close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှု ရှုံးနိမ့်

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှုဟာ လွှတ်တော် မဲခွဲမှုမှာ အရေးနိမ့်သွားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှုဟာ လွှတ်တော် မဲခွဲမှုမှာ အရေးနိမ့်သွားခဲ့ပါတယ်။

အတိုက်အခံ အင်အားစုတွေက တင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုနဲ့ ပတ်သက်လို့ ထိုင်းလွှတ်တော်က မတ်လ ၂၆ ရက် မနက်ပိုင်းမှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး အောက်လွှတ်တော် အမတ် ၄၈၇ ဦး တက်ရောက်ခဲ့ပါတယ်။ မဲခွဲရလဒ်ကတော့ အဲဒီ အဆိုကို ကန့်ကွက်မှုက ၃၁၉ မဲရှိပြီး ထောက်ခံသူက ၁၆၂ မဲ ရှိတာကြောင့် အဆို ရှုံးနိမ့်ခဲ့တာပါ။ ဒါကြောင့် ဖေထောင်ထန်ဟာ အစိုးရ အကြီးအကဲ နေရာမှာ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ပြည်သူ့ပါတီ (PP)ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေက ဖေထောင်ထန် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရဟာ ဓာတ်အားခတွေ မြင့်တက်နေတာ၊ လယ်ယာထွက်ကုန်တွေရဲ့ တင်ပို့မှု စျေးနှုန်းတွေ ကျဆင်းနေတာ၊ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ ဝေဖန်ခဲ့သလို ဖေထောင်ထန်ဟာလည်း ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထ် ညွှန်ကြားတဲ့အတိုင်း အစိုးရကို မောင်းနှင်နေပြီး ထိုင်းနိုင်ငံအတွက် ယုံကြည်ရတဲ့ ခေါင်းဆောင်မျိုး မဟုတ်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။

ဝန်ကြီးချုပ်အပေါ် အယုံအကြည် မရှိကြောင်း အဆိုနဲ့ ပတ်သက်လို့ ကြားနာမှုတွေ၊ အပြန်အလှန် စကားစစ်ထိုးမှုတွေကို မတ်လ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ မဲခွဲစေခဲ့တာ ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ အယုံအကြည်မရှိ အဆိုဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက စုစုစည်းစည်း ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံတွေက ထိုင်းဘတ်ငွေ အားကောင်းမှုဟာ နိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအတွက် အကျိုးရှိစေမယ်ဆိုတဲ့ ဖေထောင်ထန်ရဲ့ ဖြေရှင်းချက်ကို တန်ပြန် မေးခွန်းထုတ်ခဲ့သလို ဝန်ကြီးချုပ်ဟာ တကယ်အရေးကြီးတဲ့ စီးပွားရေး မူဝါဒဆိုင်ရာ မေးခွန်းတွေကို တိုက်ရိုက်ဖြေဆိုဖို့ ရှောင်လွှဲခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အတိုက်အခံတွေက လက်ရှိအစိုးရ နောက်ကွယ်မှာ သက်ဆင် ကြိုးကိုင်နေတယ်လို့ စွပ်စွဲရုံသာ မကဘဲ သူ့ဖခင်ဟာ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ကာလအတောအတွင်း ကျန်းမာရေး မကောင်းလို့ ဆေးရုံမှာ ပြောင်းရွှေ့ နေထိုင်ခဲ့တယ်ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ စကားကရော မှန်ကန်ရဲ့လားလို့ပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဖေထောင်ထန်ကတော့ သူ့ကို ဦးတည်တဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်သွားခဲ့ပါတယ်။

ဖေထောင်ထန်ကို အတိုက်အခံတွေက ပစ်မှတ်ထား မေးခွန်းထုတ်မှုတွေမှာ ဘတ်ငွေ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ၊ အခွန်ရှောင်တိမ်းနိုင်ခြေတွေ အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

ဖေထောင်ထန်ဟာ ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကာစီနိုဝိုင်းတွေ ဖွင့်လှစ်ခွင့်ပေးမယ့် သူ့အစိုးရရဲ့ မူဝါဒအပေါ် ဝေဖန် ထိုးနှက်တာတွေကိုလည်း တုံ့ပြန် ဖြေရှင်းခဲ့ရပါသေးတယ်။ သူက ကာစီနိုတွေကို တရားဝင် လည်ပတ်ခွင့် ပေးလိုက်တာဟာ နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား ဝင်ငွေကို တိုးလာစေမယ်လို့ ပြောပေမယ့် အတိုက်အခံတွေကတော့ အဲဒီမူဝါဒကြောင့် နိုင်ငံထိခိုက်နိုင်ပြီး ပြည်သူတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်လို့ သတိပေးခဲ့ကြပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