ဒီပ/ People’s Spring
ဒီနေ့(မေ ၃ရက်) ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ပါ ။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက သတင်းစာဆရာတွေအတွက် ဒီနေ့ဟာ သတင်းစာလွတ်လပ်ခွင့်တွေ ဘယ်လောက်ဆုံးရှုံးနေခဲ့ရပြီလဲဆိုတာကိုပြန်ပြောင်းအောက်မေ့ရတဲ့နေ့လိုဖြစ်နေပါတယ်။
ဒါလည်းတကယ်တော့ မထူးဆန်းပါဘူး။ စစ်အာဏာရှင်လက်အောက်မှာ နိုင်ငံသားအားလုံးအခွင့်အရေးအကုန်ဆုံးရှုံးနေရချိန်မှာ သတင်းစာဆရာတွေဟာ ချွင်းချက်မဟုတ်ပါဘူး ။ပိုဆိုးတာက စစ်ကောင်စီဟာ အာဏာရှင်တွေအကျင့်အတိုင်း အမှန်တရားကိုကြောက်ရွံ့ပြီး အမှန်ပြောသူတွေကိုလည်း ကြောက်ရွံ့မုန်းတီးပါတယ် ။ဒါကြောင့် အမှန်အတိုင်းပြောတဲ့ ၊ရေးတဲ့သတင်းစာဆရာတွေ ၊ မီဒီယာတွေဟာ စစ်ကောင်စီရဲ့ အညှိုးတကြီး ဖိနှိပ်တဲ့ အုပ်စုတွေ ဖြစ်နေပါတယ် ။
စစ်အုပ်စု အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မီဒီယာအများစုဟာ သူတို့တာဝန်ဖြစ်တဲ့အမှန်အတိုင်းပြောတာ ၊ရေးတာကို မပျက်မကွက်လုပ်ခဲ့ကြပါတယ် ။ ဒါကြောင့်လည်း စစ်ကောင်စီရဲ့ သတင်းအမှားဖြန့်ချီတာတွေ ၊ ဝါဒဖြန့်မှုတွေဟာ မထိရောက်ပါဘူး ။ပြီးတော့ အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်ကောင်စီရဲ့ ပကဓိရုပ်ကိုပေါ်အောင် မီဒီယာတွေက စောင့်ကြည့် ရေးသားဖော်ထုတ်နိုင် ခဲ့ကြပါတယ် ။ဒီအတွက် စစ်အုပ်စုက သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ ၊နှိပ်စက်တာ ၊ သတ်ဖြတ်တာ ၊အိမ်တွေချိတ်ပိတ်တာ ၊သတင်းဌာနတွေကို လိုင်စင်ပိတ်သိမ်းတာတွေ လုပ်ခဲ့ကြပါတယ် ။

Public Service Announcement
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကနေ ဒီနေ့ အထိ ၃ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီက သတင်းဌာန ၁၅ ခုကိုလိုင်စင်ပိတ်သိမ်းခဲ့ပါတယ် ။သတင်းမီဒီယာတွေမှာလုပ်ကိုင်နေသူ ၂၁၀ ဦးကိုဖမ်းဆီးထောင်ချခဲ့ပြီး အဲဒီအထဲက ၅၅ ဦးဟာဒီနေ့အထိအကျဥ်းကျခံနေရဆဲဖြစ်တယ်လို့ အသံအဖွဲ့ကထုတ်ပြန်ပါတယ် ။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ထုတ်ပြန်ချက်အရ သတင်းထောင် ၅၉ ဦးနဲ့ မီဒီယာနဲ့ဆက်စပ်တဲ့ အလုပ် လုပ်ကိုင်သူ ၃ ဦး စုစုပေါင်း ၆၂ ဦးဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ် ။ ဒီလိုဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ ကမ္ဘာ့ပေါ်မှာ အဆိုးဆုံး ၁၀ နိုင်ငံစာရင်းဝင်နေပါတယ် ။ RSF က ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ မီဒီယာလွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရမှာ မြန်မာဟာ ၂၀၂၄ ခုနှစ်မှာ အဆင့် ၁၇၁ ဖြစ်ပြီး နောက်ဆုံးကရေရင် အဆင့် ၁၀ ချိတ်နေတာဖြစ်ပါတယ် ။ နောက်ထပ် မှတ်တမ်းဆိုးက မြန်မာဟာ ကမ္ဘာပေါ်မှာ တ
