▪︎အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့လက်ထုတ္တောရွာ
ပကဖတာဝန်ခံ ကိုဂန္ဓမာနဲ့မေးမြန်းခန်း
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို မေလ ၁၁ ရက်နေ့၊ နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်မှ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသော ပြည်သူ ၃၂ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသူ ၁၇ ဦးထက်မနည်း ရှိခဲ့ရာ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့များက ပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့ရာ ယနေ့အထိ သေဆုံးသူ ၃၄ ဦး ရှိသွားပြီဖြစ်သည်။
ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား စစ်ကောင်စီ၏ ခြေမြန်တပ်မဌာနချုပ် (၃၃) ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း (၇၀) ခန့်ပါဝင်သော ပူးပေါင်းတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်၍ လက်ထုတ္တောကျေးရွာ ပကဖတာဝန်ခံ ကိုဂန္ဓမာကို People’s Spring ဆက်သွယ်မေးမြန်းထားသည်ကိုဖော်ပြလိုက်ပါသည်။
-အောင်ဇေယျ/People’s Spring

Public Service Announcement
မေး။လက်ထုတ္တောရွာမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် ဘယ်လိုစဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ-ည ၁၂ ထိုးကတည်းက ပြည်သူတွေကို ထုတ်တယ်ဗျ။ အရေးပေါ်ခရာထုတ်ပြီးတော့လည်းထုတ်တယ်။ နှစ်ချက်ထိုးတော့ မထွက်လို့ တစ်အိမ်ဆင်းတစ်အိမ်တက်ထုတ်တယ်။ ပြည်သူတွေကထွက်တော့ထွက်တယ်။ မသေချာဘဲဘာလို့ထုတ်တာလဲဆိုပြီး ပြန်ဝင်တာတွေရှိတယ်။ ပြန်ဝင်တာကို ဘုန်းကြီးကျောင်းထဲသွားပြီး တိမ်းကြတာ။ဘုန်းကြီးကျောင်းထဲတိမ်းရင် လွတ်လိမ့်မယ်လို့ထင်တာပေါ့။ ကျွန်တော်တို့က ဘုန်းကြီးကျောင်းသုံးကျောင်းလုံးကို ပတ်ပြီးတော့ လျှောက်ထားပြီးသား။ ဘုန်းဘုန်းဘုရား စစ်ရှောင်တွေလာရင် လက်မခံပါနဲ့။ လူငယ်တွေဆိုရင် တောထဲထွက်ပြေးခိုင်းပါဘုရားလို့ လျှောက်ထားတယ်။ တွေ့တဲ့လူကိုလုပ်မှာမို့လို့ ကျွန်တော်တို့က ကြိုသိလို့ အရင်တခါကတည်းကတိမ်းခိုင်းထားတယ်။ အခုဟာက ကျောင်းထဲကို သွားပြီးတိမ်းတာ။ တိမ်းတော့လွတ်လိမ့်ထင်တာ။ အဲမှာ မနက်ခင်းပိုင်းငါးနာထိုးလောက်ကစပြီး လက်နက်ကြီးနဲ့ထုပြီး ဝင်တော့တာပဲ။ အင်အားက ရှစ်ဆယ်တစ်ရာ ပတ်ဝန်းကျင်လောက်ရှိမယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ ရွာကိုပတ်ပတ်လည်ဝိုင်းထားပြီးတော့ ပစောက်ပုံဝိုင်းပြီးတော့ဝင်တာ။ ဝင်ပြီးတော့ လက်နက်ကြီးတွေနဲ့ထုဝင် ဘုန်းကြီးကျောင်းထဲဝင်လာတဲ့ပြီးတော့ ဓမ္မာရုံထဲကနေပြီးတော့ ယောကျာ်းသားမှန်သမျှ အကုန်ထွက်ခဲ့ ထွက်ထွက်ဆိုပြီး အကုန်ဆွဲထုတ်ပြီးတော့ ဘာမှကိုမမေးဘူးတဲ့။ တစ်ခွန်းနှစ်ခွန်းလောက်မေးတာတဲ့။ မင်းတို့ရွာ PDF တွေက ဘယ်မတုန်း၊ ဘယ်နားနေတာတုန်း၊ လက်နက်တွေဘယ်ထားတုန်းဘာညာနဲ့ ဆိုပြီးတော့ ကျွန်တော်တို့က ဗျာ မသိပါဘူးဗျာဆိုတာနဲ့ အကုန်ပစ်သတ်သွားတာပဲ။ မသိမှမသိတာကြီး မသိရပါ့မလားဆိုပြီး ပစ်သတ်တာ။ တစ်မယောက်မကျန် အကုန်ပစ်သတ်တာ။ အားလုံးပေါင်း သုံးဆယ်ကျော်မယ်။ အစုလိုက်အပြုံလိုက်သတ်သွားတာ။ အဲဒီထဲမှာမှ အမျိုးသမီးနှစ်ဦးပါတယ်။ အဘွားအိုတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး။ ၁၆ နှစ်အောက်က ၃ ဦးလား ၄ ဦးလား ပါတယ်။ အသက် ၈၀ ကျော် အဘိုးအိုနှစ်ဦးလည်းပါတယ်။ ဘာမှကိုမမေးမမြန်းဘူး။ သူတို့တစ်ခွန်းနှစ်ခွန်းတန်းမေးပြီးတော့ အကုန်ပစ်သတ်သွားတာပဲ။ ခေါင်းတွေချည့်ပဲ တေ့ပစ်သွားပြီးတော့ မသေမရှင်ဖြစ်လို့လှုပ်နေရင် လက်လှုပ်ရင်လက်ပစ်တာ ခေါင်းလှုပ်ရင် ခေါင်းပစ်တာ မသေမချင်းကို ပစ်သတ်တာ။ အဲဒီထဲကမှ အလောင်းပုံတွေထဲ သေချင်ယောင်ဆောင်ပြီးတော့ မလှုပ်မယှက်နေနေလို့လွတ်လာတဲ့သူတွေရှိတယ်။ အခုတော့ဆေးရုံမှာ။ဆေးကုသမှုခံယူနေရတယ်။ ဒဏ်ရာရတာအားလုံးပေါင်း ၁၆ ယောက်ဗျ။ ခုလက်ရှိဆေးရုံမှာ ပြင်းပြင်းထန်ထန်ဆေးကုသမှုခံယူနေရတာ ၃ ယောက်ရှိတယ်ဗျ။ ဗိုက်တွေမှန်လို့အူတွေဖြတ်ချုပ်ထားရတာ။ ကျန်တဲ့နှစ်ယောက်ကတော့ ခြေထောက်တွေလက်တွေမှန်တာ အရိုးတွေကြေမွလို့။ အဲဒါတွေလည်းဆေးကုသမှုခံယူနေရတယ်။ အဲ ၃ ယောက်ကတော့ ပြင်းထန်တယ်။ ကျန်တဲ့သူတွေ တော်တော်လေးတော့သက်သာတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မွေးခါနီး အဲဒီနေ့မှာမှ နေ့စေ့လစေ့မွေးတဲ့နေ့။ အဲဒီအမျိုးသမီးရဲ့ယောကျာ်းကိုလည်း အဲဒီကိုယ်ဝန်ဆောင်သည်ကောင်မလေးရဲ့ရှေ့မှာပဲ သူ့အမျိုးသားကို ပစ်သတ်သွားတာဗျ။ ဗိုက်ကြီးတဲ့ကောင်မလေးက မလုပ်ပါနဲ့ ပြောတာကို ပြောလို့မရဘူး။ သူက မီးလာဖွားတာ ကျွန်တော်တို့ရွာသူ။ ကျွန်တော်တို့ရွာသူနဲ့ရွာသားပဲ။ သူတို့ကအထက်ပိုင်း ပြင်ဦးလွင်ဘက်မှာနေတာ အလုပ်လုပ်ရင်းနဲ့။ သူ့မိန်းမက ကလေးမွေးတော့မှာဆိုပြီးတော့ ရွာပြန်မွေးတာ။ မွေးမယ့်အချိန်ကို စစ်ကြောင်းထိုးပြီးတော့ သူ့ယောကျာ်းကို ဗိုက်ကြီးသယ်ကောင်မလေးရှေ့တင် ပစ်သတ်သွားတာ။ အဲဒီဗိုက်ကြီးသယ်ကောင်မလေးတော့ ကယ်ထုတ်နိုင်ခဲ့တယ်။ ပြည်သူတွေကို အတက်နိုင်ဆုံးတော့ ကယ်ထုတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရွာက ဒါကောဆို နှစ်ကြိမ်ရှိပြီ။ မနှစ်ပိုင်းတုန်းကလည်း ကျွန်တော်တို့ရွာကို မီးရှို့သွားတာ အိမ်ခြေ ငါးရာကျော်လောက်ပါသွားသေးတယ်။ ခုကနောက်တစ်ပြန် ပြန်ရှို့သွားတာ။
မေး-ရွာကို စစ်တပ်က ဘာကြောင့် အငြှိုးတကြီးနဲ့ အခုလိုလုပ်သွားတယ်လို့ ထင်လဲခင်ဗျ။
ဖြေ-ဘယ်လိုပြောရမှန်းကို မသိဘူးဗျ။ ကျွန်တော်တို့ကတော့ ဘာမှတော့မလုပ်ဘူးဗျ။ သက်သက်မဲ့ကို ကျွန်တော်တို့ရွာကို စစ်ကြောင်းထိုးပြီး ရည်ရွယ်ချက်ရှိရှိနဲ့ကို ဝင်ပြီး အနိုင်ကျင့်တဲ့သဘောမျိုးနဲ့ လုပ်သွားတာ။ ကျွန်တော်တို့ လက်ထုတ္တောရွာက မုံရွာ-မန္တလေးလမ်းနဲ့ တစ်မိုင်လောက်ပဲဝေးတာကိုး။ မုံရွာ-မန္တလေးလမ်းက ဗျူဟာလမ်းဆိုတော့ သူတို့စကစ ဖြတ်သွားဖြတ်လာတွေ၊ သူတို့မုံရွာသွားတဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ကားတွေကို တော်လှန်ရေးရဲဘော်တွေက အဲဘက်ခြမ်းကနေ ခြုံခိုပြီးတိုက်ခိုက်တာတို့၊မိုင်းဆွဲတိုက်ခိုက်တာတို့ ရှိတယ်ဗျ။ အဲလိုမျိုးတွေလုပ်ခဲ့တော့သူတို့ဘက်ကအထိနာပြီး ကျွန်တော်တို့ရွာကလုပ်တယ်ပဲထင်ပြီး ကျွန်တော်တို့ရွာကိုပဲငြှိုးတာ။ တော်လှန်ရေးသမားကတော့ တော်လှန်ရေးအလုပ်လုပ်မှာပဲဗျ။ သူတို့ကလည်းခွေးအလုပ်ကိုလုပ်သွားတာပဲဗျ။ ကျွန်တော်တို့ပြည်သူတွေခံလိုက်ရတာ။ အခုသတ်သွားတဲ့ထဲမှာလည်း တော်လှန်ရေးနဲ့ နိုင်ငံရေးနဲ့ပတ်သတ်လို့ တစ်ယောက်မှမပါဘူးဗျ။ အားလုံးက ပြည်သူတွေချည့်ပဲ။ ဘာမှမသိတဲ့ နားမလည်တဲ့ ပြည်သူတွေချည့်ပဲ။ အသက် ၈၀ ကျော် အဘိုးအိုနှစ်ဦးဆိုရင်လည်း စဥ်းစားကြည့် ဘယ်လိုလုပ်လက်နက်ကိုင်နိုင်မှာတုန်း..နော့။ သူ့အသက်အရွယ်နဲ့ဆိုရင် နိုင်ငံရေးလည်းလုပ်နိုင်မှာမဟုတ်ဘူး။ ဘာမှမမေးဘူး။ အကုန်ပစ်သတ်တာ။ လှုပ်ရင်လှုပ်တဲ့သူ အကုန်ပစ်သတ်တာ။ အကုန်လုံး ရည်ရွယ်ချက်ရှိရှိကိုလုပ်သွားတာ။ ဘုန်းကြီးကျောင်းထဲမှာပဲ သတ်သွားတာ။
မေး-အဲဒီအချိန်မှာဘုန်းကြီးတွေကကော ဝင်ပြောလို့ရသေးလား။
ဖြေ-ဘာမှပြောချိန်ကိုမရဘူး။ ဘုန်းကြီးကိုကြိမ်းလိုက်မောင်းလိုက်နဲ့။ နောက်ပိုင်း ဘုန်းကြီးကလည်း ထွက်ပြီးတော့တောင်းပန်တာပေါ့ဗျာ။ အဲလိုတောင်းပန်လို့ ကျန်တဲ့သူတွေသက်သာသွားတဲ့သဘောမျိုး။ ဓါးစာခံတွေလည်း ၁၅ယောက်လောက်ခေါ်သွားတယ်။ လမ်းပေါ်ရောက်တော့ပြန်လွှတ်ပေးလိုက်တယ်။
မေး-အသက်ခံရတဲ့အထဲမှာ အမျိုးသမီးက ဘယ်နှဦးပါတာလဲခင်ဗျ။
ဖြေ-အမျိုးသမီးက နှစ်ဦးပါတာ။ အဘွားအိုတစ်ဦးအသက်ရှစ်ဆယ်ကျော်ပါတယ်။ သူ့ကို မီးရှို့သတ်သွားတာ။ အိမ်ထဲမှာအဘွားအိုက ရှိတယ်။ အဲဒီအိမ်ကိုမီးပိတ်ရှိူ့တော့သူ့သားဖြစ်သူက လက်အုပ်ချီပြီးတော့ အမေ့ကိုသွားထုတ်ပါရစေဗိုလ်ကြီးရာ တောင်းပန်ပါတယ် ကျွန်တော့်အမေကို သွားပြီးတော့ထုတ်ခွင့်လေးပေးပါဗျပြောတာ ဟေ့ကောင်မသယ်နဲ့တဲ့ ။သယ်ရင်မင်းပစ်သတ်မှာဆိုပြီးတော့ အဲအတိုင်းထားလိုက်တော့ အဘွားအိုကမီးလောင်ပြီးသေတာ။ အမျိုးသမီးတစ်ယောက်ကတော့ လေးဆယ်ပတ်ချာလည် သူ့ကိုပစ်သတ်သွားတာ။ လင်မယားနှစ်ယောက်လုံးကို ပစ်သတ်သွားတာ။ ပြီးတော့ သားအဖတွဲ သုံးတွဲပါတယ်။ ဖအေကော၊သားကောသတ်သွားတာ သုံးတွဲပါတယ်။
မေး-အသတ်ခံရတဲ့သူတွေထဲမှာ ဘယ်အရွယ်ကနေ ဘယ်အရွယ်ထိပါလဲ။
ဖြေ-၁၆ နှစ်အောက်ကနေစတာ။ ၁၄/၁၅ လေးတွေကိုက နှစ်ယောက်လား သုံးယောက်လား ပါတယ်ပြောတယ်။အသက်ရှစ်ဆယ်ကျော် အဘိုးအိုနှစ်ဦးလည်း ပါတယ်။
