CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်နဲ့ မေးမြန်းချက်
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂)ရှိ ၀မ္မသူး ဆေးရုံကို စစ်ကောင်စီက ဧပြီ ၂၅ ရက်နေ့ညပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ လူနာများစွာ ထိခိုက်မှု ရှိခဲ့ပြီး အနည်းဆုံး ၄ဦး အသက်ဆုံးရှုံးခဲ့ရသည်။ အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။
ဟန်နွေ/People’s Spring
မေး-ဆေးရုံကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လာတဲ့ အခြေအနေကို ရှင်းပြပေးပါလား။
ဖြေ-ပထမ က မနေ့က ၄နာရီ ၄၀လောက်မှာ ဂျက်ဖိုက်တာ နှစ်ကြိမ်ကြဲတယ်။ နောက်ပြီး Y12 အမျိုးအစားလေယာဉ်ပေါ့ အဲဒီအမျိုးအစားနဲ့ တစ်ခါကြဲရင် ၁၀လုံးကျော်ကြဲတယ်။ ၅ကြိမ် လာကြဲတယ်။ အဲဒါက ၀မ္မသူးနေရာတော့ မဟုတ်ဘူး။ တိုက်နယ် ၂တစ်နေရာပေါ့။ ည ၈နာရီလောက်မှာ ၀မ္မသူးဆေးရုံကို ဂျက်ဖိုက်တာနဲ့ လာကြဲတယ်။ လာကြဲတာ လူနာ ၄ဦးဆုံးတယ်။ ၁၅ဦးကျော် ဒဏ်ရာရတယ်။ ဆိုတော့ ၀မ္မသူးဆေးရုံဆိုတာ မင်းတပ်မြို့နယ်မှာ ရှိတယ်ဆိုပေမယ့် မင်းတပ် တစ်ခုတည်း ဆေးကုသမှု ပေးနေတဲ့ အနေအထားမဟုတ်ဘူး ချင်းပြည်နယ် ပလက်၀လည်းလာတယ်။ ကန်ပက်လက်လည်း လာတယ်။ မတူပီလည်းလာတယ်။ ချင်းပြည်နယ်မှာ ဒီဟာတွေလာပြီး ဆေးလာကုကြတယ်။ ယောနယ် တခွင်၊ ဆိပ်ဖြူနယ်အထိ၊ တခါတလေ မြိုင်ဘက်နယ်ကရော စစ်ကိုင်းနယ်ဘက်ကအထိ ဆေးကုသမှု ဝန်ဆောင်မှု ပေးနေတဲ့နေရာ။ စကစ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေ ခြေထောက်ပြတ်တယ် လက်ပြတ်တယ် ဒဏ်ရာအမျိုးမျိုးတွေကို ကျနော်တို့ တောက်လျှောက်ကုသပေးနေတဲ့နေရာ။ မင်းတပ်မြို့နယ်တင်မဟုတ်ဘူးအားလုံးနေရာစုံ။ ဒီပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့နေရာဖြစ်တယ်။ အဲဒီမှာ ပအဖရဲ့ ကျန်းမာရေးဌာနတစ်ခုအောက်မှာ CDM ဆရာဝန်တွေက ကုသပေးနေတယ်ဆိုတော့ ကျနော်တို့အတွက် ဆုံးရှုံးမှုတင်မဟုတ်ဘူး ပြည်သူတွေအတွက် ဆုံးရှုံးမှုကြီးလို့ ပြောလို့ရတယ်။

Public Service Announcement
မေး-ဒီတိုက်ခိုက်မှုက ဆေးရုံမှန်းသိလျက် တိုက်ခိုက်တာလို့ မြင်ပါသလား။
