close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ပြည်သူ့အတွက် မဟုတ်ဘဲ စစ်တပ်အကျိုး အတွက်ပဲ ဖြစ်လာမယ့်ရွေးကောက်ပွဲ

စစ်တပ်ကဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုအတွက်မဟုတ်ဘဲနိုင်ငံရဲ့ အာဏာကို စစ်တပ်က ဆက်ပြီး ခိုင်ခိုင်မာမာ ချုပ်ကိုင်နိုင်စေဖို့ အကြံအစည် တစ်ခုသာ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲကို မဲမ​ပေးဖို့​စာ​ရေးသားထားတဲ့ ဆိုင်းဘုတ် / စစ်တပ်​ရွေး​ကောက်ပွဲဝင် မယ့်စစ်သားမှအရပ်သားယူနီ​ဖောင်း​ပြောင်းဝတ််ထားသူအပါအဝင်အမတ်​လောင်းတချို့ရဲ့မဲဆွယ်ဆိုင်းဘုတ် ။ဓါတ်ပုံ-CJ ၊AFP ၊Getty Images

People’s Spring

စစ်တပ်ကဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုအတွက်မဟုတ်ဘဲနိုင်ငံရဲ့ အာဏာကို စစ်တပ်က ဆက်ပြီး ခိုင်ခိုင်မာမာ ချုပ်ကိုင်နိုင်စေဖို့ အကြံအစည် တစ်ခုသာ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက​​ရွေး​ကောက်ခံအရပ်သား အစိုးရဆီကနေ အဓမ္မအာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲတွေကို အပိုင်း ၃ ခုခွဲခြားကျင်းပဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ ဝေဖန်မှုတွေကတော့ အဲဒီ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့ မဟုတ်ဘူးလို့ အခိုင်အမာ ထောက်ပြနေပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေကို ကူညီဖို့ မဟုတ်ဘဲ စစ်တပ်ကိုသာ ကူညီပေးမှာ ဖြစ်တယ်လို့ ဆိုပါတ်ယ။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချထားဆဲ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ဖျက်သိမ်းစေခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့မှာလည်းတိုက်ပွဲတွေ ဖြစ်ပွားနေသလို နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်မှု ကင်းမဲ့နေတဲ့ အချိန်မှာ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့ စိုင်းပြင်းခဲ့တာဖြစ်ပါတယ်။ပြီးတော့ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ စစ်တပ်က တွင်တွင်ပြောနေပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ဖြိုခွင်းမှုတွေကြောင့် ပြည်ပကို ထွက်ပြေးခဲ့သူအသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာပြည်သူကိုမျက်နှာမူတာမဟုတ်ဘဲ စစ်တပ်ရဲ့ အကျိုးအတွက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်ဟာ သူတို့ကိုယ်တိုင်ဖန်တီးပြီးမနိုင်မနင်း ဖြစ်နေတဲ့ အကျပ်အတည်းကနေရုန်းထွက်ဖို့ ရွေးကောက်ပွဲကို ဖန်တီးခဲ့တာလို့ သူကဆိုပါတယ်။

စစ်တပ်ကတော့ရွေးကောက်ပွဲအပြီးကျရင် အတိုင်းအတာတစ်ခုထိ တရားဝင်မှု ရရှိလာပြီး နိုင်ငံတကာရဲ့ ဖယ်ကြဉ် ခံထားရမှုကနေ လွတ်မြောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ရွေးကောက်ပွဲကို ပြည်သူတွေက ထောက်ခံပါတယ်လို့ စစ်တပ်ကပြောကြားခဲ့ပြီးပြည်ပကဝေဖန်နေသလိုမျိုးမဟုတ်ပါဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ စစ်တပ်ဟာ မြန်မာပြည်သူတွေအတွက် ရွေးကောက်ပွဲ ကျင်းပပေးတာသာ ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအတွက် မဟုတ်ဘူးလို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်မဟာမိတ်နိုင်ငံတွေက

တော့ ရွေးကောက်ပွဲဟာ အတုအယောင် တစ်ခုသာဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ တစ်ဖက်မှာတော့ စစ်တပ်ရဲ့အရေးအကြီးဆုံးမဟာမိတ်ဖြစ်တဲ့တရုတ်အစိုးရကရွေးကောက်ပွဲကိုအတိအလင်း ထောက်ခံနေပါတယ်။ မြန်မာနိုင်ငံမှာနှစ်တွေ အတော်ကြာအောင် စစ်ပွဲတွေ ဖြစ်ပွားနေခဲ့တဲ့နောက် ရွေးကောက်ပွဲက တည်ငြိမ်မှုကို အထိုက်အလျောက် ပြန်ယူပေးလိမ့်မယ်လို့ တရုတ်အစိုးရက မျှော်လင့်နေဟန်ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

