အိုက်စ်လန် နိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရကြောင်း သိရပါတယ်။
အိုက်စ်လန် အနောက်တောင်ပိုင်းမှာရှိတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာ မြို့တစ်မြို့နားမှာ မတ်လ ၃၁ ရက်နေ့မှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
တံငါမြို့လေး တစ်ခုဖြစ်တဲ့ ဂရင်ဒါဗစ်ခ်နဲ့ ရေပြာအိုင် ရေပူစမ်းတို့နားမှာ နီးနီးကပ်ကပ် တည်ရှိရာ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့သလို မြေသားတွေပါ ပပ်ကြားအက်ကုန်တယ်လို့ ဆိုပါတယ်။
၁.၂ ကီလိုမီတာလောက် ရှည်လျားတဲ့ ပပ်ကြားအက်ကြီး ဖြစ်ပေါ်လာသလို မီးတောင်ဆီက ချော်ရည်တွေလည်း တဖြည်းဖြည်း စီးထွက်လာပြီး လူနေဧရိယာတွေဆီ ရွေ့လျားလာနေတာကြောင့် အရေးပေါ် ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒေသခံ အများစုကတော့ မီးတောင်အနီးမှာ နေထိုင်တာ ဖြစ်တဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းဖို့ အိတ်တွေ ကြိုတင် ပြင်ဆင် ထုပ်ပိုးထားကြပြီး ဖြစ်ပါတယ်။
ချော်ရည်တွေ စီးကျလာရင် တားဆီးဖို့အတွက် ဂရင်ဒါဗစ်ခ် မြို့နားမှာ အကာအရံတွေ ကြိုတင် တည်ဆောက်ထားပေမယ့်လည်း အခုအခါ ကျိုးပေါက်သွားနှင့်ပြီး ဖြစ်သလို ချော်ရည်တွေဟာ အတားအဆီးတွေရဲ့ အတွင်းဖက် မီတာ ရာဂဏန်းလောက်ထိ ကျော်လွန် ရောက်ရှိနေပြီလို့ သိရပါတယ်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ကော်မရှင်နာ အူလ်ဖာ လူဒ်ဗစ်ဆန်ကတော့ ဒေသခံတွေရော၊ ကမ္ဘာလှည့် ခရီးသည်တွေပါ အန္တရာယ် ဇုန်ကနေ အဆောတလျင် ထွက်ခွာကြဖို့ နှိုးဆော်ထားပါတယ်။ မီးတောင် ပေါက်ကွဲမှုတွေကတော့ ဧပြီ ၁ ရက်နေ့မှာ အရှိန်ကျစ ပြုလာပြီး အရမ်းမပြင်းထန်တော့ဘူးလို့ ဆိုပါတယ်။
အဲဒီမီးတောင်ဟာ မကြာခဏ လှုပ်ရှား ပေါက်ကွဲလေ့ရှိပြီး ၂၀၂၃ ခုနှစ်တုန်းကလည်း မြို့ခံ ၄၀၀၀ လောက်ဟာ မီးတောင်ရဲ့ အန္တရာယ် ရှိလောက်တဲ့ လှုပ်ရှားမှုတွေကြောင့် ရွှေ့ပြောင်းခဲ့ရဖူးပါတယ်။
အိုက်စ်လန်မှာ မီးတောင်ရှင် ၃၃ လုံးရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး မြေအောက် ကျောက်လွှာချပ်ကြီးနှစ်ခု ထိစပ်တဲ့ နေရာမှာ တည်ရှိနေတာကြောင့် ငလျင်နဲ့ မီးတောင်ဆိုင်ရာ လှုပ်ရှားမှု အခြေအနေတွေ မကြာခဏ ကြုံရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
ကိုးကား: Reuters