ဖြေ- ဟုတ်တာပေါ့။ ဒါက စစ်ပွဲဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့ တပ်စခန်းမဟုတ်ဘူး။ ဒါက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ပြည်သူတွေနဲ့ ဆိုင်တဲ့အရာ။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နေရာကြီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ။ ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တာ။ ဒါ လူမဆန်တဲ့လုပ်ရပ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာ။ ဒီလိုပဲ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းတွေ စာသင်ကျောင်းဆောင်တွေကို ဒါမျိုးလုပ်နေတာကြာပြီ။ ဒါတွေကို ကမ္ဘာက သိအောင် ဒီလို လုပ်ရပ်တွေလုပ်နေတယ်ဆိုတာကို ဒီစစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စကစ စစ်တပ်ကို နိုင်ငံတကာကလည်း သိဖို့လိုမယ်။ ဒါက ကျနော်တို့တင်ခံစားနေရတာ မဟုတ်ဘူး။ ဒါက တစ်နိုင်ငံလုံး။ အခုနေရာက စစ်ပွဲဖြစ်လို့ တစ်ဖက်နဲ့ တစ်ဖက်နဲ့တိုက်ခိုက်လို့ဆို ဒါစစ်ရဲ့သဘောအရ ကျနော်တို့ လက်မခံချင်လည်း လက်ခံရမယ်။ ဒီလောက် ပြည်သူတွေကို ကုသမှု ပေးနေတဲ့နေရာ တိုက်ပွဲဘာမှ မဖြစ်တဲ့နေရာကို လာဗုံးကြဲသွားတယ်ဆိုတာ ဒါက လုံး၀ကို စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ပြောလို့ရတယ်။ စောစောကလည်း ဂျက်ဖိုက်တာနဲ့ ၂ခါလာပြန်ကြဲတယ်။ မနေ့က ၄ နာရီလောက်က ကြဲတဲ့နေရာပဲ။ Y12 အမျိုးအစားကလည်း ဗုံးအလုံး ၅၉ လုံးထပ်ပြီး လာကြဲတယ်။အဲဒီနေရာတွေမှာလည်း တောမီးတွေ တောက်လျှောက်လောင်နေပြီး တော်တော်ကြီးကို ဆုံးရှုံးမှုတွေကြီးနေတယ်။

မေး- ဆေးရုံတိုက်ခိုက်ခံရမှု အတွင်း သေဆုံးထိခိုက် အခြေအနေ ရှင်းပြပေးပါလား။
ဖြေ -သေဆုံးတာက ဆေးကုသမှု ခံယူနေတဲ့ လူနာ ၄ဦးသေဆုံးတယ်။ ၁၅ဦး ကျော် ဒဏ်ရာရတယ်။ အခုလည်း အဲဒီ ဒဏ်ရာတွေကို ကျန်းမာရေးဌာနကနေ Save ဖြစ်တဲ့နေရာတွေမှာ ကျန်းမာရေး ဝန်ဆောင်မှုတွေ ဒီဒဏ်ရာတွေကို ကုသပေးနေတယ်။
မေး-စကစက ဒီနှစ်ထဲမှာ မင်းတပ်ကို လေကြောင်း တိုက်ခိုက်မှု တောက်လျှောက်လုပ်လာတဲ့အပေါ် ဘယ်လိုသုံးသပ်လဲ။
