ပြင်သစ်နိုင်ငံမှာ လေတပ် စတန့်အဖွဲ့ တစ်ခုရဲ့ လေ့ကျင့်ပျံသန်းမှုအတွင်း အချင်းချင်း တိုက်မိရာက တိုက်လေယာဉ်နှစ်စီး ပျက်ကျပြီး မီးလောင် ပေါက်ကွဲခဲ့ပါတယ်။
မတ်လ ၂၅ ရက်နေ့တုန်းက စိန့်ဒီဇိုင်ရာမြို့မှာ Alpha တိုက်လေယာဉ် ၆ စီး အုပ်စုဖွဲ့ပြီး အလှပြ ပျံသန်းမှုကို လေ့ကျင့်နေရာက လေယာဉ်နှစ်စီး တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေ့ကျင့်မှုဟာ မကြာခင် ကျင်းပမယ့် လေကြောင်းပြပွဲအတွက် အကြိုပြင်ဆင်နေခဲ့တာပါ။
လေယာဉ်တွေ တိုက်မိခဲ့တဲ့နောက် လေယာဉ်မှူး နှစ်ဦးနဲ့ ခရီးသည် တစ်ဦးတို့ဟာ လေထီးနဲ့ အောင်အောင်မြင်မြင် ခုန်ထွက်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ပြင်သစ်နိုင်ငံရဲ့ အလံမှာပါတဲ့ အပြာ၊ အဖြူ၊ အနီ အရောင်တွေကို မီးခိုးတန်းတွေ မှုတ်ထုတ်ပြီး ပုံဖော် ပျံသန်းတဲ့ လေယာဉ်အုပ်စုရဲ့ ညာဖက် အစွန်ဆုံးက နှစ်စီး အချင်းချင်း တိုက်မိပြီး ပျက်ကျသွားခဲ့ပုံကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ လေယာဉ်တွေက မြေပြင်ပေါ် ထိုးဆင်းသွားတဲ့အချိန် လူတွေက လေထီးတွေနဲ့ ခုန်ထွက်သွားနိုင်တာကိုလည်း ဗီဒီယိုထဲမှာ မြင်ရပါတယ်။

Public Service Announcement
ပြင်သစ် လေတပ်က အဲဒီဖြစ်စဉ်မှာ လေယာဉ်မှူးတွေနဲ့ ခရီးသည်တစ်ဦးဟာ လေထီးနဲ့ ခုန်ထွက် လွတ်မြောက်ခဲ့ပြီး အားလုံး အန္တရာယ် ကင်းတယ်လို့ ပြောပါတယ်။ နှစ်ဦးကို ဆေးရုံတင်ပို့ထားပေမယ့် တစ်ဦးကိုတော့ စစ်ဘက် ဆေးတပ်ဖွဲ့ကပဲ တာဝန်ယူ ကုသပေးခဲ့ပါတယ်။ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း လေတပ်က ဆိုပါတယ်။
Alpha ဂျက်လေယာဉ်တွေဟာ ပြင်သစ်ရဲ့ Dassaultနဲ့ ဂျာမနီရဲ့ Dornier ကုမ္ပဏီတွေ ဖက်စပ်ထုတ်လုပ်တဲ့ အမောင်းသင်နဲ့ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်တွေ ဖြစ်ပါတယ်။
ကိုးကား: AFP
