Connect with us
close

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

စစ်အာဏာရှင်လက်​အောက်မှာ အ​မေ့​လျော့ခံဖြစ်​နေတဲ့ သဘာဝပတ်ဝန်းကျင်

၂၀၀၈ မေလက လူတစ်သိန်းကျော် သေဆုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကို လူထုကအလူးအလဲခံနေရစဉ်မှာတောင် စစ်အာဏာရှင်ဟာ အခြေခံဥပဒေကို မရရအောင် အတည်ပြုခဲ့တဲ့ မှတ်တမ်းအထင်အရှားရှိပါတယ်။

(ရခိုင်ပြည်နယ် ၊စစ်တွေမြို့တွင် ၂၀၂၃ ​မေလ ၁၅ ရက်တွင်မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-U San Myat Shwe)
(ရခိုင်ပြည်နယ် ၊စစ်တွေမြို့တွင် ၂၀၂၃ ​မေလ ၁၅ ရက်တွင်မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-U San Myat Shwe)

ယောနသံ/People’s Spring

သဘာဝတရားကြီးက မြန်မာနိုင်ငံကို မေ့လျော့မနေပါဘူး။ ချော့တခါခြောက်တစ်လှည့်နဲ့ သတိပေးနေပါတယ်။ ချော့တခါက ညင်သာပေမဲ့ ခြောက်တလှည့်ကတော့ လူ့အသက်တွေနဲ့ အလဲအထပ်လုပ်ရပါတယ်။

မေးခွန်းတခု ရိုးရိုးလေး မေးလိုပါတယ်။ ဒီနေ့က ဘာနေ့ပါလဲ။

သာမန်အားဖြင့် ဗုဒ္ဓဟူးနေ့လေလို့ ဖြေမယ်ထင်ပါတယ်။ ဒီထက်တိကျအောင်ဆိုရင် ဇွန်လ ၅ရက်နေ့လို့ ဖြေပါလိမ့်မယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ NLD ပါတီတည်​ထောင်ခဲ့သူ​တွေထဲကတစ်ဦးဖြစ်တဲ့ ဘဘဦးတင်ဦးရဲ့ စျာပနအခမ်းအနားနေ့လို့ ဖြေကောင်းဖြေပါလိမ့်မယ်။ ဒါမှမဟုတ် စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူထားတာ ၁၂၂၁ ရက်မြောက်နေ့ပေါ့။

Public Service Announcement

Public Service Announcement

” ဘာနေ့ဖြစ်ဖြစ် ထုံးစံအတိုင်း စစ်တပ်က ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ် နေတယ်လေ” လို့ ဖြေသူကလည်းဖြေနိုင်တယ်။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ကိုမေးလိုက်ရင်တော့ ” ဒီနေ့ကကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” လို့ အတိအကျဖြေပါလိမ့်မယ်။

ဟုတ်ပါတယ်။ ပြဿနာမျိုးစုံနဲ့ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးကို ရသလောက်ပြန်ဆယ်ဖို့အတွက် တက်ကြွလှုပ်ရှားသူတွေ၊ တာဝန်သိအစိုးရတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့လှုံ့ဆော်ကြတဲ့ အထိမ်းအမှတ်နေ့ World Environment Dayပါ။

မူလကမှ စိုးရိမ်ရေမှတ်ရောက်နေတဲ့မြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတွေဟာစစ်အာဏာရှင်လက်အောက်မှာ ဘယ်လောက်ထိ ဆိုးရွားနေပြီလဲလို့ ဆန်းစစ်ကြရအောင်ပါ။

နေရာအများစုမှာတိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သိသာထင်ရှားတဲ့တက်ကြွလှုပ်ရှားမှုတွေ ဒီက‌နေ့ မတွေ့ရပါဘူး။ နေရာတချို့မှာလှုပ်ရှားမှုတွေရှိပေမယ့် ပြည်သူတွေ အကြမ်းဖက်တိုက်ခိုက်ခံရလို့သေဆုံးတဲ့သတင်းတွေပဲ လွှမ်းမိုးနေပါတယ်။