ရုတ်နိုင်ငံပြီးရင် သတင်းထောက်တွေ ဖမ်းဆီး ထောင်ချခံရမှုဟာ ဒုတိယအများဆုံးနိုင်ငံဖြစ်နေပါတယ် ။
အဆိုးဆုံးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရတဲ့ သတင်းထောက် ၅ ယောက်အထိရှိခဲ့ပါတယ် ။ လတ်တလောနောက်ဆုံးအသတ်ခံရတာကတော့ မြောက်ဦးမြို့မှာ သတင်းထောက်ကိုဖိုးသီဟ ကို စစ်တပ်ကဖမ်းဆီးထောင်ချထားတာကနေ မြို့သိမ်းတိုက်ပွဲတွေ ကြုံလာရချိန်မှာ ထောင်ထဲက ထုတ်ပြီး အခြားပြည်သူတွေနဲ့အတူ ရက်ရက်စက်စက် သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ် ။ဒါကြောင့် သတင်းထောက်အလုပ်ဟာဘယ်လောက်အန္တရာယ်များလဲဆိုရင် ဖမ်းဆီးထောင်ချခံရတဲ့အဆင့်တင်မဟုတ်ပဲ ကျန်ပြည်သူတွေလိုပဲ စစ်ကောင်စီက အချိန်မရွေးအကြောင်းပြချက်မရှိ သတ်ဖြတ်ခံရနိုင်တဲ့အခြေအနေပါ ။စစ်ကောင်စီကိုသာမက စစ်တပ်လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ပျူစောထီးတွေ ၊ သွေးသောက်အဖွဲ့တွေရဲ့ အန္တရာယ်ကိုလည်း သတိထားကြရပါတယ် ။
စစ်ကောင်စီက သူတို့မကြိုက်တဲ့ အမှန်အတိုင်းရေးတဲ့သတင်းထောက်တွေ ၊မီဒီယာတိုက်တွေကို ဖိနှိပ်တဲ့ အပြင် စစ်ကောင်စီအကြိုက်လိုက်ရေးတဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေ ၊သတင်းသမားအမည်ခံတွေကိုတောင် စကားပြောမှားရင် ၊အရေးအသားမကြိုက်တာနဲ့ ဖမ်းဆီးထောင်ချနေတာပါ ။
ဒီလိုအခြေအနေတွေ ကြုံနေပေမယ့်လည်း သတင်းစာဆရာတွေဟာ သူတို့ရဲ့ တာဝန်ကို နွေဦးတော်လှန်ရေးကာလတစ်လျှောက် အခက်အခဲမျိုးစုံကြားက မပျက်မကွက်ကြိုးစားလုပ်ကိုင်နေကြပါတယ် ။ လွတ်လပ်တဲ့ ၊အမှန်အတိုင်းသာရေးသားပြောဆိုတဲ့ မီဒီယာတွေ၊သတင်းထောက်အများစုဟာပြည်တွင်းမှာ နေထိုင်လုပ်ကိုင်ဖို့ မဖြစ်နိုင်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၊ပြည်ပနိုင်ငံတွေမှာ အခြေချလုပ်ကိုင်တာ ၊ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာသွားရောက်နေထိုင်လုပ်ကိုင်ကြရပါတယ်။ ဒါတောင် ပြည်တွင်းမှာပဲ အန္တရာယ်များပေမယ်ဆက်လက်နေထိုင်ပြီး ပြည်သူတွေကြားကနေ သတင်းအမှန်ပေးပို့နေကြတဲ့ အလွန်ရဲရင့်တဲ့သတင်းစာဆရာတွေလည်းရှိပါတယ် ။
ဒီလိုအန္တရာယ်များတာကိုသိရဲ့သားနဲ့ ဘာကြောင့် သတင်းထောက်အလုပ်ကိုဆက်လုပ်ကြလဲလို့မေးရင် သတင်းစာဆရာတွေက အမှန်တရားမြတ်နိုးလို့ ၊ အာဏာရှင်တွေဟာ အမှန်တရားကိုကြောက်တာမို့ အမှန်တရားကိုဆက်ပြောပြီးသတင်းစာပညာနဲ့ စစ်အာဏာရှင်တွေတော်လှန်ဖို့ ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်စေ ဒီမိုကရေစီနိုင်ငံဖြစ်စေ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ မရှိမဖြစ်မို့ ဒီတာဝန်ကိုထမ်းဖို့ ၊ ပြည်သူတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကိုဖြည့်ဆည်းပေးချင်တာမို့ လုပ်နေကြတာလို့ တညီတညွတ်တည်းဖြေကြပါလိမ့်မယ် ။

