သစ်ရွက်ရေးသားသည်။
ဖေဖေနဲ့မေမေ
သားစာရေးလိုက်ပါတယ်။ ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။
သတိရတယ်ဖေ၊ လွမ်းဆွတ်တယ်မေ။
ပြီးခဲ့တဲ့လေးနှစ်ဟာသားဘဝမှာအပင်ပန်းဆုံးကာ
လပါပဲ။ ရင်ထဲမှာနာကျင်တဲ့အခါတိုင်းမှာဖေနဲ့မေကို တမ်းတမိတယ်။ဒီလိုအခြေအနေမျိုးကိုဖေဖေဆိုရင်ဘာပြောမလဲ၊မေမေဆိုရင်ဘာပြောမလဲလို့သားတွေးနေမိတယ်။
အကြမ်းတမ်းဆုံးကာလတွေကိုသားဖြတ်သန်းနေရပါတယ်။တခါတလေမှာမနက်ဖြန်ဆိုတာကို ရင်
ဆိုင်နိုင်သေးရဲ့လားလို့ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်။ဒါပေမယ့်သားဆီမှာခွန်အားတွေ ရှိပါသေး တယ်။ ရှေ့ကိုဆက်လျှောက်တဲ့သားရဲ့ခြေလှမ်းတွေကလည်းသွက်နေဆဲပါပဲ။ အနာဂတ်အတွက် မျော်လင့်ချက်တွေကလည်း ရင်ထဲမှာမီးလိုတောက်လောင်နေဆဲပါပဲ။

Public Service Announcement
ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သားရိုင်းလာတယ်ဖေနဲ့မေ။
ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။
မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။
ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။
မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။
အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။
အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။
ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။
နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။
တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။
သားတို့မြို့လေးကိုဖေနဲ့မေမြင်ရင်မှတ်မိမှာမဟုတ်တော့ဘူး။ မြို့ဟာမြို့မဟုတ်တော့ပါဘူး။ မြို့ဟာ သူ့ကိုသူလည်းမမှတ်မိတော့ပါဘူး။သူ့ကိုယ်သူလည်းမြို့လို့မသိတော့ပါဘူး။ မြို့ဟာသူ့ကိုယ်သူ “ရှေ့တန်းစစ်မျက်နှာ”လို့ထင်နေရှာတယ်ဖေဖေ။ သူကြုံတွေ့ရတာတွေကသူ့ကိုမကျန်းမာစေပါဘူး။
မြို့ထဲကလမ်းတွေကလည်းသူတို့ကိုယ်သူတို့လမ်းလို့မသိကြတော့ပါဘူး။ သူတို့ကကိုယ့်ကိုကိုယ် တောနက်ကြီးတွေလို့ထင်နေကြပါတယ်။တော
နက်ဆိုတာကြီးထဲကိုလူတွေမှာမသွားကြတာ မဟုတ်လား။ အမှောင်တွေဝင်လာတာနဲ့လမ်းတွေဟာသူတို့အမြီးကိုလိပ်ပြီး ငြိမ်သက်သွားကြ တော့တာပါပဲမေမေ။ လမ်းတွေလည်းမကျန်းမာကြရှာပါဘူး။
သားတို့လည်းမကျန်းမာကြပါဘူးဖေဖေ။ မိတ်ဆွေတွေတွေ့တဲ့အခါ “နေကောင်းရဲ့လား” လို့ သားမမေးဖြစ်တော့တာကြာလှပေါ့။“ဘာလုပ်နေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။ “ဘယ်မှာနေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။
မေးခွန်းတွေမမေးကြတော့တဲ့နေ့ရက်တွေကိုဖြတ်သန်းနေကြပါတယ်ဖေဖေ။
သားစာကိုဒီမှာပဲနားပါတော့မယ်။
အိပ်မက်ထဲမှာသားတိုထပ်ဆုံကြမယ်နော်။ဒီတစ်ခါတွေ့ကြတဲ့အခါဝမ်းနည်းစရာတွေမပြောဘူးလို့သားကတိပေးပါတယ်။
ဖေဖေနဲ့မေမေငြိမ်းချမ်းစွားနားပါနော်။
ဖေနဲ့မေကိုချစ်တဲ့
သား။