ဖြေ- ၂၀၂၂ ဇန်နဝါရီလ ၃၁ရက်နေ့ အဲဒီလောက်ကတည်းက မြေပြင်ထိုးစစ်က မလာတော့ဘူး။ မလာတော့ဘူးဆိုတော့ ကျနော်တို့က တဖြည်းဖြည်းနဲ့ ပိုပြီး ကျစ်လစ်လာတယ်။နောက်တစ်ခုက တော်လှန်ရေးနေ့မှာလည်း တရားဝင် ဒီ ၂၀၂၄ကစပြီး ချင်းညီနောင် နဲ့ ပူးပေါင်းပြီး မဟာမိတ် ညီအကိုတွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆောင်ရွက်လာမယ် ပိုပြီးမှ လုပ်လာမယ်လို့ ကျနော်တို့က တရားဝင်ကြေညာတယ်။ ကျနော်တို့ဘက်က ဒီလိုလုပ်လာတဲ့အပေါ် စကစက စိုးရိမ်ထိတ်လန့်မှုကြောင့် ဒီလိုတွေပိုပြီး ခပ်စိပ်စိပ်တုန့်ပြန်လာတယ်လို့ မြင်တယ်။ နောက်ပြီးရင် မင်းတပ်မြို့နယ်မှာ သတိထားကြည့်ရင် တိုက်ပွဲမရှိဘဲနဲ့ လေကြောင်း တိုက်ခိုက်မှုကအများဆုံးလို့ ပြောလို့ရမယ်ထင်တယ်။ အချက်အလက်တွေအရပေါ့။ တိုက်ပွဲကြောင့် ကြဲတာမျိုးက ပြဿနာမဟုတ်ပေမယ့် သပ်သပ်မဲ့ လူထုအပေါ် အပြစ်မဲ့ ပြည်သူတွေ အပေါ် ကျူးလွန်မှု ပိုများတယ်။ ရန်သူက အမြစ်ပြတ်ချေမှုန်းချင်တယ်။ ကျနော်တို့က ပိုပြီးမှ ကျနော်တို့ကို ပိုလုပ်လေ နာကျည်းချက်တွေ ခံစားချက်တွေ ဝမ်းနည်းနေတာတွေဟာ အားတစ်ခုဖြစ်ပြီး ကျနော်တို့ လိုချင်တဲ့ အာဏာရှင် ပြုတ်ကရေး တော်လှန်ရေးမှာ ပိုအားစိုက် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။

မေး- မင်းတပ်မှာ တိုက်ပွဲ မဖြစ်ဘဲ လေကြောင်း တိုက်ခိုက်တာ တောက်လျောက်လုပ်နေတဲ့အပေါ် ဘာပြောလိုသပါလဲ။
ဖြေ- သူတို့လုပ်ရပ်က မြေပြင်ကလည်း စစ်ကြောင်း မထိုးနိုင်တော့ ပြည်သူလူထုရဲ့ နဲ့ ကျနော်တို့ အကြားမှာ သွေးခွဲတဲ့ လုပ်ရပ်၊ ပြည်သူလူထုကို ရည်ရွယ်တာပေါ့။ ကျနော်တို့ အဖွဲ့အစည်းတွေ သွားလာနေတယ်။ ကျနော်တို့ကို ထောက်ခံမှု လျော့သွားအောင် လုပ်ပေမယ့်တော့ ဒီလိုလုပ်ရပ်တွေကြောင့် ကျနော်တို့ရဲ့ ယုံကြည်ချက်တွေ ကျနော်တို့ ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာ တယ်။ ကျနော်တို့ကို ဒီလိုလုပ်တဲ့အတွက် ကျနော်တို့က ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်သွားဖို့ ရှိမယ်ပေါ့။ အခု အင်တာဗျူးနေတဲ့ အချိန်မှာတောင် ကောင်းကင်မှာ လေယာဉ်က ဖြတ်နေတုန်း။
မေး-ဒီလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ဘယ်သက်ရောက်မှုတွေရှိလာနိုင်ပါသလဲ ။