ဒါကြောင့် ဒီနေ့ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ အလွှာပေါင်းစုံက ပြည်သူတွေ ၊ တော်လှန်ရေးအင်အားစုတွေနဲ့ သတင်းမီဒီယာတွေဟာ မိတ်ဖက်တွေပါ ။တနည်းအားဖြင့် ဘယ်အာဏာရှင်စနစ်ကိုမှ မလိုလားပဲ ၊လွတ်လပ်မှု နဲ့ တရားမျှတမှုကိုလိုလားတဲ့ ပြည်သူ့အာဏာကိုသာယုံကြည်တဲ့ ဒီမိုကရေစီအင်အားစုတွေပဲဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ မကြုံဖူးခဲ့တဲ့ စည်းလုံးမှု နဲ့ ရဲရင့်မှုတွေကြောင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အောင်မြင်မှုတွေရလာပြီဖြစ်တဲ့နွေဦးတော်လှန်ရေးမှာ ကျရာတာဝန်ကနေ အကောင်းဆုံးကြိုးပမ်းနေကြတဲ့ အင်အားစုတွေပဲဖြစ်ပါတယ် ။
တန်ဖိုးတွေ ၊အလှတရားတွေပေါင်းစုံနေတဲ့ သည်နွေဦးတော်လှန်ရေးမှာ သတင်းစာဆရာတွေ ၊မီဒီယာတွေကို ပူပန်စေခဲ့တဲ့ဖြစ်ရပ်အချို့ မကြာသေးခင်ကပေါ်ပေါက်ခဲ့ပါတယ် ။
အဲတာက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကဧပြီ ၁၆ ရက်မှာ “မီဒီယာကျင့်ဝတ်ဆိုင်ရာညွန်ကြားချက်” ထုတ်ပြန်လာတာ နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ဧပြီ ၂၁ ရက်မှာ ” ပြင်ပသတင်းမီဒီယာများ သတင်းရယူခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာချက်”ထုတ်ပြန်လာတာကြောင့်ပါ ။ ကရင်နီပြည်ဟာ နွေဦးတော်လှန်ရေးမှာ ကျန်ဒေသတွေလေးစားအတုယူရတဲ့ဒေသဖြစ်သလို ၊ IEC ကလည်းအနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ကျန်တော်လှန်ရေးအင်အားစုတွေက နမူနာယူ၊လေးစားအားကျနေရတဲ့ အင်အားစုဖြစ်ပါတယ် ။ KNU ကလည်းသိတဲ့အတိုင်း ခေတ်အဆက်ဆက် ဒီမိုကရေစီအင်အားစုတွေကို အစဥ်အဆက်ကူညီခဲ့သလို ၂၀၂၁ စစ်တပ်အာဏာသိမ်းတဲ့အခါမှာလည်း ပြည်သူနဲ့အတူရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေကို ကူညီပေးခဲ့တဲ့၊စစ်ကောင်စီကိုအစောဆုံးတော်လှန်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲကတစ်ဖွဲ့ဖြစ်ပါတယ် ။
IEC နဲ့ KNU ထုတ်ပြန်ချက်တွေဟာ သတင်းမီဒီယာတွေကို လွတ်လပ်စွာသတင်းရယူခွင့်ကို ကန့်သတ်ချုပ်ခြယ်ချင်တာကြောင့်လားလို့ မီဒီယာတွေက စိုးရိမ်ကြတာပါ ။ IEC နဲ့ KNU က တာဝန်ရှိသူတွေကတော့ သတင်းရယူပိုင်ခွင့် နဲ့သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့ မဟုတ်ပဲ သတင်းရယူတဲ့အခါပိုစနစ်ကျအောင် ၊ပူးပေါင်းဆောင်ရွက်မှုပိုကောင်းအောင် ထုတ်ပြန်တာဖြစ်တယ်ဆိုတာမျိုး သတင်းဌာနတွေကိုဖြေကြားထားတာလည်းတွေ့ရပါတယ် ။
ဒါပေမယ့် IEC ရဲ့ထုတ်ပြန်ချက်မှာ သတင်းရယူသွားတဲ့အခါ နေထိုင်ဖို့အတွက်ရပ်ကွက်၊ကျေးရွာ၊မြို့နယ် အုပ်ချုပ်ရေးမှူးတွေထံသို့ အသိပေးအကြောင်းကြားဖို့ ၊သတင်းသွားယူလိုတဲ့နေရာကို သက်ဆိုင်ရာတပ်မှူး တပ်ဖွဲ့တွေရဲ့ခွင့်ပြုချက်နဲ့သွားလာဖို့စတဲ့အချက်တွေဟာ လွတ်လပ်စွာသတင်းရယူခွင့်ကိုထိခိုက်စေတယ်လို့ မီဒီယာတွေကရှုမြင်နေကြပါတယ် ။ အဲလိုညွန်ကြားထားတာကြောင့် အုပ်ချုပ်ရေးမှူးတွေ ၊တပ်မှူးတွေက မီဒီယာတွေကိုခွင့်မပြုရင်သတင်းရယူဖို့မရတော့မှာကိုသတင်းစာဆရာတွေက စိတ်ပူနေကြတာပါ။ အလားတူ KNU ရဲ့ထုတ်ပြန်ချက်ရဲ့ နံမှတ် ၆ မှာ “လိုအပ်ပါကရိုက်ကူးထားသည့် ရုပ်သံများဖြစ်စေ ၊ဓါတ်ပုံများဖြစ်စေတာဝန်ရှိသူများမှ စစ်ဆေးရန်တောင်းခံလာပါက ရိုက်ကူးထားသည်များကို ပြသပေးရမည် “ဆိုတဲ့အချက်ဟာ လွတ်လပ်စွာသတင်းရယူခွင့်အတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ် ။
တစ်ကယ်တော့ သတင်းထောက်တွေ ၊သတင်းမီဒီယာတွေမှာ သက်ဆိုင်ရာသတင်းဌာနတွေက ကျင့်သုံးစေတဲ့ သတင်းထောက်ကျင့်ဝတ်၊သတင်းမီဒီယာကျင့်ဝတ်တွေရှိပြီးသားဖြစ်ပါတယ် ။ ဒီမိုကရေစီ မိတ်ဖက်တွေအချင်းချင်း ကျင့်ဝတ်အတိုင်းလုပ်ကိုင်နိုင်ဖို့ အားပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ကျင့်ဝတ်ဖောက်ဖျက်တဲ့ သတင်းထောက်ရှိခဲ့ရင်၊မီဒီယာရှိခဲ့ရင် သူ့ကိုပဲ တာဝန်ခံခိုင်းရမှာဖြစ်ပါတယ် ။သတင်းမီဒီယာလောကတစ်ခုလုံးကို သိမ်းကြုံးကန့်သတ်ချုပ်ချယ်တာ မျိုးမဖြစ်ဖို့ လိုပါတယ် ။ ဒါအပြင် အာဏာရှင်စနစ်မလိုလားတဲ့အဖွဲ့အစည်းတိုင်းဟာ သတင်းမီဒီယာရဲ့ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုပြီး အားပေးရမှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကသာ အဖွဲ့အစည်းတွေရဲ့ အားနည်းချက်၊အားသာချက်တွေကိုလည်း အမှန်အတိုင်းရေးသားဖော်ပြနိုင်တာမို့ ဘယ်အဖွဲ့အစည်းအစဥ်ဖြစ်စေ ၊ဘယ်အစိုးရဖြစ်စေလုပ်ကိုင်ဆောင်ရွက်မှုတွေတိမ်းစောင်းသွားရင် အချိန်မီပြင်ဆင်နိုင်အောင် လွတ်လပ်တဲ့ မီဒီယာတွေကိုပဲ အဓိကအားထားကြရတာဖြစ်ပါတယ် ။ ဒါအပြင် ပြည်သူနဲ့ အုပ်ချုပ်သူကြားမှာလည်း လွတ်လပ်တဲ့မီဒီယာတွေကပဲ အကောင်းဆုံးပေါင်းကူးပေးနိုင်တာပါ။
