နေခန့်/People’s Spring
စာတစ်ကြောင်းသင်ဖို့အရေး ကောင်းကင်တွင်လေယာဉ်လာမလာ စောင့်ကြည့်နေရသည့် အခြေအနေမျိုး စာဖတ်သူကြုံတွေ့ဖူးပါသလား။ အညာ စာသင်ကျောင်းများတွင်တော့ ထိုအခြေအနေမျိုး လက်ရှိကြုံတွေ့ရင်ဆိုင်နေရပါသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းသည့် အညာ၌ လူစုစုရှိသည့်နေရာများအား စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုများ၌ စာသင်ကျောင်းများလည်း ပါဝင်ခဲ့ပြီး ကျောင်းသားကျောင်းသူကလေးသူငယ်ပေါင်းများစွာ၊ ဆရာဆရာမပေါင်းများစွာ စာသင်ရင်းအသက်ပျောက်ခဲ့ကြပါသည်။
ရာချီသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောဖြစ်စဥ် အများအပြား ရှိခဲ့ပါသည်။

Public Service Announcement
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းကကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီးကျေးရွာနှင့် လွိုင်နန်းဖကျေးရွာတို့ရှိ စာသင်ကျောင်းနှစ်ကျောင်းကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ်ရှိ ကလေး ၄ ဦး သေဆုံးပြီး မူကြိုအရွယ် ကလေးတစ်ဦးအပါအဝင် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် လွိုင်နန်းဖရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

၂၀၂၄ ဇန်နဝါရီလ ၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် စာသင် ကျောင်းပေါ် ကျရောက်ပေါက်ကွဲပြီး ဆရာ၊ ဆရာမ ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း တအာင်းတပ် (TNLA) က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းနှင့် ကပ်လျက် ချင်းပြည်နယ်တွင်လည်း ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်နေ့က ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ အထက်တန်းကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဇနီးအပါအဝင် သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့က ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့နယ်ကြား မနော်သာကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို လေတပ်က ဗုံးကြဲခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ကလေးအများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီက စာသင်ကျောင်းကို ရည်ရွည်ပစ်ခတ်ခဲ့သည့်ဖြစ်စဥ်များအနက် အထင်ရှားဆုံးမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာလေကြောင်းတိုက်ခိုက်မှုပင် ဖြစ်သည်။
ထိုတိုက်ခိုက်မှု၌ စစ်တပ်က လက်ယက်ကုန်းရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ကလေး ၇ ဦး၊ လူကြီး ၅ ဦး သေဆုံးခဲ့ရသည်။