လက်တွေ့အားဖြင့်တော့ ပဋိပက္ခတွေက ဆိုးသထက် ဆိုးလာနေပါတယ်။ စစ်ရေး ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ ACLED အဖွဲ့ရဲ့ အဆိုအရ ၂၀၂၅ ဇန်နဝါရီ လဆန်းကနေ နိုဝင်ဘာ လကုန်ထိ အတောအတွင်း စစ်တပ်ရဲ့ လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်းလောက် တိုးလာကြောင်း သိရပါတယ်။ စစ်တပ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေကိုလည်း ချမ်းသာမပေးဘဲ အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပါတယ်။ အခုလထဲမှာတော့ ရခိုင်ပြည်နယ်ထဲမှာဆေးရုံတစ်ခုကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် လူနာတွေ အပါအဝင် လူပေါင်း ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ စစ်တပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အကြောင်းပြုပြီး လူငယ်တွေကို အဓမ္မ ဖမ်းဆီးမှုတွေ တိုးမြှင့် လုပ်နေပြန်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် အဓမ္မ ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေဟာ ၂၀၂၄ နဲ့ယှဉ်ရင် ၂၀၂၅ခုနှစ်က ၂၆ ရာခိုင်နှုန်း တိုးလာပါတယ်။ လမ်းတွေပေါ်မှာ၊ ဒါမှမဟုတ် နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ စစ်သင်တန်းတွေဆီ အတင်းအကြပ် ပို့ဆောင် ခံခဲ့ရပါတယ်။ စစ်မှုထမ်းအဖြစ် အသုံးချတာမခံချင်တာကြောင့်လူငယ်အများအပြားဟာနေရပ်စွန့်ခွာထွက်ပြေးကုန်ကြပါတယ်။

ရွေးကောက်ပွဲကြို ကာလတွေမှာစစ်တပ်ဟာ လူထုအပေါ် ပုံစံမျိုးစုံနဲ့ ဖိနှိပ်မှုတွေကိုလည်း မြှင့်တင်လာခဲ့ပါတယ်။ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ ဆိုတာကိုပါ ပြဋ္ဌာန်းခဲ့ပြီး အနှစ်ချုပ်ကတော့ ရွေးကောက်ပွဲကို ဘယ်လိုဝေဖန်တာမျိုးမဆို ဥပဒေ ချိုးဖောက်မှု မြောက်သွားမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေကလည်း အနည်းဆုံး ထောင် ၃ နှစ်ကနေ သေဒဏ်ထိ ချမှတ်နိုင်ပါတယ်။ ဇူလိုင်လကစလို့ အဲဒီဥပဒေကြောင့် လူပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရပြီးပါပြီ။ အဲဒီထဲမှာ ရွေးကောက်ပွဲကို ဝေဖန်ထားတဲ့ ပို့စ်တွေကို likeလုပ်မိရုံလေးနဲ့တင် အဖမ်းခံလိုက်ရသူတွေတောင် ပါဝင်ခဲ့ပါတယ်။ တချို့မြို့ရွာတွေမှာတော့ အာဏာပိုင်တွေက ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့ တစ်အိမ်တက်ဆင်း လိုက်လံခြိမ်းခြောက် သတိပေးတာတွေရှိနေပါတယ်။

အဲဒီ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူ ဘယ်သူမဆို အရမ်းအန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြည်ပမှာ တိမ်းရှောင်နေသူ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဥမ္မာခင်က ပြောပါတယ်။

စစ်တပ်က ခြယ်လှယ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီပေါင်း ၅၇ ခုရှိပါတယ်။ အများစုက စစ်တပ်ကို သစ္စာခံတဲ့၊ ဒါမှမဟုတ် မှီခိုရတဲ့ အစုအဖွဲ့တွေလို့ သတ်မှတ်ခံရပါတယ်။ တကယ်တော့ စစ်တပ်ဟာ ရွေးချယ်ခွင့်တွေများများ ရှိနေသယောင် ဟန်ပြဖန်တီးထားတာသာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။တကယ်တမ်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့် ပါတီက ၆ ခုသာရှိခဲ့ပါတယ်။စစ်တပ်ရဲ့မဟာမိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ဟာအမတ်လောင်း အရေအတွက် အများဆုံးနဲ့ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ပြီးတော့မဲဆန္ဒနယ် အတော်များများမှာ USDPကို ယှဉ်နိုင်မယ့် ပြိုင်ဘက် မရှိတာ၊ ဒါမှမဟုတ် ယှဉ်ပြိုင်နိုင်စွမ်းအရမ်းနည်းတာမျိုး ဖြစ်နေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေထဲက ထက်ဝက်လောက်က မရှိတော့ပါဘူး။ အဲဒီ ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာတွေအတွက် အနိုင်ရခဲ့တဲ့ ပါတီတွေတောင်မှ ဖျက်သိမ်းခံခဲ့ရပါတယ်။တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားပြု ပါတီတွေ အများအပြားလည်း ဖျက်သိမ်းခံခဲ့ကြရပါတယ်။

နိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲမှာ ၅၆ မြို့နယ်က ရွေးကောက်ပွဲ ကျင်းပမယ့်ထဲ မပါဝင်ဘူးလို့ စစ်တပ်က ဝန်ခံထားပါတယ်။ ရပ်ကွက်တွေ၊ ကျေးရွာတွေ အနေနဲ့ဆိုရင်အရေအတွက်ထောင်နဲ့ချီ ရှိပါတယ်။

နိုင်ငံရေး အကဲခတ်တွေကတော့ စစ်တပ်ဟာ တစ်နိုင်ငံလုံးရဲ့ သုံးပုံတစ်ပုံလောက် ဧရိယာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ချန်လှပ်ထားခဲ့ရဟန် ရှိတယ်လို့ ပြောပါတယ်။ အဓိက အကြောင်းရင်းကတော့ အဲဒီ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားလို့၊ ဒါမှမဟုတ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေလို့ပါပဲ။

စစ်တပ် အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံမှာ စစ်ပွဲတွေက အတောမသတ်နိုင်အောင် နေ့တိုင်းလိုလို ဖြစ်ပေါ်နေခဲ့ပါတယ်။ ဆန္ဒပြမှုတွေကို အင်အားသုံး ဖြိုခွင်းခံခဲ့ရတဲ့နောက် အတိုက်အခံတွေဟာ လက်နက်ဆွဲကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသလို စစ်တပ်ကိုဆယ်စုနှစ်တွေနဲ့ချီ ဆန့်ကျင် တော်လှန်နေခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ထိုးစစ်တွေကို ချဲ့ထွင်လာခဲ့ပါတယ်။ စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေ အများကြီးကို ဆုံးရှုံးခဲ့ရပါတယ်။အထူးသဖြင့်နယ်စပ်ဒေသတွေမှာ စစ်တပ်ဟာ အကြီးအကျယ် အထိနာခဲ့တာကြောင့် အဖွဲ့အစည်း တစ်ခုလုံး ပြိုလဲသွားမလားဆိုပြီး ယူဆတာတွေတောင် ရှိခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရက ဝင်ကူတဲ့အတွက် စစ်တပ်ဟာ တကျော့ပြန် ခေါင်းထောင်လာနိုင်ခဲ့ပါတယ်။စစ်တပ်ကို အပြင်းအထန် တိုက်ခိုက်နေခဲ့တဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေထဲက တရုတ်နယ်စပ် အခြေစိုက် အစုအဖွဲ့ တချို့ကို တရုတ်က အထောက်အပံ့တွေ ဖြတ်တောက်ပစ်ခဲ့ပါတယ်။အကျိုးဆက်အဖြစ် အင်အားယုတ်လျော့သွားတဲ့ အဖွဲ့တွေဟာ စစ်တပ်ဆီ ထိန်းချုပ်နယ်မြေတချို့ ပြန်လွှဲပေးလိုက်ရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ဟာ စစ်ရေး ဗျူဟာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားကိုးလာသလို ဒရုန်းတွေကိုလည်း ပိုသုံးလာတယ်။ စစ်မှုထမ်းဖို့ လူသစ်တွေ အတင်းအကြပ် စုဆောင်းတာကိုလည်း အရှိန်မြှင့်လာခဲ့ပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မဲရုံတွေဖွင့်ဖို့ ရည်ရွယ်ထားပြီး တော်လှန်ရေး တပ်ဖွဲ့တွေ ရှိနေနိုင်တဲ့ နေရာတွေမှာ လေကြောင်းကနေ ဗုံးကြဲမှုတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ အကဲခတ်တွေကတော့ မဲပေးမှုတွေ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေရပ်စဲသွားမယ့်အလားအလာမရှိဘူးလို့ သုံးသပ်ကြပါတယ်။

ရွေးကောက်ပွဲဟာအရပ်သားအုပ်ချုပ်ရေးဆီ ပြန်လည် ပြောင်းလဲဖို့ အရွေ့တစ်ခု မဟုတ်ဘူးလို့ Crisis Groupရဲ့ သုတေသီ တစ်ဦးဖြစ်တဲ့ ရစချတ် ဟော်ဆေးက အခိုင်အမာပြောပါတယ်။ စစ်တပ်ဟာအချိုးပြောင်းမှာ မဟုတ်ကြောင်း၊ နယ်

မြေတွေ ပြန်သိမ်းယူဖို့၊ အာဏာချုပ်ကိုင်မှုကို ပိုခိုင်မာအောင် လုပ်ဖို့ပဲ စဉ်းစားမှာဖြစ်ကြောင်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား- The Guardian

(The Gu​ardian သတင်းဌာနက “ Not for the people’: Myanmar junta prepares for elections designed to legitimise grip on power” ​ဆောင်းပါးကို ဆီ​လျော်​အောင်ဘာသာပြန်ဆို​ဖော်ပြထားပါတယ် ။)

ဆက်စပ်သတင်းများ

Facebook