ဇော်ရမ်း/People’s Spring
တိုက်ပွဲများပြင်းထန်နေသော သံတွဲမြို့ နယ်ရှိ ဆင်ခေါင်းရွာတွင် ဘေးလွတ်ရာသို့တိမ်းရှောင်ရန်ကြိုးစားသည့်ဒေသခံများအား စစ်ကောင်စီက ထွက်ခွင့်မပေးဘဲ ပိတ်ဆို့တားဆီးခဲ့ပြီးနောက် တိုက်ပွဲအတွင်းလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်၍ သေဆုံးသူပြည်သူသေဆုံးသူ ၁၀၀ခန့်အထိရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
“အဆိုးဆုံးက ဆင်ခေါင်းရွာဖြစ်ပါတယ်။ ဇွန်လ ၄ရက်ကတည်းက တော်တော်များများအဆက်အသွယ်ပြတ်နေတာ။ မနေ့ကတော့ တိုက်ပွဲတော်တော်ပြင်းထန်တယ်။ ဒေသခံတွေကထွက်ချင်တာကို စစ်တပ်ကပိတ်ထားတာ။ ပြီးတော့ လေယာဉ်ဗုံးကြဲတယ်။ လက်နက်ကြီးတွေပစ်တယ်။ဒီနေ့တော့ ဒေသခံတွေသေဆုံးတဲ့သတင်းတွေ ရထားတယ်။ အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူတော်တော်များတယ်” ဟု ဇွန်လဆန်းအတွင်း ဆင်ခေါင်းရွာမှ ထွက်ပြေးတိမ်း ရှောင်လာသောပြည်သူတစ်ဦးကပြောသည်။

အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း ဆင်ခေါင်းရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီကလေကြောင်းမှာဗုံးကြဲတိုက်ခိုက်ခြင်း ၊ပင်လယ်ပြင်အတွင်းရှိစစ်တပ်ရေယာဥ်များကလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများကြောင့် သေဆုံးသူအရပ်သားအရေအတွက်တစ်ရာနီးပါးရှိနေကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများကလည်းရေးသားဖော်ပြနေကြသည်။ ဆင်ခေါင်းရွာမှ ပြည်သူသေဆုံးမှူ အရေအတွက်ကို People’s Spring ကအတည်ပြုရန် ကြိုးစားနေဆဲဖြစ်ပါသည်။

Public Service Announcement
ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှစတင်၍ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မောင်ရွှေလေး ရေတပ်နှင့် ဘားဒါန်းတောင် အမြောက်စခန်းကလည်း လက်နက်ကြီး ရာနှင့်ချီ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနကဇွန်လ ၇ရက်ရေးသားဖော်ပြထားသည်။
စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆင်ခေါင်းကျေးရွာမှာ ကျောင်းဆရာမများအပါအဝင် အရပ်သား ၁၀၀ ခန့် သေဆုံးမှုရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များကိုကိုးကား၍ Western News သတင်းဌာနက ရေးသားထားသည်။

ဇွန်လ ၆ရက် တိုက်ပွဲတွင်ငပလီကမ်းခြေအနီးကိုစစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။မွန်းလွဲ၁ နာရီခန့်က ပစ်ခတ်မှုတွင် ငပလီကမ်းခြေ Hilton Ngapali Hotle အနီးကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီသည် သံတွဲလေဆိပ်ကို ဇွန်လ ၅ရက်နံနက်မှစ၍ ခရီးသည်လေယာဉ်အတက်အဆင်း ပိတ်ပင်ထားသည်။ စစ်သုံးလေယာဉ်များ အတက်အဆင်းလုပ်ပြီး လူအင်အားနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်နေသည်ဟု ဒေသခံများကပြောသည်။ ယနေ့လည်း တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီကလည်း လေကြောင်းရောလက်နက်ကြီးပါအသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
“မိနစ်ပိုင်းတခါအနက်အဆင်းလုပ်ပြီး ပစ်ခတ်နေတာ။မြို့လယ် ခေါင်ကလွဲလို့ ကျန်တဲ့နေရာတွေက မလုံခြုံဘူး။အန္တရာယ်ရှိတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏အဆိုအရ AAသည် သံတွဲမြို့ကို သိမ်းပိုက်ရန် နီးစပ်နေပြီဟု ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်၍ AAကိုခုခံတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။
စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ AA ထောက်ခံသည်ဟုစွပ်စွဲခံရသောရွာများကို ဗုံးကြဲဖျက်ဆီးပစ်ရန် လှုံ့ဆော်ရေးသားမှုများရှိနေသည်။ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှအရပ်သားများအား စစ်ကောင်စီကအစုလိုက်အပြုံးလိုက်သတ်ဖြတ်နေမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဇွန်လ ၆ရက်က ထုတ်ဖော်ပြောကြားထားသည်။