ထိုအခြေအနေမျိုးတွေကြောင့် ကလေးတွေကိုစာသင်ရသည်မှာ စိတ်မဖြောင့်ခဲ့ကြောင်း မကွေးတိုင်း၊ မြိုင်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် CDM အခြေခံပညာကျောင်းဆရာမဒေါ်ခင်က ပြောပါသည်။

ဆရာဆရာမများမှာလည်း မလွယ်လှပါ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းလို၍ CDM လုပ်ခဲ့ကြသော်လည်း ကလေးတွေပညာရေးအတွက် ပညာသင်ကြားရေးကို မရပ်တန့်ခဲ့ကြပါ။
သို့သော် ကိုယ့်ရပ်ရွာပညာရေးအတွက် ကိုယ့်ရွာကပဲထောက်ပံ့သည့်အစီအစဉ်ဖြင့်ဆက်သွားနေ၍ ဆရာဆရာမများမှာ ဖုန်းဘေဖိုးလောက်ပင်အနိုင်နိုင်ရကြသည်။
“ကျောင်းသားမိဘကပဲထောက်ပံ့ရတာ။ အဲလိုမျိုးနဲ့သင်နေရတာဆိုတော့ ရန်ပုံငွေအခက်အခဲအများကြီးရှိတယ်။ ဖုန်းဘီလ်ဖိုးလောက်နဲ့ သင်ရတယ်။”ဟု ဆရာဦးအေးမင်းဝင်းက ပြောသည်။
ထိုအခက်အခဲများကြားမှ လေကြောင်းရန်ကလည်း အကြီးမားဆုံးအခက်အခဲတစ်ခု ဖြစ်လာခဲ့သည်။
ဆရာမဒေါ်ခင်ကိုယ်တိုင်လည်း နှစ်ကြိမ်တိုင် လေကြောင်းပစ်ခတ်မှု ကြုံခဲ့ရဖူးသည်။ ပထမတစ်ကြိမ်မှာ မနှစ်က မြိုင်နယ်ရှိ ရွာတစ်ရွာ၌ စာသင်နေချိန် ရွာ့အပြင်တစ်နေရာကို စစ်တပ်က လေကြောင်းပစ်ခတ်ခဲ့သည်။ လေယာဉ်သံတွေထွက်လာပြီးနောက် ပစ်ခတ်သံတွေကြားလိုက်ရသည်။ ဆရာမဒေါ်ခင်အပါအဝင် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူကလေးငယ်များအား များစွာထိတ်လန့်ခဲ့ကြသည်။ ကျောင်းအဆောက်အအုံဘေးက ဗုံးခိုကျင်းတွေထဲဝင်ပုန်းကြသည်။
“တခါမှလည်းအတွေ့အကြုံကမရှိ ကိုယ့်ကျောင်းကြီးပေါ်ကို ပစ်နေပြီပဲထင်တာ။ ဗုံးခိုကျင်းတွေထဲဝင်ပြေးကြတာ။”ဟု ဆရာမဒေါ်ခင်က ပြောသည်။
ကြောက်လန့်၍ ကလေးတွေလည်းငိုကြသည်။ ဆရာမတချို့လည်း ငိုကြသည်။ ထိုအချိန် ကလေးမိဘတွေကလည်း သူတို့၏ရင်သွေးများအတွက် စိုးရိမ်ပူပန်၍ အပြေးအလွှား ကျောင်းရောက်လာပြီး အော်ကြခေါ်ကြနှင့် ဆူညံပွက်လောရိုက်သွားခဲ့သည်။
ကံကောင်းသည်က လူထိခိုက်မှုမရှိခဲ့။

နောက်တစ်ကြိမ်မှာ ဆရာဆရာမများ စစ်ဆေးရေးသွားချိန် ရောက်နေသည့်ရွာ၏ ဘေးကပ်လျက်ကရွာကိုပစ်သည်။ ထိုတစ်ကြိမ်၌လည်းထိခိုက်မှုမရှိခဲ့ပေ။
၂၀၂၃ ခုနှစ် နှစ်စပိုင်းကလည်း မြိုင်မြို့နယ်တနေရာ၌ပြုလုပ်သည့် ပညာရေးအစည်းအဝေးတစ်ခုတွင် လေကြောင်းပစ်ခတ်မှုခံခဲ့ရဖူးကြောင်း၊ သို့သော် လူထိခိုက်မှုမရှိခဲ့ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ တာဝန်ခံ-၂ ဆရာဦးအေးမင်းဝင်းက ပြောသည်။
လေကြောင်းပစ်ခတ်မှု ရှိခဲ့ပြီးနောက် မြိုင်နယ်က ကျောင်းများသည် ကျောင်းအဆောက်အအုံကိုမသုံးဘဲ အခြားနေရာများတွင်သင်ကြားပေးခြင်း၊ တစုတစည်းထဲမဟုတ်ဘဲ နေရာများခွဲကာသင်ကြားခြင်းများပြုလုပ်ခဲ့ရကြောင်းဆရာ၊ဆရာမများက ပြောသည်။
“ကလေးတွေကို တစုတစည်းထဲကို မသင်ရဲတော့တာ။ ကျွန်တော်တို့မှာ တော်တော်ကြီးကိုစိုးရိမ်ရပါတယ်။”ဟု ဆရာမခင်က ပြောသည်။ သို့သော် ဘယ်လိုပဲသင်သင် စိတ်ပူပန်မှုကတော့ လျော့ကျမသွားခဲ့။
