအနက်တောင်းဆို၊တိုက်တွန်းအပ်ပါသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုအချို့က စစ်ကောင်စီ၏ အုပ်ကြီးများကို စစ်သားမစုဆောင်းနိုင်ရန်တားဆီးနေကြသည်။သို့သော် ပြသာနာ၏ အဓိကအရင်းခံမှာ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုဖြစ်၍ ၎င်းတို့ကိုဖြုတ်ချပြီး ထိုက်တန်သောပြစ်ဒဏ်ပေးနိုင်မှသာ ပြည်သူများလိုလားသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးလမ်းပွင့်သွားမည်ဖြစ်သည်။
▪︎လူငယ်နှင့် ပြည်သူများသို့ အကြံပြုချက်
၃ နှစ်ကျော်အတွင်းစစ်အုပ်စုကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ယခုဥပဒေက စစ်ကောင်စီမှာ ၎င်းတို့ လုယူထားသောအာဏာ လက်မလွတ်ရရေး ဘယ်လိုမကောင်းမှုကိုမဆိုကျူးလွန်မည်ဆိုသည်ကို ပိုထင်ရှားစေခဲ့သည်။ထိုကြောင့် လူငယ်နှင့် မိဘပြည်သူမှာ စစ်ကောင်စီက တစ်လ ၅၀၀၀ သာခေါ်မည်ဆို၍ ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းသာ စစ်သားစုဆောင်းမည်ဆို၍ စစစ်ကောင်စီ ၏ အယုံသွင်းလိမ်လည်မှု ၏ သားကောင်းမဖြစ်ရလေအောင် ပြင်ဆင်ထားကြစေလိုပါသည်။
မင်းအောင်လှိုင် ဦးဆောင်သောစစ်ခေါင်းဆောင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် မျက်နှာပြောင်တိုက် ဖောက်ဖျက်ကျူးလွန်ခဲ့သူများဖြစ်၍ သူတို့ မဖောက်ဖျက်ဝံသောဥပဒေမရှိပါ။ စစ်သားသစ်အဖြစ်စုဆောင်းခံရနိုင်သောအခြေအနေမှ လွတ်မြောက်အောင် လုပ်နိုင်သောနည်းလမ်းများကို လူငယ်များရော ၊မိသားစုများပါ ကြိုတင်လေ့လာထားနိုင်ပါသည်။ အထူးရှောင်ရှားရန်မှာ စစ်အုပ်စုယန္တရားကိုငွေပေးရှောင်ရှားသောနည်းလမ်းဖြစ်ပါသည်။ သူရဲတစ္ဆေ ကိုအစာကြွေးသောနည်းလမ်းဖြစ်၍ အစာကုန်သည်နှင့် ဒုက္ခပေးမည်သာဖြစ်၏ ။စစ်အုပ်စုမှာ သူရဲတစ္ဆေထက်ပင်ပိုဆိုးရွားသောမကောင်းဆိုးရွားများဖြစ်သည်ကို မမေ့ပါနှင့်။
သမိုင်းတစ်လျှောက် နွေဦးတော်လှန်ရေးမှာ ပြည်သူများ၏ ခုခံတော်လှန်မှု အားအကောင်းဆုံးဖြစ်၍ ဒေသအများအပြားတွင်တော်လှန်ရေးအဖွဲ့များရှိနေ၍ ဆက်သွယ်ရလွယ်သော ၊ယုံကြည်သောအဖွဲ့များထံ သွားရောက်ပူးပေါင်းနိုင်ပါသည်။ ငွေကြေးအရင်းအနီးနှင့် အဆက်အသွယ်ရှိပါက ပြည်ပသို့ ကျောင်းတက်ရန် ၊အလုပ်လုပ်ရန် ထွက်ခွာနိုင်သည်။ပြည်တွင်း၌ပင် တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထိန်းချုပ်ထားသောလွတ်မြောက်နယ်မြေများစွာရှိ၍ သွားရောက်တိမ်းရှောင်ခိုလှုံနိုင်သည်။
ကချင် ၊ကရင် ၊ ကရင်နီ ၊ရှမ်းမြောက် ၊ ရခိုင် ၊ ချင်း ၊ စစ်ကိုင်း ၊မကွေး ၊တနသာ်ရီ ၊ပဲခူး စသောဒေသများတွင် တော်လှန်ရေးအင်အားစုများရှိနေပြီဖြစ် အခြားနည်းလမ်းရွေးချယ်စရာမရှိပဲ စစ်သားသစ်အဖြစ် အဓမ္မခေါ်ဆောင်လာလျှင် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