မေး-ဒဏ်ရာရနေတဲ့သူတွေထဲကကော စိုးရိမ်နေရတဲ့သူ ဘယ်နှဦးလောက်ရှိသေးလဲ။
ဖြေ-ဒဏ်ရာရလို့ဆေးရုံတက်နေတဲ့၃ဦးထဲမှာတော့ တစ်ဦးကတော့သူ့ဘက်ကိုယ့်ဘက်ဆွဲပြီးလုနေရတာ။(အသက်လုနေရသည်ကိုဆိုလိုခြင်းဖြစ်)ဗိုက်ကိုပစ်ခံထားရတော့ အူတွေကိုဖြတ်ပြီး ချုပ်ပေးထားရတယ်။ အဲတစ်ယောက်ကတော့တော်တော်လေးစိုးရိမ်နေရတယ်။(မှတ်ချက်-ထိုတစ်ဦးမှာ မေ ၁၄ ရက်နံနက်ပိုင်း၌ ကွယ်လွန်သွားခဲ့သည်။)
မေး-အဲဒီစစ်ကြောင်းမှာ တပ်မ(၃၃)ရဲ့ အမှတ် (၁၃) ခြေမြန်တပ်ရင်းတို့ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ အမှတ် (၉၂၉) ထောက်ပံ့ ဆက်သွယ်ရေးတပ်ရင်းတို့နဲ့ ပျူစောထီးတွေပါတယ်လို့ NUGက ထုတ်ပြန်ထားတာတွေ့တယ်။ တခြားကောဘယ်လိုသိရသေးလဲ။
ဖြေ-မြောင်နဲ့မြင်းမူလမ်းခွဲမှာက စစ်ဆေးရေးဂိတ်တစ်ဂိတ်ရှိတယ်။ အဲဒီတပ်ဖွဲ့ပါတယ်။ ဂွေးပင်တောမှာအထိုင်ချထားတဲ့တပ်ဖွဲ့တစ်ဖွဲ့ပါတယ်။ နတ်ရေကန်မှာအထိုင်ချထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ပါတယ်။ သူတို့ကအရန်လိုက်လာပြီးတော့မှ လူတွေကိုတွန်းသတ်သွားတာကတော့ မုံရွာနမခကလို့သတင်းကြားတယ်ဗျ။
မေး-လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေက ဘယ်လိုရှိပါလဲ။ အဲဒီစစ်ကြောင်းက အင်အား ၈၀ ကျော် လောက်ပဲ ရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေဘာကြောင့်ဖြတ်တောက်မတိုက်နိုင်ခဲ့တာလဲ။
ဖြေ-အခုလက်ရှိ ဘာမှတော့မဖြစ်သေးဘူး။ ငြိမ်နေတယ်။ ညကတော့ သူတို့လှုပ်တယ်ဆိုလို့ ရွာတွေအကုန်လုံးပြေးနေကြရတာ။ ရွာထဲကိုမနေရဲကြဘူး။ ဘာကြောင့်ဖြတ်တောက်မတိုက်ခိုက်နိုင်ခဲ့လဲဆိုတော့ သူတို့ကရုတ်တရက်ဝင်လာပြီးအကြာကြီးမနေဘူး။ အုန်းအုန်းအုန်းအုန်းနဲ့သတ်ပြီး တောက်လျှောက်ထွက်သွားတာ။ ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့ကလည်း ကျေးရွာကာကွယ်ရေးအဖွဲ့ဆိုတော့ အင်အားမကောင်းဘူး။ လက်နက်အင်အားကလည်းပြောလောက်အောင်မရှိဘူး။ မိုင်းပဲအားကိုးရတာကိုး။
မေး-အခုပြည်သူတွေ ဘယ်လိုနေထိုင်နေကြလဲ။
ဖြေ-ကျွန်တော်တို့ရွာထဲက ပြည်သူတွေကတော့ ရွာထဲကိုပြန်မနေရဲကြတော့ဘူး။ အကုန်လုံးအကြောက်ကြီးနေကြတာ။ တောထဲမှာပဲပတ်ပြီး တိမ်းနေကြရတာပေါ့ဗျာ။ စစ်ရှောင်တွေကို အများကြီးပဲ။
