ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့မှာ လေဆိပ်ကို ဆင်းသက်ချိန် Delta လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး ပက်လက်လန် တိမ်းမှောက်သွားခဲ့ပြီး လူ ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က တိုရန်တို ပီယာဆန် လေဆိပ်မှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်ပြီးတဲ့နောက် လေထန်နေတုန်း လေယာဉ်အဆင်းမှာ အခုလို ဆိုးရွားတဲ့ မတော်တဆမှု ပေါ်ပေါက်ခဲ့တာပါ။
အမေရိကန်ရဲ့ မင်နီယာပိုလစ် စိန့်ပေါလ် နိုင်ငံတကာ လေဆိပ်ကနေ ပျံသန်းလာတဲ့ လေယာဉ်ပေါ် လိုက်ပါလာသူ ၈၀ ထဲက ကလေး ၁ ဦး အပါဝင် ၁၈ ဦး ဒဏ်ရာတွေ ရခဲ့ပြီး ၃ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ကနေဒါ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ရဲ့ Delta လေကြောင်းပိုင် ခရီးစဉ်အမှတ် CRJ900 လေယာဉ်ပေါ်မှာ ခရီးသည် ၇၆ ယောက်နဲ့ အမှုထမ်း ၄ ဦး လိုက်ပါလာခဲ့တာပါ။ Bombardier အမျိုးအစား လေယာဉ်ဟာ လေဆိပ်ကို အရှိန်နဲ့ ဆင်းသက်မိခဲ့တဲ့နောက် တရွတ်ဆွဲသွားရာက ပက်လက်လန် တိမ်းမှောက်ခဲ့သလို မီးပါလောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ခရီးသည် တစ်ယောက်ကတော့ လေယာဉ်ဟာ ဆိုးရွားတဲ့ ပျက်ကျမှု မကြုံခင်ထိ ဘာမှ ထူးထူးခြားခြား ပြဿနာ မရှိခဲ့ဘူးလို့ ပြောပါတယ်။ လေယာဉ် ပျက်ကျရမှု အကြောင်းရင်းကို မသိရသေးဘဲ ကနေဒါ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
တိုရန်တို ပီယာဆန် လေဆိပ် အာဏာပိုင်တွေကတော့ အစောပိုင်းတုန်းက လေဆိပ်တဝိုက်မှာ လေထန်နေပြီး ရာသီဥတု အရမ်းအေးနေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နှင်းမုန်တိုင်းကြောင့် လေဆိပ်ထဲမှာ ၂၂ စင်တီမီတာလောက် ထူတဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းခဲ့ပြီး ပြန်ရှင်းထားတာ မကြာသေးပါဘူး။ အဲဒီ အချိန်အတွင်း လေယာဉ်ခရီးစဉ် တချို့ကိုလည်း မဖြစ်မနေ ရွှေ့ဆိုင်းခဲ့ရပါတယ်။
လေယာဉ်ဟာ မီးပါလောင်ကျွမ်းခဲ့ပေမယ့် ခရီးသည်တွေ ပိတ်မိပြီး သေဆုံးတာမျိုး မရှိခဲ့တာက အခင်းဖြစ်တဲ့ နေရာဆီ အမြန်ဆုံး အရောက်သွားနိုင်တဲ့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေကြောင့်လို့ လေဆိပ် ဥက္ကဋ္ဌ ဒီဘိုရာ ဖလင့်က ချီးကျူး ပြောကြားခဲ့ပါတယ်။
အမ်ဘရီ ရစ်ဒယ်လ် လေကြောင်းတက္ကသိုလ်ရဲ့ လေလမ်းကြောင်းပြ ဘာသာရပ် ပါမောက္ခ မိုက်ကယ်ဂျော မက်ကောမစ်ခ်က လေယာဉ်ပျက်ကျပြီး ပက်လက်ပါ လန်သွားတယ် ဆိုတာမျိုးက တော်တော်ရှားပါးတဲ့ အခြေအနေလို့ သုံးသပ်ခဲ့ပါတယ်။
Delta လေကြောင်းလိုင်းကတော့ ဒဏ်ရာရသူ ၁၈ ဦးစလုံးဟာ ခရီးသည်တွေဖြစ်ကြောင်း အတည်ပြုထားပြီး နီးစပ်ရာ ဆေးရုံတွေဆီ ချက်ချင်း အရေးပေါ် ပို့ဆောင်ထားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
လေဆိပ်ကိုလည်း ၂ နာရီလောက် ယာယီ ပိတ်ထားခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ လေယာဉ် အဆင်းအတက်တွေ ပုံမှန်အတိုင်း ပြန်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters
