Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်

ယခု ဇွန်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီသည် ပြည်သူလူထု အများဆုံးအသုံးပြုသည့် ဖေ့ဘုတ်နှင့် မက်ဆန်ဂျာ အသုံးပြုမှုခက်ခဲစေရန် VPN ပိတ်ဆို့မှုကို တိုးမြှင့်လုပ်ဆောင်နေ​ကြောင်း သိရသည်။

(ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ကရင်နီပြည်နယ်တွင် Starlink အင်တာနက် အသုံးပြုနေသူများကို ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Karenni Hope)

▪️လက်ရှိမြန်မာပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေကို ကျော်လွှားရန်လည်း လိုအပ်သောတွေ့ဆုံမှုအချို့ လုပ်ဆောင်နေဟုဆို

ထားအိ/People’s Spring

အကြမ်းဖက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(ဇွန်လ ၈ရက်)ထုတ်ပြန်သည်။

ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ် ပိတ်ဆို့ရန်ကြိုးစားသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို NUG က အပြင်းအထန်ရှုတ်ချလိုက်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ရေး လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ယခုထက် ပိုမို ထောက်ခံ အားပေး ပံ့ပိုး ဆောင်ရွက်ကြရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းသည်။

“လက်ရှိ အကြမ်းဖက်စစ်အုပ်စုလုပ်နေတဲ့ လုပ်ရပ်တွေက ပြည်သူလူထုရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် Freedom of expression နဲ့ သတင်းသိပိုင်ခွင့် Rights to information ကို ပြင်းပြင်းထန်ထန်ချိုးဖောက်ဖို့ လုပ်နေတာပါ။ နောက်တစ်ခုကတော့ သူတို့ကိုယ်တိုင်တီထွင်တဲ့ ပလက်ဖောင်းတွေကို သုံးဖို့ နောက်ပိုင်းမှာ ကြိုးစားလာတာတွေ ရှိနိုင်တယ်။ အဲဒါတွေကလည်း တော်တော်လေး အရေးကြီးပါတယ်”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “သူတို့(စစ်ကောင်စီ)က အာဏာတည်မြဲရေးအတွက် အခြေခံလူ့အခွင့်အရေးအားလုံးကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတဲ့ အနေအထားလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

NUG သည် ၎င်းတို့ စိုးမိုးထိန်းချုပ်နယ်မြေများတွင် Federal Net အင်တာနက်သုံးစွဲခွင့်ရရှိအောင် လုပ်ဆောင်နေပြီး လက်ရှိမြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေကို ကျော်လွှားရန်လည်း လိုအပ်သည့် တွေ့ဆုံမှုအချို့ လုပ်ဆောင်နေကြောင်း အထက်ပါNUG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လက်ရှိလည်း NUG ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ Federal Net ဆိုပြီး လွတ်လပ်တဲ့ သုံးစွဲခွင့်တွေ ရရှိအောင် ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်တစ်ခုက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုအချို့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက တစုံတရာ ထုတ်ပြန်လို့ရတဲ့ အချိန်ကျရင်တော့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခု ဇွန်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီသည် ပြည်သူလူထု အများဆုံးအသုံးပြုသည့် ဖေ့ဘုတ်နှင့် မက်ဆန်ဂျာ အသုံးပြုမှုခက်ခဲစေရန် VPN ပိတ်ဆို့မှုကို တိုးမြှင့်လုပ်ဆောင်နေ​ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပြီး တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် (၁၃) ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင်နေရကာ မြို့နယ်ပေါင်း (၈၀) ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ် ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေကြောင်း NUGက ဆိုသည်။

အကြမ်းဖက်အုပ်စုသည် ပြည်သူအများသုံးစွဲနေသော ကမ္ဘာသုံး လူမှု ကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ကို ပိတ်ပင်ကာ သုံးစွဲသူ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ၊ ဖုန်း အတွင်းရှိ ဆက်သွယ်ရန်နံပါတ်(Contact) များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှု သိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက် အသုံးပြုနိုင်သော၊ Application ကို မသုံးစွဲသည့် အချိန်တွင်ပင် သုံးစွဲသူ၏ ဒေတာအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်ထားသော လူမှုကွန်ယက်စာမျက်နှာတခုကို တီထွင်၍ ပြည်သူလူထု၏ ပုဂ္ဂလိကဆိုင်ရာလုံခြုံမှု (Privacy)ကို အတိအလင်း ချိုးဖောက်ရန် ကြိုးစားလာသည်ကို တွေ့ရကြောင်း NUGက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။

သတင်း

စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၆ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီကတော့ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ မြင့်တက်အောင် နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်လုပ်ငန်းရှင် တချို့ကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ရန် လိုအပ်သကဲ့သို့ ပြည်ပနိုင်ငံများ၏ အထောက်အပံ့ အကူအညီများကိုလည်း ကြိုးစားရယူရန် ဝိုင်းဝန်းကြိုးစား အားထုတ်နေရမည်ဟု ဆက်ပြောသည်။