ယူကရိန်းအတွက် နယ်မြေတွေ ဖြစ်နိုင်သမျှ များများပြန်ရအောင် ရုရှားကို သူက တောင်းဆိုပေးပါ့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ယူကရိန်းစစ်ပွဲကိစ္စ ဆွေးနွေးဖို့အတွက် အလာစကာ ပြည်နယ်မှာ ဩဂုတ် ၁၅ ရက်ကျရင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အဲဒီ တွေ့ဆုံမှုမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးလည်း တက်ရောက်ခွင့် ရှိသင့်တယ်လို့ ဥရောပ မဟာမိတ် နိုင်ငံတွေက ထရမ့်ကို တောင်းဆိုနေပြီး ထရမ့်ကတော့ အတိအကျ မှတ်ချက် မပေးသေးပါဘူး။
အမေရိကန်က အစိုးရအဖွဲ့ရဲ့ သတင်းရင်းမြစ်တချို့ကတော့ လက်ရှိ အချိန်ထိ အစည်းအဝေး အစီအစဉ်ဟာ ထရမ့်-ပူတင် တွေ့ဆုံမှု အနေနဲ့သာ ရှိနေကြောင်း၊ ဇီလန်စကီး တက်ရောက်ခွင့် ရခဲ့မယ် ဆိုရင်တောင်မှ ဥရောပ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကတော့ သေချာပေါက် ဖိတ်ကြားခံရမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။
ထရမ့်နဲ့ပူတင်ပဲ ဆွေးနွေးကြမယ့် ကိစ္စဟာ ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ဥရောပ မဟာမိတ်တွေရဲ့ စီမံဆုံးဖြတ်ပိုင်ခွင့်နဲ့ ဩဇာသက်ရောက်မှုတွေကို ထိခိုက်သွားစေမှာကို ဥရောပ နိုင်ငံတွေကလည်း စိုးရိမ်နေပါတယ်။

Public Service Announcement
ဒီအတောအတွင်း ထရမ့်က သူဟာ စစ်ရပ်စဲရေးအတွက် ယူကရိန်းက နယ်မြေတချို့ကို စွန့်လွှတ်ပေးဖို့၊ ရုရှားကလည်း လက်ရှိ ထိန်းချုပ် နယ်မြေတွေထဲက တချို့ကို လက်လွှတ်ပေးဖို့ ဆိုတဲ့ အပေးအယူမျိုး အဆင်ပြေအောင် ညှိနှိုင်းပေးလိုကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။
ဇီလန်စကီးကတော့ စစ်ရပ်ဆိုင်းဖို့အတွက် ယူကရိန်းက ပိုင်နက်နယ်မြေတွေ စွန့်လွှတ်ရမယ်ဆိုတဲ့ စိတ်ကူးကို အတိအလင်း ငြင်းဆိုထားသလို ဥရောပ နိုင်ငံတွေကလည်း ယူကရိန်းရဲ့ အနာဂတ်ကို ယူကရိန်းကသာ ဆုံးဖြတ်ခွင့် ရှိတယ်လို့ ထောက်ခံထားပါတယ်။
ထရမ့်ကတော့ ပူတင်နဲ့ တွေ့ဆုံမှုမှာ သူဟာ ယူကရိန်းရဲ့ နယ်မြေတွေ များနိုင်သမျှ များများ ပြန်ရအောင် ညှိနှိုင်း ပြောဆိုပေးဖို့ အလေးထား စဉ်းစားထားတယ်လို့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ အတော်ကြီး ကြီးမားတဲ့ အစိတ်အပိုင်းမျိုး၊ အရေးပါတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားကြောင်း၊ အဲဒီထဲက တချို့ကို ယူကရိန်းအတွက် ပြန်ရအောင် အမေရိကန်က ညှိပေးသွားမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
ပူတင်နဲ့ စကားပြောကြမယ့် အခါကျရင် နှစ်မိနစ်လောက် အချိန်ယူရုံနဲ့ စစ်ရပ်ဆိုင်းရေးကိစ္စမှာ တကယ်ပဲ တိုးတက်မှုတွေ ရှိနေသလား ဆိုတာကို အဖြေထုတ်နိုင်လိမ့်မယ်လို့လည်း ထရမ့်က ဆက်ပြောပါတယ်။ နောက်ပြီး စစ်ရပ်စဲဖို့ဆိုရင် နယ်မြေတွေ အလဲအလှယ်သဘောမျိုး ပေးအပ်ရတာတွေ၊ စွန့်လွှတ်ရတာတွေ သေချာပေါက် ရှိလာလိမ့်မယ်လို့လည်း ထရမ့်က ထပ်လောင်း ပြောကြားသွားပါတယ်။
သတင်းတွေအရ ထရမ့်ဟာ ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ဒွန်းဘက်စ်ခ်ပြည်နယ်နဲ့ ၂၀၁၄ ကတည်းက ရုရှားတပ်တွေ သိမ်းယူထားရာ ခရိုင်းမီးယား ကျွန်းဆွယ်တို့ကို ယူကရိန်းက အပြီးအပိုင် လက်လွှတ်ပေးစေလိုပြီး တခြားတစ်ဖက်မှာတော့ ခါဆွန်နဲ့ ဇာပေါ့ရစ်ဇီရာ ပြည်နယ်တွေရဲ့ အစိတ်အပိုင်း တချို့ကို ထိန်းချုပ်ထားတဲ့ ရုရှားတပ်တွေ ပြန်လည် ဆုတ်ခွာပေးဖို့ ထရမ့်က အဆိုပြုမယ့် သဘောပါ။
ရုရှားဟာ ယူကရိန်းရဲ့ အရှေ့ဖက်ခြမ်း ဒေသတွေကို ထိန်းချုပ်ခွင့် ရမယ်ဆိုရင် ထရမ့်ရဲ့ အပေးအယူကို လက်ခံမယ့် သဘောထားမျိုး ပြသနေပေမယ့် ယူကရိန်းကတော့ စစ်ပွဲကို ရပ်ဆိုင်းဖို့အတွက် နိုင်ငံရဲ့ အချုပ်အခြာ ပိုင်နက် နယ်မြေတွေကို ရုရှားဆီ ထိုးအပ်ရမယ်ဆိုတဲ့ စိတ်ကူးကို ပယ်ချထားတာ ဖြစ်ပါတယ်။
တကယ်လို့ ပူတင်နဲ့ တွေ့ဆုံချိန်မှာ ပူတင်ဖက်က မျှတတဲ့ ကမ်းလှမ်းချက်တစ်ခု ပြုလုပ်ခဲ့တယ်ဆိုရင် အဲဒီအကြောင်းကို သူက ဥရောပ မဟာမိတ် နိုင်ငံခေါင်းဆောင်တွေကို အသိပေးမှာ ဖြစ်သလို အဲဒီမတိုင်ခင် ဇီလန်စကီးကိုလည်း တလေးတစား ဆက်သွယ်ပြီး ရှင်းပြမယ်လို့ ထရမ့်က ပြောပါတယ်။ သူက အလာစကာ တွေ့ဆုံပွဲမှာ ဇီလန်စကီး မပါဝင်ဖြစ်ခဲ့ဘူး ဆိုရင်တောင် သူရယ်၊ ပူတင်ရယ်၊ ဇီလန်စကီးရယ် သုံးပွင့်ဆိုင် တွေ့ဆုံမှုမျိုးက နောက်ထပ် အချိန်သိပ်မယူရဘဲ လက်တွေ့ ဖြစ်မြောက်လာမယ်ဆိုတာ ယုံကြည်ထားကြောင်းလည်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: BBC












































