အမေရိကန်ဆီ တင်သွင်းတဲ့ ကားနဲ့ ကားအစိတ်အပိုင်းတွေကို အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ အမေရိကန်က နိုင်ငံတကာနဲ့ ကုန်သွယ်ရေးဆိုင်ရာ ခါးသီးတဲ့ အားပြိုင်မှုတွေကို ဒီဂရီ တိုးမြင့်သွားစေမယ့် ခြေလှမ်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ထရမ့်က အခုနောက်ဆုံး ကြေညာတဲ့ အခွန်စည်းကြပ်မှု အသစ်မှာ ကားတွေအတွက် အခွန်စည်းကြပ်မှုဟာ ဧပြီလ ၂ ရက်နေ့မှာ စတင် အသက်ဝင်မယ်လို့ ပြောပါတယ်။ ကားအပိုပစ္စည်းတွေအတွက် အခွန်စည်းကြပ်မှုကတော့ မေလ၊ ဒါမှမဟုတ် နောက်ထပ် နောက်ကျပြီးမှ စတင်မှာ ဖြစ်ပါတယ်။
အခွန်စည်းကြပ်မှု အသစ်အရ တင်သွင်းလာတဲ့ ကားတွေနဲ့ ကားအပိုပစ္စည်းတွေရဲ့ တန်ဖိုး ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အခွန်ကို ပေးဆောင်ရမှာပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ပြည်တွင်း ကားထုတ်လုပ်မှု ကဏ္ဍကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးနိုင်ပြီး အလုပ်အကိုင်သစ်တွေ၊ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ တိုးပွားလာစေမှာ ဖြစ်တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။
ဒါပေမဲ့ စျေးကွက် လေ့လာသူ တချို့ကတော့ အမေရိကန်ဆီ တင်ပို့မယ့် ကားတွေ ထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းတာ၊ စျေးတွေ တက်လာတာ၊ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပိုမို အေးခဲလာတာတွေ အရင်ဆုံး ကြုံလာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့နှစ်က အမေရိကန်ဟာ ပြည်ပကနေ ကားအစီးရေ ၈ သန်းဝန်းကျင် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂၄၀ ဘီလီယံဖိုးလောက် ရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ကားရောင်းချမှု အားလုံးရဲ့ ထက်ဝက်လောက်ဟာလည်း ပြည်ပကနေ တင်သွင်းလာတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။
မက္ကဆီကိုဟာ အမေရိကန်ကို ကားတင်သွင်းမှု အမြင့်ဆုံး နိုင်ငံဖြစ်ပြီး အဲဒီနောက်မှာ တောင်ကိုရီးယား၊ ဂျပန်၊ ကနေဒါနဲ့ ဂျာမနီတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု အစီအစဉ်သစ်ဟာ ကမ္ဘာ့ကားစျေးကွက်၊ အပိုပစ္စည်း စျေးကွက်တွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်လာစေနိုင်ပါတယ်။
အခုကိစ္စနဲ့ ပတ်သက်လို့ ထိခိုက်နစ်နာမှု ရှိလာမယ့် နိုင်ငံတွေဖက်ကလည်း ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲ ဆိုတာကို ဆင်ခြင်စဉ်းစားနေပါတယ်။ ဂျပန် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကို တန်ပြန်ဖို့အတွက် သူ့ရဲ့ အစိုးရဟာ ဖြစ်နိုင်ခြေ ရွေးချယ်မှု မှန်သမျှကို လေ့လာနေတယ်လို့ ပြောပါတယ်။ Toyota၊ Nissan၊ Hondaစတဲ့ ကားကုမ္ပဏီတွေရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ကားတင်ပို့ရောင်းချမှု ဒုတိယ အများဆုံး နိုင်ငံအနေနဲ့လည်း ရပ်တည်နေပါတယ်။
တိုးမြှင့်မယ့် အခွန်စည်းကြပ်မှု အသစ်တွေကို တာဝန်ယူ တင်သွင်းတဲ့ ကုမ္ပဏီက အစိုးရဆီ ပေးသွင်းရမှာဖြစ်ပြီး အဲဒီအတွက် သက်ဆိုင်ရာ ကုန်စည်ရဲ့ စျေးတွေကလည်း မြင့်တက်လာမှာပါ။ လေ့လာသူတွေကတော့ အမေရိကန်မှာ ပြည်ပသွင်းကုန်း မော်တော်ကားတွေရဲ့ စျေးဟာ ဒေါ်လာ ထောင်နဲ့ချီ ပိုများလာနိုင်ကြောင်းလည်း ပြောကြားထားကြပါတယ်။
ကိုးကား: BBC