ဖြေ-ကျနော်တို့ တော်လှန်ရေး သုံးနှစ်ပြည့်မှာ ပြောထားတာ ၂၀၂၄မှာ စစ်ရေးအရှိန်တွေမြင့်လာမယ်။ အဲဒီအတွက် ပြည်သူလူထုတွေ အနေနဲ့ အရင်က ပူးပေါင်းပါဝင်ပေးတာကိုလည်း ကျေးဇူးအထူးတင်သလို အခုအချိန်မှာ ပိုပြီးမှ ပူးပေါင်းပါဝင်ပေးဖို့။ ကျနော်တို့ တော်လှန်ရေးဟာတဖြည်းဖြည်းနဲ့ အောင်မြင်မှု နီးလာတဲ့အချိန်မှာ ပြည်သူလူထုတွေ သတိဝိရိယထားပြီးနေကြဖို့ရယ်။ ကျနော်တို့ ချင်းလူမျိုးတွေတင် ပြောတာမဟုတ်ဘူး တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ။ အခုအချိန်ထိ မပါဝင်သေးတဲ့ သူတွေကိုလည်း ဘာကြောင့် ဒီလောက် အပြစ်မဲ့တဲ့ ပြည်သူတွေ ကလေးတွေ အမျိုးသမီးတွေ ဒီဟာတွေကို ရက်ရက်စက်စက် စစ်ရာဇဝတ်မှု ကျူးလွန် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေကို အမြစ်ပြတ်ချေမှုန်းရေးမှာ ဘာကြောင့်အခုအချိန်ထိ မပါဝင်သေးကြတဲ့ ပြည်သူတွေကိုလည်း အခုအချိန်မှာ စည်းစည်းလုံးလုံးနဲ့ အောင်မြင်မှု ရဖို့ နီးလာတဲ့ အတွက် အရင်က မပါတဲ့သူတွေရော လက်ရှိပါဝင်တဲ့ သူတွေရော ဆထက် ထမ်းပိုး ပါဝင်ပြီးတော့မှ စစ်အာဏာရှင် ပြုတ်ကျရေးကို အောင်မြင်စွာ တိုက်ဖို့ ပြည်သူလူထုရဲ့အား တစ်ရပ် လိုအပ်တဲ့အတွက် ပြည်သူလူထုက ဒီထက်မက ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီဝမ်းနည်းစရာ ဖြစ်ရပ်တွေကို ဝမ်းနည်းနေရုံနဲ့ မပြီးဘူး။ ကျနော်တို့ ဝမ်းနည်းနေတာကို ဝမ်းနည်းမယ်၊ ခံစားမယ် ဒီထက် အာဏာရှင်ပြုတ်ကျရေးအတွက် ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့အတွက်က ပြည်သူလူထုက အားတစ်ခုဖြစ်တယ်။ ကျနော်တို့ရဲ့ ခံစားချက်ကို အားအဖြစ် အသုံးပြုပြီး အာဏာရှင် ပြုတ်ကျရေးအတွက် ထောက်ပံ့ပေးကြဖို့ ပြောချင်ပါတယ်။
မေး-စစ်ကောင်စီက အခုလို ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ နေရာအနှံ့ရှိနေတော့ ဒါမျိုးတွေက ဘယ်နေရာမဆို ဘယ်သူမဆို လူတိုင်းကြုံရနိုင်တဲ့ အခြေအနေ ရှိနေတဲ့အပေါ် ဘာပြောလိုပါသလဲ။
ဖြေ-ဟုတ်တယ် ။ သူက လေကြောင်း တိုက်ခိုက်မှုမှာ ခက်တာက ဒရုန်းတို့ Y12အမျိုးအစားတို့မှာ အသံက ကျယ်လို့ ကြိုတင်ပြီး ရှောင်လွှဲဖို့ လွယ်ပေမယ့် ဒီဂျက်ဖိုက်တာတွေက ကျနော်တို့ အသံကြားရင် ကျနော်တို့ကို ကျော်သွားပြီ။ ဗုံးက ကျနော်တို့ဆီ ပြုတ်ကျပြီ။ ဒုတိယအကြိမ်မှာပဲ ကျနော်တို့မှာ အခွင့်အရေးရှိတယ်။ ပြည်သူလူထုတွေ အနေနဲ့ ကျနော်တို့ ပြောထားတဲ့အတိုင်း သတိဝိရိယ ပိုရှိပေးရမယ်။ သွားသတိ လာသတိပေါ့နော်။ အခုအချိန်အမြဲတမ်း သတိရှိရမယ် ဘာဖြစ်လို့လည်းဆိုရင် ရန်သူကတော့ ရန်သူပီသတယ်။ ရက်ရက်စက်စက် လူမဆန်တဲ့လုပ်ရပ်တွေ လုပ်နေတာ အခုမှ မဟုတ်ဘူးဆိုတော့ သူက(စကစ)တော့ အဲဒီလို မလုပ်လောက်ပါဘူးလို့ မတွေးဘဲ ဘယ်နေရာမဆို လုပ်နိုင်တယ်ဆိုတာ သတိဝိရိယ ပိုထားဖို့လိုမယ်။ ပိုပူးပေါင်းပါဝင်လာဖို့လိုတယ်။