သဘာဝတရားကြီးကတော့ မြန်မာနိုင်ငံကို လုံးဝ မေ့လျော့မနေပါဘူး။ ရေခဲတောင်ဒေသလို့လူသိများတဲ့ကချင်ပြည်နယ်ပန်ဝါမြို့မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တခုမြေပြိုကျပြီး လူပေါင်း၂၀လောက် သေဆုံးတဲ့သတင်းက သွေးသံရဲရဲသတင်းတွေကြားကနေ ထိုးထွက်လာပါတယ်။ ပန်ဝါမြို့မှာ မနေ့က(ဇွန်လ၄ရက်) မနက်ကမြေပြိုခဲ့တာပါ။ ရုပ်သံမှတ်တမ်းတွေဟာ ဒီနေ့မှထွက်လာခဲ့ပြီး စိုးရိမ်ထိတ်လန့်ဖွယ်မြင်ကွင်းတွေကို တွေ့ရပါတယ်။ ဒီကနေ့ညအထိ ကြားသိရသလောက် သေဆုံးသူရုပ်အလောင်းငါးခုကိုသာ ပြန်တွေ့ထားပြီး ၁၅ဦးထက်မနည်းဟာ မြေအောက်ကိုရောက်သွားပြီလို့ ဒေသခံတချို့ကဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာမှ မြန်မာ့လူ့အဖွဲ့အစည်းကိုတံခါးလာခေါက်တဲ့ သတင်းဆိုးတစ်ခုပါပဲ။ လူ့အသက်တွေဟာ စက္ကန့်ပိုင်းမှာ စုန်းစုန်းမြုပ်သွားတာပါ။

စစ်အာဏာသိမ်းခံလိုက်ရပြီးတဲ့နောက် မြန်မာကိုပထမဆုံးမိတ်ဆက်ခဲ့တဲ့သဘာဝဘေးက မုန်တိုင်း မိုခါပါပဲ။ မိုခါမုန်တိုင်းဟာ ၂၀၂၃ မိုးဦးရာသီမှာ ရခိုင်ပြည်နယ်ကို အင်အားပြင်းအဆင့်နဲ့တိုက်ရိုက်ဝင်ခဲ့ပါတယ်။ စစ်တွေတမြို့လုံးရဲ့ ၉၀ ရာခိုင်နှုန်းကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ရခိုင်၊ချင်း၊ စစ်ကိုင်း၊ မကွေးတိုင်း တွေအထိ မုန်တိုင်းဒဏ်သက်ရောက်ခဲ့ပါတယ်။မြင်သာနဲ့ကြိုတင်ကာကွယ်မှုတွေ မတွေ့ခဲ့ရပါဘူး။ ​ဒေသခံပြည်သူ ရာနဲ့ချီ​သေဆုံးတာ​လောက်ပဲသိရပြီး အာဏာသိမ်းစစ်အုပ်စုက သတင်း​တွေဖုံးထားတာ​ကြောင့် လူသေဆုံးထိခိုက်မှုနဲ့ ပျက်စီးမှုစာရင်း အတည်မပြုနိုင်ခဲ့ပါဘူး။

ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ ဝင်လာတဲ့မုန်တိုင်းကြား ပြည်သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီရဲ့ တစ်ယောက်တစ်မျိုးစီ ညွှန်ကြားချက်တွေကြား မျက်စိလည်ခဲ့ရပါတယ်။

မိုခါအလွန် နောက်ပိုင်းကာလတွေမှာလည်း ဖားကန့်မှာ မိုးကြီးပြီးမြေပြိုတာတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်စံချိန်တင်မြင့်တက်ခဲ့တာ​ကြောင့် အပူရှပ်ပြီး ပြည်သူ​တွေ​သေဆုံးခဲ့တာတွေ စတဲ့ အစွန်းရောက်ရာသီဥတုအခြေအနေတွေကို ကြုံခဲ့ရပါတယ်။

ပြီးခဲ့တဲ့မေလထဲမှာဖြစ်ပွားခဲ့တဲ့ Remal မုန်တိုင်းကတော့ ကံကောင်းထောက်မစွာနဲ့ မြန်မာနိုင်ငံကို ရှောင်ကွင်းသွားခဲ့ပါတယ်။ သူတိုက်ရိုက်ဝင်သွားခဲ့တဲ့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ လူသေဆုံးမှုတွေနဲ့အတူ အပျက်အစီးအလွန်များခဲ့တယ်။ မြန်မာကိုဝင်လာခဲ့ရင်လည်း လည်စင်းခံရမယ့်အနေအထားပါ။ မုန်တိုင်းဒဏ်ကြိုတင်ကာကွယ်ရေးအစီအမံတွေ မြေပြင်မှာမတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သဘာဝကသက်ညှာခဲ့တာမို့ Remal ရဲ့ အသံထွက် flowအတိုင်း ဟင်ဟက်ပက်ပက် မရယ်(ရီ) နိုင်ခဲ့ပေမယ့် မိုခါလို၊ ပန်ဝါလိုတော့ မငိုခဲ့ရပါဘူး။

စစ်တပ်ကအာဏာမသိမ်းခင်နေ့ရက်တွေကိုပြန်သွားကြရအောင်။ ၂၀၁၉ခုနှစ်မှာ NLD အစိုးရက ” မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ” ကို ရေးဆွဲခဲ့ပါတယ်။