အရေးကြီးဆုံးမှာ စစ်ကောင်စီစစ်သားသစ်အဖြစ် နှစ်ပိုင်းလေးသာလုပ်ခြင်းဖြစ်ပြီးပြသာနာမရှိနိုင်ဟု အယူလွဲမည့် အန္တရာယ်ကိုရှောင်ရှားရန် အထူးအကြံပြုလိုသည်။ စစ်ကောင်စီက စစ်သားသစ်များကို ရှေ့တန်းမပို့ဟုလိမ်ခေါ်နေသော်လည်းရှေ့တွင် စစ်သားသစ်စုဆောင်းခံရသူများတိုက်ပွဲအပို့ခံရ၍သေဆုံးသူပင်မနည်းမနောရှိနေပြီဖြစ်သည်။ ထိုအချက်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တိုက်ပွဲတွင် ဒုက္ခသည်စခန်းများမှာစစ်သားသစ်အဖြစ်စုဆောင်းခံရပြီး လပိုင်းစစ်သင်တန်းပေး၍ စစ်တိုက်ခိုင်းရာမှ ရာနှင့်ချီသေသွားသော ရိုဟင်ဂျာလူငယ်များအဖြစ်ဆိုးက အခိုင်အမာ သာဓကဖြစ်၏ ။
နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ပညာ ကိုနှစ်ချီသင်ယူခဲ့ပြီ ခေတ်မီစစ်လက်နက်များစွာပိုင်ဆိုင်သည့် Standard Army ဟုအစဥ်တစိုက်ကြွေးကြော်ခဲ့သောစစ်သားများပင် နေ့စဥ် သေဆုံး၊ဒဏ်ရာရ ၊လက်နက်ချ ၊ထွက်ပြေးသူများလွန်း၍ လူငယ်များကိုပင် စစ်သားသစ်အဖြစ် နည်းမျိုးစုံဖြင့်ခြိမ်းခြောက်ခေါ်နေခြင်းဖြစ်သည်။ ထိုကြောင့် လူငယ်များလည်း လ အနည်းငယ် စစ်ပညာသင်ပြီးရှေ့တန်းစေလွှတ်ခံရ လျှင် သေဆုံးဒဏ်ရာရဖို့ကရာခိုင်နှုန်းပိုများ၍ဖြစ်သည်။
လူသတ် ၊မုဒိန်းကျင့် ၊ အိမ်မီးရှို့ ၊ ဓါးပြတိုက် လုယက် စသဖြင့် မကောင်းမှုမှန်သမျှ အကုန်ကျူးလွန်သော ကမ္ဘာတွင် အယုတ်ညံ့ဆုံး စစ်အုပ်စုတွင် စစ်သားသစ်ဝင်လုပ်လိုက်ပါက ကိုယ်တိုင်စစ်ရာဇဝတ်ဂိုဏ်းသားတစ်ဦး အဖြစ် တစ်သက်လုံးဖျောက်ဖျက်မရသည့် အမည်းစက်စွန်းထင်သွားမည်ဖြစ်သည်။ အမှန်တော့ ထိုအခြေအနေကို ပြည်သူအများစုက သိမြင်ပြီးဖြစ်သည်။
ထိုကြောင့်လူမသေလျင်ပင် ၊ဘဝသေမည့် မင်းအောင်လှိုင်တပ်တွင် စစ်သားသစ်မဖြစ်ရ အောင် လူငယ်များကရော ၊မိသားစု ၊ဆွေးမျိုးများကပါ ကြိုတင်ပြင်ဆင်ကြရန် လိုပါသည်။ မဖြစ်မနေ ခြိမ်းခြောက်ဖိအားပေးလာပါက လည်း လွတ်မြောက်ရေး အတွက် မိမိနှင့်အသင့်တော်ဆုံးနည်းလမ်းကို သတ္တိရှိရှိဖြင့် ရွေးချယ်လုပ်ကိုင်ကြရမည်ဖြစ်သည်။
ကိုယ်မိသားစုဝင် မပါပြီးရောဟု သဘောမထားဘဲ ကံဆိုးစွာစစ်သားသစ်အဖြစ်အဓ္ဓခေါ်ဆောင်ခံရသောလူငယ်များမိမိ ပတ်ဝန်းကျင်တွင်ရှိလာပါက မျက်နှာမလွဲဘဲ လွတ်မြောက်ရေး အတွက်တက်နိုင်သမျှ အချင်းချင်းဝိုင်းဝန်းကူညီစောင့်ရှောက် ပေးကြစေလိုပါသည်။
တော်လှန်ရေးအင်အားစုများ ၊သပိတ်အဖွဲ့များက စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြရာ ပါဝင်နိုင်သောလှုပ်ရှားများတွင် ပြည်သူများက ပါဝင်ကြရန်လည်းလိုသည်။ စစ်အုပ်စုမပြုတ်မချင်း ပြည်သူများကိုဒုက္ခပေးနေမည်သာဖြစ်၍ မိမိတို့သား၊မြေး လွတ်မြောက်ရန် အတွက် စစ်ကောင်စီပြုတ်ကျရေး အပြင်းအထန်ထိုးစစ်ဆင်နေသောတော်လှန်ရေးအဖွဲများကိုပြည်သူများက ဘေးကင်းသောနည်းလမ်းများဖြင့် ပံ့ပိုးကူညီပေးကြရန်မှာလည်း တိုက်တွန်းလိုပါသည်။