မေး- စစ်ကောင်စီ တကယ် ပြုတ်ကျဖို့ ဘယ်လိုအခြေအနေလိုအပ်တယ်လို့ထင်ပါသလဲ။ နိုင်ငံတဝန်းလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို ရောဘာပြောလိုလဲ။
ဖြေ-ကျနော်တို့က နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ့နော်။ ကျနော်တို့ တည်းနဲ့လည်းမရဘူး။ ERO(တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်)တည်းနဲ့လည်းမရဘူး။ ရှိတဲ့ အကုန်လုံး ။ ကျနော်တို့ မူဝါဒတွေလမ်းစဉ်တွေက အကုန်တူကြပါတယ်။ ဒီစစ်အာဏာရှင်ပြုတ်ကျရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့က ဒီတော်လှန်ရေးကို ဝင်လာကြတာ။ နောက်မှ ပေါက်တဲ့ ကျနော်တို့ရော၊ အရင်က ကျနော်တို့ နောင်တော်တွေရော EROတွေရော အားလုံး စည်းစည်းလုံးလုံးနဲ့ သွားနိုင်မယ်ဆိုတကယ် ကျနော်တို့ လှမ်းမြင်နေရပြီလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ သူက(စစ်ကောင်စီ) ကမ်းကုန်အောင်လုပ်လာပြီ။ ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးလို အဆုံးသတ်မှာ ရမ်းပြီးမှ လုပ်နေတော့တာ။ သူတို့က ချောင်ထဲမှာ ရောက်နေပြီ။ ပိတ်ရိုက်ခံရတဲ့ ခွေးလို မြင်မြင်သမျှ လိုက်ဆွဲ၊ မြင်မြင်သမျှ ဒုက္ခပေးဖို့ ကြိုးစားနေတာ တဖက်က ကြည့်မယ်ဆိုရင် ကျနော်တို့ဘက်ကတဖြည်းဖြည်းနဲ့ အလေးသာလာတယ်လို့ မြင်တယ်။ ကျနော်တို့ ပိုစည်းလုံးမယ်၊ ကျနော်တို့ ပိုပြီးမှ ညီညွတ်မယ်ဆိုရင်တော့ ဒီထက်မက အောင်မြင်နိုင်မယ်။ အဲဒီအတွက် ကျနော်တို့ အားလုံး ERO အပါအဝင် ကျနော်တို့ လက်နက်ကိုင်အားလုံး စည်းစည်းလုံးလုံးနဲ့ သွားနိုင်မယ့် အခင်းအကျဉ်းမျိုးကို အမြန်ဆုံးလျှောက်လှမ်းနိုင်ရင် ကျနော်တို့ အရေးတော်ပုံကအမြန်ဆုံးအောင်မြင်နိုင်တယ်လို့ ပြောချင်ပါတယ်။ ။
(CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်နဲ့ မင်းတပ်မြို့နယ် တိုက်နယ်(၂)ရှိ ၀မ္မသူး ဆေးရုံကို စစ်ကောင်စီကဗုံးကြဲဖျက်ဆီးပြီးနောက်မြင်ကွင်း။ဓါတ်ပုံ-CDFမင်းတပ်)