တော်လှန်ရေး အင်အားစုများကလည်း မုံရွာနမခနှင့် တံတားဦးမှ လေကြောင်းတက်ပြီဆိုသည်နှင့် မြိုင်ပညာရေးဘုတ်အဖွဲ့နှင့် ကျန်းမာရေးအဖွဲ့ကို သတင်းပို့ရသည်။ ကြိုတင်ပြင်ဆင်နိုင်အောင်ဖြစ်သည်။
ထို့နောက်ပိုင်း သတင်းတွေကလည်း ခပ်စိပ်စိပ်ကြားလာခဲ့ရသည်။ မြိုင်နယ်လေကြောင်းဖြင့် တိုက်ခိုက်နိုင်သည်ဆိုသည့်သတင်းများ။
မြိုင်နယ်အတွင်း၌ ရေနံမှော်များရှိနေ၍ ထိုရေနံမှော်များက ရရှိနေသည့် ငွေကြေးများကိုလည်း PDF အဖွဲ့များထံစီးဆင်းမည်ကို စစ်ကောင်စီက စိုးရိမ်နေသည်။
“အဓိကကတော့ ရေနံမှော်ကိုမဲချင်တာ။”ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယခုနှစ်တွင် စစ်ကောင်စီက ကင်းထောက်ဒရုန်းများအသုံးပြု၍ ကျေးရွာများအား မကြာခဏကင်းထောက်နေကြောင်း မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF)၏ အတွင်းရေးမှူး ကိုတင့်က ပြောသည်။
“မြေပြင်က လာပြီဆိုရင် သိတယ်လေ။ လေကြောင်းကျ နောက်ဆုံး MI35 ဆိုရင်ကို ပြင်ဆင်ချိန်ရှိတယ်။ ဂျက်ဖိုက်တာတို့ကျ အသံပဲကြားလိုက်ရတယ်။ ချက်ချင်း သူတို့လုပ်သွားမှပဲသိလိုက်ရတာဆိုတော့ အသံကလည်းနောက်မှကြားရတာကိုး။”ဟု ကိုတင့်ကပြောပြသည်။
“လေယာဉ်ကျတော့ ကာကွယ်ဖို့ရာကျ ခက်ခဲနေတဲ့အနေအထားပါ။ စစ်ကောင်စီက ဒီဘက်ကပညာရေးအဖွဲ့ကိုလည်း တော်လှန်ရေးလို့ပဲသတ်မှတ်တာကိုး။ သူတို့ကနေရာမရွေး အချိန်မရွေး အကုန်ပစ်တာဆိုတော့လေ။ ဖြစ်သွားရင်က လေးတွေကအများကြီး။ ဆရာဆရာမတွေကော။ မိဘတွေကော။”ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဲဒီနောက်ပိုင်းမှာ ဆရာဆရာမတွေ စဉ်းစားလာကြရသည်။ လေယာဉ်လာပစ်ရင်ဘယ်လိုလုပ်မလဲဟု။
“ကျောက်ထုဘက်အစည်းအဝေးမှာ ပစ်သွားတာတွေ။ အခုကျောင်းဖွင့်ဖို့ကို တော်တော်လေးကိုကြောက်ကြတယ်။”ဟု ဆရာမခင်က ပြောသည်။ ဆောမြို့နယ် ။ကျောက်ထုတိုက်နယ် ၊ အကြည်ပန်းပလွန်းရွာတွင် မေ ၉ ရက်က ယာဥ်လိုင်းပြေးဆွဲမှုများနှင့်ပတ်သပ်၍ အစည်းအဝေးလုပ်နေစဥ် စစ်ကောင်စီတပ်က ဗုံးကြဲ၍ ပြည်သူ ၂၀ ခန့်သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ ၃၀ ခန့်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
မြိုင်ပညာရေးဘုတ်အဖွဲ့၊ မြို့နယ်နှင့်ရပ်ကျေးအုပ်ချုပ်သူများ၊ ကျောင်းသားမိဘများ ခေါင်းချင်းဆိုင်ခဲ့ကြသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြရသည်။
မြေပြင်ရှိပြည်သူ့အခြေပြုကျောင်းများနှင့် ပညာရေးလုပ်ငန်းစဉ်များအားလုံး ယာယီရပ်နားထားကြရန် မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က မေလ၁၂ရက်နေ့တွင် ကြေညာလိုက်ရသည်။ ဆရာဆရာမများ စိတ်မကောင်းဖြစ်ခဲ့ကြသည်။ အာဏာသိမ်းပြီးကတည်းက အခက်အခဲအမျိုးမျိုးရှိနေသည့်ကြားက ၃ နှစ်တာရုန်းကန်သင်ကြားခဲ့ရသည့် စစ်ပွဲကြားက ပညာရေးအားရပ်တန့်လိုက်ရ၍ ဖြစ်သည်။
