▪︎ပြည်သူများ လေကြောင်းရန် နှင့်စစ်ရေးသတိပြုကြရန် ညီနောင်သုံးဖွဲ့အထူးသတိပေး
ဟန်နွေ ၊ဇော်ရမ်း /People’s Spring
ရက္ခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ ပြည်သူလူထုများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင့်တပ်တော်(AA) ၏ မဟာမိတ်များဖြစ်သည့် တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့် တပ်မတော် (MNDAA)တို့က သဘောထား ထုတ်ပြန်ကာ ယင်းလုပ်ရပ်များကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို သတိပေးလိုက်သည်။
မေလ ၂၉ရက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ အင်အား ၁၇၀ ကျော်စစ်ကြောင်းသည် ဗျိုင်းဇြူရွာ အား ဝိုင်းရံပိတ်ဆို့ပြီး ကျေးရွာလူထုများအား ဖမ်းဆီးချုပ်နှောင်ကာ ပြည်သူများအား အမျိုးမျိုး နှိပ်စက်ခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်း၊ ပြည်သူလူထု ၇၆ ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ ကျေးရွာလူထုပိုင် ရွှေငွေ ပစ္စည်းများကို လုယက်သိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ခြင်း စသည် ရာဇဝတ်မှုများ လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ဟု ဖော်ပြသည်။

ယင်းကဲ့သို့သော လုပ်ရပ်မားကို ရက္ခိုင်ပြည်သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနှံ့ နောက်ထပ် မလုပ်ရန် အမြန်ဆုံးချက်ချင်း ရပ်တန့်ရန် စစ်ကောင်စီအား သတိပေးလိုက်ကြောင်း TNLAနှင့် MNDAA က ထုတ်ပြန်သည်။ မလိုက်နာပါက မည်သို့ ဆောင်ရွက်မည်ဆိုသည့် အချက်ကို ဖော်ပြထားခြင်းမရှိပေ။

Public Service Announcement
TNLA၊MNDAAနှင့် AA ညီနောင်မဟာမိတ် ၃ဖွဲ့သည် ၂၀၂၃ နိုဝင်ဘာတွင် ၁၀၂၇ စစ်ဆင်ရေး အမည်ရှိ စစ်ဆင်ရေး ဆင်နွှဲပြီး ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ရာချီ သိမ်းပိုက်ကာ မြို့များအား ထိန်းချုပ်ထားသည်။ ၂၀၂၄ ဇန်နဝါရီတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေစပ်မှုဖြင့်ညီနောင် မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ ရှမ်းမြောက်ဒေသ အပစ်ရပ်စဲရေးကို ပြုလုပ်ထားသည်။
သို့သော်လည်း TNLA ရှိရာဒေသများအား စစ်ကောင်စီက လက်နက်ကြီး တိုက်ခိုက်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိ၍ စောင့်ကြည့်နေကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှ ယနေ့ကာလအထိ မြန်မာပြည်စစ်မြေပြင် တစ်နံတစ်လျားတွင် စစ်ကောင်စီသည် စစ်ရှုံးနေသည့်အပြင် ဘက်ပေါင်းစုံ၌လည်း ကြီးမားသည့်ဆုံးရှုံးမှုများကို ဆက်တိုက်ကြုံလာရသဖြင့် အပြစ်မဲ့ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပိုမိုတိုက်ခိုက်လာနေကြောင်းဖော်ပြထားသည်။ထိုကြောင့် နိုင်ငံတစ်ဝန်းမှ တိုင်းရင်းသားပြည်သူများအားလုံး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်း၊လက်နက်ကြီး ၊ဒရုန်းများဖြင့် ပစ်ခတ်ခြင်းရန်မှ ကင်းဝေးကြစေရန် လေကြောင်းရန်နှင့် စစ်ရေးသတိရှိကြရန်အထူးတိုက်တွန်းနှိုးဆော်ထားကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီမှ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအား လက်ရဲ ဇက်ရဲ မကျူးလွန်နိုင်ရန်အတွက် တော်လှန်ရေး အင်အားစုများ၊ လူထု အခြေပြု အဖွဲ့များ၊ သတင်းမီဒီယာများ၊မှ ကန့်ကွက်ရှုတ်ချခြင်း၊ ကျူးလွန်နေသည့် ဖြစ်ရပ် မှန်များကို ရယူတင်ပြခြင်းတို့ကို ဝိုင်းဝန်းပြုလုပ်ပေးရန်လည်း တောင်းဆိုထားသည်။
စစ်ကောင်စီ၏ ကျူးလွန်မှုများအား အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန် ၊ စစ်ကောင်စီ၏ မိုက်ရူးရဲဆန်သော လုပ်ရပ်များ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် လုပ်ရပ်များကို ထိရောက်စွာ အကာအကွယ်ပေးရန် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့အား အထူး မေတ္တာ ရပ်ခံ တောင်းဆိုကြောင်း TNLAနှင့် MNDAA တို့က သဘောထား ထုတ်ပြန်ခဲ့သည်။
ဗျိုင်းဖြူရွာ ဖြစ်ရပ်အပေါ် AAက ကြေညာချက် ထုတ်ပြန်ထားရာ ကျူးလွန်သူအားလုံးကို ပြင်းထန်စွာ လက်စားချေတုန့်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ရက္ခိုင်ဒေသအတွင်းသိမ်းပိုက်ရန် ကျန်နေသည့် မြို့ ၈မြို့မှ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေးထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း AA ၊TNLA၊ MNDAA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ပြီးနောက် မူဆယ်နှင့်လားရှိုးမြို့ကို ဆက်လက်သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်မှုဖြင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အရအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ယာယီအပစ်ခတ်ရပ်စဲထားကြသည်။သို့သော် AAသည် ရခိုင်ပြည်နယ်၌ ၂၀၂၃ နိုဝင်ဘာ ၁၃ မှစ၍ စစ်ကောင်စီအား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးရခိုင်ပြည်နယ်မှ မြို့နယ် ၉ မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်မှ ကျန်နေသေးသော မြို့နယ်များကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
တဖက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီသည် အပစ်ရပ်စာချုပ်အား မကြာခဏ ချိုးဖောက်နေကြောင်းကိုမူ မြောက်ပိုင်းသုံးဖွဲ့က မကြာခဏ ထုတ်ပြန် သတ်ပေးနေသည်။
