close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သူ တောင်ကိုရီးယား သမ္မတ ရာထူးကနေ အပြီးတိုင် ဖယ်ရှားခံရ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာကို အကြောင်းပြုပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာကို အကြောင်းပြုပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့က တစ်ကမ္ဘာလုံး အံ့ဩသွားစေခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့တဲ့နောက် တောင်ကိုရီးယား လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ယွန်ကို မူလရာထူးမှာ ပြန်လည် ခန့်အပ်သင့်သလား၊ အပြီးတိုင် ဖယ်ရှားသင့်သလား ဆိုတာကို ဧပြီ ၄ ရက်နေ့မှာ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ယွန်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုဟာ လွှတ်တော်ရဲ့ တန်ပြန်မဲခွဲ ပယ်ဖျက်မှု၊ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကြောင့် ၆ နာရီလောက် အကြာမှာပဲ ရုပ်သိမ်းခဲ့ရပါတယ်။

ယွန်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အတိုက်အခံတွေက စွပ်စွဲပြီး လွှတ်တော်မှာ သူ့ကို စွပ်စွဲအပြစ်တင်မှု မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စွပ်စွဲ အပြစ်တင်မှုဟာ သင့်တော် မှန်ကန်သလား ဆိုတာကို အခြေခံ ဥပဒေ ခုံရုံးက လအတော်ကြာ ကြားနာစစ်ဆေးပြီး အခုတော့ အပြီးသတ် စီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ရဲ့ ရှေ့နေတွေက သမ္မတဟာ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခွင့် အာဏာ အပြည့်ရှိပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ချိုးဖောက်မှု မမြောက်ကြောင်း ခုခံ လျှောက်လဲခဲ့ပါတယ်။ ယွန်ကလည်း သူဟာ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကို အပြည့်အဝ ကျင့်သုံးဖို့ လုံးဝ မရည်ရွယ်ခဲ့ဘဲ လွှတ်တော်ကို ကြီးစိုးထားပြီး အစိုးရကို တောက်လျှောက် အနှောင့်အယှက် ပေးနေတဲ့ အတိုက်အခံ အင်အားစုတွေကို တန်ပြန်ဖို့သာ ရည်ရွယ်ခဲ့တယ်လို့ အကြောင်းပြခဲ့ပါတယ်။ သူက အဲဒီ အတိုက်အခံတွေဟာ မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ ကွန်မြူနစ်တွေလို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ ခုံရုံး ဆုံးဖြတ်ချက်မှာတော့ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ အကြောင်းပြချက်ပေး ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ ပါရှိခဲ့ပါတယ်။ ပြီးတော့ အမိန့်ကို ကြေညာရာမှာ ယွန်ဟာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့လည်း ခုံရုံးက ဆုံးဖြတ်ပါတယ်။ ယွန်ဟာ သူက တာဝန်ယူ အကာအကွယ်ပေးရမယ့် သူတွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုဟာ ပြည်သူတွေရဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေကို ထိခိုက်စေခဲ့ကြောင်း ခုံရုံးတရားသူကြီးတွေက ယူဆခဲ့ပါတယ်။ နောက်တော့ တရားသူကြီး ရှစ်ဦးပါတဲ့ ကြားနာမှု အဖွဲ့က ယွန်ကို ရာထူးက ဖယ်ရှားသင့်တယ်လို့ တညီတညွတ်တည်း မဲပေး စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

ယွန်ရဲ့ ကိုယ်စားပြု ပါတီကတော့ ခုံရုံးဆုံးဖြတ်ချက်ကို လေးစားလက်ခံကြောင်း ကြေညာခဲ့ပါတယ်။ စည်းမျဉ်းတွေအရ သမ္မတ ကင်းမဲ့သွားပြီဖြစ်တဲ့ တောင်ကိုရီးယားမှာ နောက်ထပ် သမ္မတသစ် တင်မြှောက်ဖို့ ရွေးကောက်ပွဲတစ်ခုကို နှစ်လအတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။

ယွန်ကို ထောက်ခံတဲ့ အင်အားစုတွေကတော့ တရားရုံး တဝိုက်မှာ ကြိုတင်စုဝေးနေခဲ့သလို ခုံရုံး ဆုံးဖြတ်ချက်ကို တူးတူးခါးခါး ဝေဖန်ခဲ့ကြပါတယ်။ တချို့က ခုံရုံး တရားသူကြီးတွေကို လူလိမ်တွေလို့ အော်ဟစ် ရှုတ်ချခဲ့ပြီး အခြေအနေ တင်းမာမှုတွေလည်း ရှိနေပါတယ်။

တောင်ကိုရီးယားရဲ့ ယာယီ သမ္မတ ဟန်ဒက်ခ်ဆူကတော့ ပြည်သူလူထု လုံခြုံရေးအတွက် အစွမ်းကုန် နိုးနိုးကြားကြား ကိုင်တွယ်ကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အရေးပေါ် အမိန့်တစ်ရပ် ထုတ်ပြန်ထားပါတယ်။ သူက သမ္မတသစ် တစ်ဦးကို မရွေးချယ်နိုင်ခင် ကာလအတောအတွင်း ယာယီ အစိုးရဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ သံတမန်ရေး ကဏ္ဍတွေကို အစွမ်းကုန် ထိန်းသိမ်း ကိုင်တွယ်သွားမယ်လို့လည်း ပြောပါတယ်။

ယွန်ဟာ တောင်ကိုရီးယား သမိုင်းမှာ အခြေခံ ဥပဒေ ခုံရုံး စီရင်ချက်အရ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဒုတိယမြောက် သမ္မတ ဖြစ်လာပါတယ်။ ၂၀၁၇ တုန်းကလည်း သမ္မတ ပက်ခ်ဂွမ်ဟေးဟာ အလားတူ အခြေအနေမျိုးနဲ့ ရာထူးက ဖယ်ရှားခံခဲ့ရပြီး အဲဒီတုန်းက သူ့ကို လိုလားထောက်ခံသူတွေ သောင်းကျန်းရာက အဓိကရုဏ်းဆန်ဆန် အခြေအနေတွေ ဖြစ်ပေါ်ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

နောက်တစ်ခုက ယွန်ဟာ သမ္မတ အိမ်တော်ကနေ ဖယ်ပေးပါ့မလား ဆိုတာကိုလည်း မသေချာသေးဘဲ တကယ်လို့သာ အိမ်ထဲကနေ မထွက်ဘူးဆိုရင် ရဲတွေနဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတ ပက်ခ်ရဲ့ လက်ထက်တုန်းကတော့ စီရင်ချက် ထွက်ပေါ်ပြီး ၂ ရက် အကြာမှ အိမ်တော်ထဲက ထွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရာထူးက ဆိုင်းငံ့ခံထားရသူ သမ္မတ ယွန်ဆွတ်ခ်ယောရဲ့ အနာဂတ်ကို စီရင်ဆုံးဖြတ်ဖို့ ဧပြီ ၄ ရက်နေ့ကို တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက ရက်သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ကြားနာ စစ်ဆေးမှုတွေအတွက် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ မတ်လ ၈ ရက်နေ့မှာ အချုပ်အနှောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ယွန်ဆွတ်ခ်ယောကို ဖမ်းဆီး ထိန်းသိမ်းထားခွင့် ရမန်ကာလကို တိုးမြှင့်ပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီးခံထားရသူ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ စုံထောက်အရာရှိတွေဆီက မေးခွန်းတွေကို ဖြေဆိုသွားမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။