ဒါကြောင့် ဒီကနေ့အဓိက ပြောချင်တာက အာဏာရှင်စနစ်ကို မလိုလားတဲ့ ဒီမိုကရေစီအင်အားစုတွေ ၊တော်လှန်ရေးအင်အားစုတွေဟာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်အသိအမှတ်ပြုပြီး အားပေးကြဖို့ပဲဖြစ်ပါတယ်။ မရည်ရွယ်ပေမယ့်လည်း မီဒီယာတွေရဲ့ လွတ်လပ်စွာသတင်းရယူခွင့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးတွေမရှိစေချင်ပါဘူး ။ IEC နဲ့ KNU တို့ကဒီလိုလုပ်လို့ကျန် တော်လှန်ရေးအင်အားစုတွေကပါ မီဒီယာတွေကို ထပ်ပြီး ဒီလို ညွန်ကြားချက်တွေ ထပ်ထုတ်လာခဲ့မှာကို သတင်းမီဒီယာတွေစိုးရိမ်နေကြပါတယ်။ ဒီလို ပြောလို့ မီဒီယာတွေကို စည်းလွတ်ဘောင်လွတ် ၊တာဝန်မဲ့ရေးသားဖော်ပြပါစေလို့ပြောတာမဟုတ်ပါဘူး ။အမှားလုပ်ရင် ပြန်တာဝန်ခံရမယ့် ကျင့်ဝတ်ကလည်းရှိပြီးဖြစ်ပါတယ် ။ကျင့်ဝတ်မဲ့ ၊ အမှားကိုအမှန်လုပ်ပြီးဖော်ပြတဲ့ တာဝန်မဲ့မီဒီယာတွေရှိရင်လည်း စာဖတ်သူတွေရဲ့ ကျဥ်မှုကြောင့် ရေရှည်မရပ်နိုင်ပါဘူး ။
လွတ်လပ်တဲ့မီဒီယာတွေဟာ အခက်ခဲ ၊အကြပ်တည်းဆုံးအချိန်မှာတောင် ရဲရဲဝံ့ဝံ့အကောင်းဆုံးကြိုးစားခဲ့ကြတာမို့ သူတို့နဲ့ပတ်သပ်ပြီး စိုးရိမ်မပိုဖို့ အကြံပြုလိုပါတယ် ။ မီဒီယာတွေဟာ စစ်အာဏာရှင်အဆက်ဆက်မှာလည်း ပြည်သူနဲ့အတူရပ်တည်ပြီး အမှန်တရားကိုပြောခဲ့ကြပါတယ် ။
၂၀၁၆ ကနေ ၂၀၂၀ အထိ့ ရွေးကောက်ခံအရပ်သား(NLD)အစိုးရလက်ထက်မှာတောင် လွတ်လပ်တဲ့မီဒီယာတွေဟာ အခွင့်အရေးပေးတာမခံရပဲ စတုတ္ထုမဏ္ဍိုင်ဆိုတာမရှိဘူး လူထုမဏ္ဍိုင် ပဉ္စမ မဏ္ဍိုင်ပဲရှိတယ်လို့အစိုးရအဖွဲ့ဝင်အချို့ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့ပြီး ပုဂ္ဂလိကမီဒီယာတွေ ဖွံ့ဖြိုးအောင် မလုပ်ပေးပဲ မီဒီယာအခန်းကဏ္ဍာကိုလစ်လျူရှုခံခဲ့ရပါတယ်။ဒါပေမယ့် အရေးကြုံလာတဲ့အခါ ၊ စစ်တပ်အာဏာသိမ်းမှုကြုံလာတဲ့အခါ အမှန်အတိုင်းရပ်တည်တာ၊ အမှန်တရားကိုပဲပြောဆိုလုပ်ကိုင်တာ ၊ကိုယ့်တာဝန်ကိုယ်အကောင်းဆုံးတာဝန်ထမ်းခဲ့ကြတာကလည်း လွတ်လပ်တဲ့မီဒီယာတွေပဲဖြစ်ပါတယ် ။
ဒါကြောင့် မီဒီယာဆိုတာ တော်လှန်ရေးအင်အားစုတွေအတွက် စိုးရိမ်စရာ၊ကန့်သတ်ချုပ်ချယ်စရာမဟုတ်ပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူးထောင်နိုင်ရေးအတွက် လွတ်လပ်စွာသတင်းရယူခွင့်ကိုမဖြစ်မနေ အားပေးရမယ့် မိတ်ဖက်တွေသာဖြစ်ကြောင်း သတင်းစကားပါးလိုက်ရပါတယ်။ ။
(၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သောပြည်သူများကိုစစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာဘေးလွတ်အောင် ထွက်ပြေးနေသောဆန္ဒပြပြည်သူအချို့ နှင့် ထွက်ပြေးတိမ်းရှောင်နေရင်းသတင်းရယူနေသောသတင်းထောက်တစ်ဦး/ ဆန္ဒပြပွဲတွင် သတင်းရယူ၍ အဖမ်းခံရသောသတင်းထောက်တစ်ဦးနှင့် RSF ၏ ၂၀၂၄ မီဒီယာလွတ်လပ်ခွင့်အဆင့်သတ်မှတ်ချက်တွင် အဆိုးဆုံးဝါး နိုင်ငံ စာရင်းဝင်နေသော မြန်မာ ။ဓါတ်ပုံ- ရိုက်တာ ၊CJ)