ပျက်စီးယိုယွင်းနေတဲ့သဘာဝပတ်ဝန်းကျင်ကိုပြည်သူလူထုနဲ့အတူ ပြန်လည်ပြုပြင်နိုင်ဖို့ ရေရှည်စီမံကိန်းနဲ့ ကြိုးစားသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီမူဝါဒရဲ့ဥ‌ယျောဇင်မှာ ပြောကြားထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တော့ ” မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ”လည်းအစအပျောက်သွားပါတော့တယ်။

၂၀၀၈ မေလက လူတစ်သိန်းကျော် သေဆုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကို လူထုကအလူးအလဲခံနေရစဉ်မှာတောင် စစ်အာဏာရှင်ဟာ အခြေခံဥပဒေကို မရရအောင် အတည်ပြုခဲ့တဲ့ မှတ်တမ်းအထင်အရှားရှိပါတယ်။

စစ်အာဏာရှင်ဆိုတဲ့ အမျိုးဟာ သူတို့အာဏာတည်မြဲဖို့ကလွဲလို့ ကျန်တဲ့အရေးကို စိတ်ဝင်စားမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးဦးစိုးသူရထွန်းက မှတ်ချက်ပြုပါတယ်။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအဆိုးဝါးဆုံးနဲ့ရာသီဥတုဖောက်ပြန်မှုအဆိုးရွားဆုံးထိပ်တန်းနိုင်ငံတွေထဲမှာ အမြဲတမ်းပွကြီးဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေ စိုးရိမ်ဖွယ်ကောင်းအောင်မှေးမှိန်နေတယ်လို့ ဆိုပါတယ်။

အနောက်သိုးဆောင်းဘာသာစကားမှာ ဆိုးရိုးစကား တစ်ရပ်ရှိပါတယ်။ “You may hate me. You may love me. But, you may never ignore me” ကျွန်တော့ကို ခင်ဗျား ချစ်ချင်လည်းချစ်မယ်။ မချစ်ချင်လည်း မချစ်ဘဲရှိနေမယ်။ ဒါပေမဲ့ ပြစ်ပယ်လို့တော့ မရပါဘူးတဲ့။ အဲဒီလို မပတ်သက်လို့မဖြစ်တဲ့၊လျစ်လျူရှုလို့ကိုမရတဲ့ အရာတွေထဲမှာ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းဟာ ထိပ်ဆုံးက ရှိနေတယ်လို့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသွားခဲ့ပါတယ်။

ဒီနှစ်ပိုင်းတွေမှာတော့ စစ်ကောင်စီဟာ မကြာခင် ပြိုလဲသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေနဲ့အကဲခတ်သူတွေက လူထုနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကနေ လောင်းကြေးထပ်လာကြပါတယ်။ မြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုကို အဖတ်ဆယ်ဖို့က စစ်အာဏာရှင်လက်အောက်မှာ ရှိနေသ၍ မျှော်လင့်လို့မရပါဘူး။ ဒါအချက်ကို အကြွင်းမဲ့ ယုံကြည်လာအောင် စစ်ကောင်စီဟာ သူ့ရဲ့ဘီလူးအစွယ်ကို ပါးဖြဲနားဖြဲ မကြာခဏပြသခဲ့ပြီးဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘိုင်ဒန်က သူဟာ ပူတင်အကြောင်းကို နှစ်ပေါင်း ၄၀ လောက် သိထားခဲ့ကြောင်း၊ အဲဒီ နှစ် ၄၀ လုံးလုံး သူနဲ့ပတ်သက်သမျှ စိတ်အေးစရာ မရှိခဲ့ကြောင်း ဆိုပါတယ်။

သတင်း

CNFနှင့်ပူးပေါင်းတပ်များသည် မေလ ၁ရက်နှင့် ၃ရက်အတွင်း တီးတိန်မြို့နယ်အတွင်း၌ ZRAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ZRA စခန်း ၂ခုကို CNF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ လူသိများ ထင်ရှားလှတဲ့ အင်းလေး ကန်ကြီးထဲမှာ တငြိမ့်ငြိမ့် လှုပ်ခတ်နေတဲ့ စက်တပ် သမ္ဗန်ပေါ်ကနေ ကိုညွန့်ဝင်းတစ်ယောက် ရေပေါ် ခရမ်းချဉ်သီး စိုက်ခင်းကို ဂရုတစိုက် ပျိုးထောင်ပေးနေပါတယ်။ ယူနက်စကို အဖွဲ့ကြီးက သဘာဝ အမွေအနှစ် နယ်မြေတစ်ခုအဖြစ် အသိအမှတ် ပြုထားရာ ရေကန်ကြီးထဲမှာ အဲဒီလို...