ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ အမေရိကန် ဒုတိယ သမ္မတ ဂျေဒီဗန့်စ်ဟာ ဂရင်းလန်ကျွန်းကို သွားရောက် လည်ပတ်မယ်လို့ သိရပါတယ်။
မူလက မတ်လ ၂၈ ရက်နေ့ ခရီးစဉ်ဟာ ဒုတိယ သမ္မတကတော် အက်ရှာဗန့်စ်ပဲ သွားရောက်မယ်လို့ စီစဉ်ထားရာကနေ အခုတော့ ဒုတိယ သမ္မတ ဗန့်စ်ကိုယ်တိုင်ပါ လိုက်ပါသွားမယ်လို့ သိရပါတယ်။ ဒုတိယ သမ္မတ ဇနီးမောင်နှံဟာ ဂရင်းလန် ကျွန်းမှာရှိတဲ့ ပစ်တူဖစ်ခ် အာကာသ စခန်းမှာ တပ်စွဲထားတဲ့ အမေရိကန် စစ်သည်တွေကို သွားရောက် တွေ့ဆုံပြီး အာတိတ်ဒေသ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်းနိုင်ဖို့ လုပ်ဆောင်မယ်လို့ ကြေညာထားပြီး ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ ဗန့်စ်က အဲဒီကျွန်းကို သွားရောက်ဖို့ စီစဉ်ခဲ့တာပါ။
ဒိန်းမတ် လက်အောက်ခံဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေတဲ့ ဂရင်းလန်ရဲ့ ပြည်သူ အများစုကတော့ အမေရိကန် ပိုင်နက်အဖြစ် ရပ်တည်ဖို့ကို မလိုလားကြောင်း အတိအလင်း သဘောထား ပြသထားကြပါတယ်။ တစ်ဖက်မှာလည်း မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ဂရင်းလန် ရွေးကောက်ပွဲမှာ ဒိန်းမတ် လက်အောက်ခံ အဖြစ်ကနေ ခွဲထွက်လိုတဲ့ အတိုက်အခံ အင်အားစုတွေက အနိုင်ရထားပါတယ်။

Public Service Announcement
မူလက ဒုတိယ သမ္မတကတော် အက်ရှာဟာ ဂရင်းလန်ကို ယဉ်ကျေးမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်ဖို့ ကြိုစီစဉ်ထားတာဖြစ်ပြီး မတ်လ ၂၅ ရက်နေ့မှာတော့ ဒုတိယ သမ္မတကိုယ်တိုင် လိုက်ပါမယ့် အကြောင်းကို ကြေညာခဲ့တာပါ။
ဂရင်းလန် အာဏာပိုင်တွေကတော့ ဒုတိယ သမ္မတကတော်ရဲ့ ခရီးစဉ်ကို ကြေညာချိန် ကတည်းက အပြင်းအထန် ကန့်ကွက် ဝေဖန်ခဲ့ကြသလို လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ် စွပ်စွဲခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယ သမ္မတ ဇနီးမောင်နှံနဲ့ လိုက်ပါတာမျိုး မဟုတ်ဘဲ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝဲ့လ်ဇ်ဟာလည်း သီးခြား ခရီးစဉ်အဖြစ် အခုသီတင်းပတ်ထဲမှာ ဂရင်းလန်ကို သွားရောက်ဖို့ ရှိနေပါတယ်။
ဂရင်းလန်ဟာ အာတိတ်နဲ့ အတ္တလန္တိတ် သမုဒ္ဒရာတွေရဲ့ အစပ်မှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးကျွန်း ဖြစ်ပါတယ်။ ဒိန်းမတ်ဟာ နိုင်ငံရဲ့ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၃၀၀၀ နီးပါးလောက် အကွာမှာရှိတဲ့ ကျွန်းကို ထိန်းချုပ်ထားခဲ့တာ နှစ်ပေါင်း ၃၀၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီးပါပြီ။
အမေရိကန်ကတော့ ဒုတိယ ကမ္ဘာစစ်တုန်းက ဂရင်းလန်မှာ စစ်အခြေစိုက်စခန်း တစ်ခု ထားရှိခဲ့တဲ့နောက်ပိုင်း အဲဒီကျွန်းကို လုံခြုံရေး ရှုူထောင့်ကနေ တောက်လျှောက် စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ ပစ်တူဖစ်ခ် အာကာသ စခန်းဟာ အမှန်တကယ်မှာတော့ ဒုံးကျည် အန္တရာယ် သတိပေးရေး၊ လေကြောင်းကာကွယ်ရေးနဲ့ စစ်ထောက်လှမ်းရေး မစ်ရှင်တွေကို ကိုင်တွယ်တဲ့ စစ်စခန်း တစ်ခုလည်း ဖြစ်ပါတယ်။
ဗန့်စ်ကတော့ လူမှုကွန်ရက် မီဒီယာ Xမှာ ဗီဒီယိုတစ်ခု တင်ထားခဲ့ရာမှာ သူ့ဇနီးရဲ့ ဂရင်းလန် ခရီးစဉ်က စိတ်လှုပ်ရှားစရာတွေ အများကြီးနဲ့ ပြည့်နှက်နေကြောင်း၊ အဲဒီ ပျော်စရာတွေကို အက်ရှာ တစ်ယောက်တည်း မဟုတ်ဘဲ သူပါ ခံစားချင်လို့ ကိုယ်တိုင် လိုက်ပါသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က ကောက်ယူထားတဲ့ လူထုအမြင် စစ်တမ်းတွေအရ ဂရင်းလန် ပြည်သူ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးဟာ ဒိန်းမတ်ဆီကနေ လွတ်လပ်ရေး ရချင်တယ်လို့ သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ အစိတ်အပိုင်း ဖြစ်လာသင့်တယ်ဆိုတဲ့ အတွေးကို ဆန့်ကျင်သူကတော့ အဲဒီထက်ကို ပိုများနေတယ်လို့ သိရပါတယ်။
ကိုးကား: BBC