ကျောင်းမဖွင့်နိုင်၍ ကလေးတွေ တခြားအာရုံများ ကြီးစိုးသွားမည်ကိုလည်း ဆရာမခင် စိတ်ပူပါသည်။ ရွာဘက်တောဘက်မို့ ကျောင်းအာရုံစိုက်စရာမရှိချိန်တောထဲမှာပဲ ကြက်လိုက် ငှက်လိုက်ရင်း တောပျော်ကလေးများ ဖြစ်သွားမှာကို ဆရာမခင်စိတ်ပူသည်။
“ဆယ်ကျော်သက်ဆိုရင်လည်း အာရုံစိုက်စရာ ပညာရေးမရှိတော့ တခြားဘက်တွေများ စိတ်ကစားပြီး စောစောစီးစီး အိမ်ထောင်တွေ ကျကုန်မလားပေါ့။ အဲဒါမျိုးတွေကအစ ကိုယ့်မှာတွေးပြီး ပူရတယ်။ စိတ်မကောင်းဖြစ်ရတယ်။”ဟု ဆရာမခင်က ဆိုပါသည်။
စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် စစ်ကောင်စီ၏ အာရုံစိုက်မှုများကြောင့် ပိတ်လိုက်ရသည့် ကျောင်း အရေအတွက်အား မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က အတိအကျအသိမပေးနိုင်သေးပေ။
သို့သော် ကျောင်းပိတ်ခြင်းမှာ အခိုက်အတန့်သာဖြစ်ကြောင်း ဆရာဦးအေးမင်းဝင်းက ပြောသည်။
“တစ်နှစ်လုံးရယ်လို့ မဆိုလိုဘူး။ ယာယီပါ။”ဟု ဆရာဦးအေးမင်းဝင်းက ပြောသည်။
ယမန်နှစ်များက မြိုင်မြို့ပေါ်နှင့် ပျူရွာအချို့တွင် စစ်ကောင်စီ၏ စာသင်ကျောင်းအချို့ ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဖွင့်လှစ်သည့်သတင်းများ မကြားရဟု မြိုင်ဒေသခံများက ပြောသည်။
ကျောင်းပိတ်လိုက်ရ၍ မိဘတွေလည်းစိတ်မကောင်းကြ။ သို့သော်စိုးရိမ်စိတ်ကလည်းရှိခဲ့ကြသည်။
“စိုးရိမ်စိတ်ကတော့ရှိတယ်။ သူတို့ကလူစိတ်မဆန်တဲ့သူတွေဆိုတော့။”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။သို့သော် ကျောင်းပြန်ဖွင့်လျှင်တော့ပြန်ထားမည်ဟု ကျောင်းသားမိဘများက ပြောပါသည်။
“လုံးဝမရပ်ပါဘူး။ ယာယီလေးပါပဲ။ ပြင်ဆင်ပြီးရင်ပြန်ဖွင့်မှာပါ။”ဟု မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၂ ဆရာဦးအေးမင်းဝင်းက ပြောပါသည်။
“ပြည်သူလူထုက ဒီလမ်းကြောင်းပေါ်မှာ နင်းပြီးသားဆိုတော့ ကျွန်တော်တို့လည်း ရွေးချယ်စရာမရှိဘူး။ မြေပြင်စိုးမိုးမှုတွေ ပိုင်ဆိုင်မှပဲ အခြားယန္တရားတွေလည်ပတ်ဖို့က အဆင်ပြေမှာဆိုတော့ အားစိုက်ပြီးတော့လုပ်နေပါတယ်။”မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF)၏ အတွင်းရေးမှူး ကိုတင့်က ပြောသည်။
ကလေးငယ်များ အေးအေးဆေးဆေးပညာသင်ကြားခွင့်ရနိုင်ရေးအတွက် တစ်ခုတည်းသောအခင်းအကျင်းမှာ တော်လှန်ရေးအောင်နိုင်ဖို့ပင်ဖြစ်ကြောင်း ဆရာဆရာမများက တူညီစွာပြောသည်။ တော်လှန်ရေးမအောင်သရွေ့စိုးရိမ်စိတ်များ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ တန်းတူညီမျှမရှိမှုများ ဆက်ကြုံနေရမည်ဟု ဆရာဦးအေးမင်းဝင်းကပြောပါသည်။
“စာပြန်သင်ဖို့အတွက် တော်လှန်ရေးနိုင်မှဖြစ်မှာ။ တော်လှန်ရေးအောင်မှပဲ စာအေးအေးချမ်းချမ်းသင်လို့ရမယ်လို့တွေးတယ်။”ဟု ဆရာမခင်က ပြောလိုက်ပါသည်။