မေး-အခု စစ်ဘေးရှောင်တွေ ရေပြဿနာလည်းရှိနေတယ်၊ ရေရှားနေတယ်ဆိုတာကောဟုတ်လား။
ဖြေ-ဟုတ်ပါတယ်။ ကျွန်တော်တို့ရွာက ရေအခက်အခဲကို တော်တော်လေးကို ဒုက္ခရောက်နေတာပါ။ သောက်စရာရေကိုမရှိတော့တာဗျ။ ကျွန်တော်တို့ရွာကို ပထမတပြန်မီးရှို့တုန်းက ရေတွင်းလေးနှစ်တွင်းရှိတယ်။ ရွာဘုံတွင်းလေးနှစ်တွင်းကို ခွေးတွေ(စစ်ကောင်စီတပ်)က မီးနဲ့ရှို့သွားတာ။ ပန့်တွင်းလေးဗျ။ ရေမြုပ်မော်တာနဲ့။ ရေတွင်းမီးရှို့တော့ ပန့်တွေက အောက်ပြတ်ကျသွားတော့ ဘယ်လိုမှဆယ်လို့မရတော့ဘူး။ အဲတွင်းနှစ်တွင်းလည်းပျက်စီးသွားတာ။ စက်တွေကော မီးရှို့သွားတာ။ အခုတပြန်မှာလည်း ဘုန်းကြီးကျောင်းထဲက ကျွန်တော်တို့ရွာက အားကိုးနေရတဲ့ရေတွင်းက စက်တွေကိုပါမီးရှို့သွားတယ်။ သောက်စရာရေကိုမရှိလို့ ချောင်းဦးနယ်၊ မြောင်နယ်တို့ မြင်းမူနယ်တို့ဘက်သွားပြီး အကူအညီတောင်းထားလို့ ရေကားတွေနဲ့လာပေးသွားတယ်။
မေး-အခုလို ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့အတွက် တရားမျှတမှုပြန်ရအောင် ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ-ဒီလိုမျိုး အစုလိုက်အပြုံလိုက် သတ်သွားတာ နိုင်ငံတကာလည်း သိစေချင်ပြီးတော့ မကျေနပ်ဘူးပေါ့ဗျာ။ သူတို့ကို တရားဥပဒေအတိုင်း တရားစွဲပြီးတော့အရေးယူစေချင်တာပါ။ ပြည်သူတွေကိုအခုလိုသတ်တာမျိုး နောက်လည်းမဖြစ်စေချင်ဘူး။ မတရားဘူးလို့ပဲထင်တယ်။
မေး-တခြားကော ဘာအခက်အခဲတွေ အကူအညီတွေ လိုအပ်နေသေးလဲ။ ဘာများဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ-အဓိက အရေးကြီးနေတာတော့ ရေအတွက်ကို အရေးကြီးနေတာ။ ရွာသူရွာသားတွေက ကြာတော့ အကြောက်တရားတွေက တအားကြီးပြီးတော့ စိတ်ဓာတ်တွေလည်းကျနေတော့ စိတ်ဓာတ်မကျဖို့ အဖွဲ့အစည်းတွေ လာပြီး ဖေးမစေချင်တာပေါ့ဗျာ။ ဒါကောဆိုနှစ်ကြိမ်ရှိသွားပြီ။ ရက်ရက်စက်စက်ကြောက်လောက်အောင်ကို လုပ်သွားတာ။ လောလောဆယ်တော့တောထဲပတ်ချာလည် တိမ်းနေကြရတယ်။ နီးစပ်ရာနယ်တွေကတော့လာပြီးလှူကြပါတယ်။ ။