နောက်ဆုံး တခြားနည်းလမ်းမရှိတော့ဘဲ စစ်သားသစ်အဖြစ်စုဆောင်းခံလိုက်ရပါက မျှော်လင့်ချက်ကိုလက်မလွတ်ဘဲစစ်အုပ်စုပြုတ်ကျရေး ၊တော်လှန်ရေးကိုကူညီနိုင်သောနည်းလမ်းများကို တက်နိုင်သမျှ ပါဝင်ပြီး ပြည်သူကိုဒုက္ခမပေးဘဲအခွင့်ရသည်နှင့် လက်နက်ချရန် ၊တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းရန် တိုက်တွန်းလိုပါသည်။ ထိုကဲ့သို့နည်းလမ်းများကို အမြဲအကြံပြုနေသော CDM စစ်သား၊အလင်းဝင်သောစစ်သားများကိုကူညီပေးနေသော ပြည်သူ့ပန်းတိုင်
-People’s Goal
https://www.facebook.com/share/pwsKK95sPn9CjP8q/?mibextid=qi2Omg
၏အကြံပြုချက်များကို လေ့လာစေလိုပါသည်။
လူသားတိုင်းဘဝတွင်တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြီးမားသောဆုံးဖြတ်ချက်များ ချရလေ့ရှိကာ၊မြန်မာလူငယ်များအတွက် လူဆိုးလုပ်မလား လူကောင်းလုပ်မလားဆိုသည်ကို တစ်ဘဝလုံးအပေါ် သက်ရောက်မည့် ကြီးမားသောဆုံးဖြတ်ချက်များချမှတ်ရသောအချိန်မှာ ယနေ့ပင်ဖြစ်သည်။
▪︎အုပ်ကြီးနှင့်စစ်ကောင်စီယန္တရားများသို့တိုက်တွန်းချက်
အုပ်ကြီးများ အပါအဝင် စစ်အုပ်စုအတွက် သေပေးမည့်သူများလိုက်စုဆောင်းနေသော စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် စာရင်းကောက်ယူရေးအဖွဲ့ဝင် အနေဖြင့်လည်း တော်လှန်ရေးကို အနှောက်အယှက်ပေးပြီး ၊ပြည်သူမုန်းသောသူများမည်သို့ ပြစ်ဒဏ်များ ပေးခံရကြောင်း အမြန်အမြင်မှန်ရကြရန်လည်းတိုက်တွန်းလိုပါသည်။ အာဏာရူးသော လူတစ်သိုက်အတွက် နိုင်ငံ့အနာဂတ် လူငယ်များသေပေးရမည်မှာဖြစ်သင့်ပါရဲ့လားကို တွေးတော့၍ မိမိတို့လုပ်ရပ်များ အမြန်တည်မတ်စေလိုပါသည်။ထိုသို့တွေးခေါ်တည့်မတ်ရန် ဥာဏ်ပညာနှင့် စေတနာ မရှိပါကလည်း အရပ်မျက်နှာမျိုးစုံတွင်တော်လှန်ရေး သမားများရှိ၍ အသက်သေမည့်ဘေးကြောင့်မကောင်းသောလုပ်ရပ်များရပ်တန့်ကြရန်နှိုးဆော်လိုပါသည်။
ဒေသအချို့တွင် ယခုအခြေအနေများကြောင့် အမြင်မှန်ရပြီး အုပ်ကြီးများအဖြစ်မှ နှုတ်ထွက်သွားသူများလည်းရှိနေပြီဖြစ်သည်။ ကျန်နေသေးသော အုပ်ကြီးများအနေဖြင့်လည်း အလာတူနည်းကိုလုပ်နိုင်ပါသည်။ ပြည်သူများအပေါ်ဒုက္ခပေးနေခြင်းမှရှောင်းရှားပြီးဖြစ်ရန် ၊တော်လှန်ရေးအဖွဲ့နှင့်ပြည်သူများ၏ အပစ်ပေးမှုမခံရစေရန်အတွက် စစ်ကောင်စီ အမိန့်ကိုမနာခံဘဲ နှုတ်ထွက်ခြင်း၊ တိမ်းရှောင်ခြင်း၊ စစ်သားသစ်စုဆောင်းသောလုပ်ရပ်ကိုရပ်တန့်ခြင်းများပြုလုပ်ကြရန် တိုက်တွန်းလိုက်ရပါသည်။ ။
