ယူကရိန်းစစ်ပွဲ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီ ဗီဒီယို ဖုန်းခေါ်ခဲ့တဲ့အချိန် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြု ကမ်းလှမ်းခဲ့တဲ့ အချက်က ရိုးရိုး ရှင်းရှင်းလေးပါ။ ယူကရိန်းဖက်ကလည်း သဘောတူထားပြီး ဖြစ်တဲ့အတိုင်း ကနဦး အဆင့်အဖြစ် ရုရှားရော၊ ယူကရိန်းကပါ ရက်ပေါင်း ၃၀ ကြာ အပစ်ရပ်ထားဖို့ ဖြစ်ပါတယ်။ ထရမ့် ယူဆောင်လာတဲ့ အဆိုက ရှင်းလင်းသလောက် ပူတင်ရဲ့ တုံ့ပြန်မှုက ရှုပ်ထွေးပါတယ်။
ပူတင်က ထရမ့်နဲ့ နှစ်နာရီခွဲလောက် ဖုန်းပြောခဲ့တဲ့ အတောအတွင်း ချက်ချင်း အပစ်ရပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ဆင်ခြေပေါင်း ၁၆၀၀၀ လောက် ပေးခဲ့ပါတယ်။ ပြီးတော့ တကယ်တမ်း အပစ်ရပ်ချင်စိတ်သာ ရှိရိုးမှန်ရင် ဖြေရှင်းလို့ရတဲ့၊ မျက်ကွယ်ပြုလို့ရတဲ့ ပြဿနာတွေကို တန်းစီပြီး မေးခွန်း ထုတ်ခဲ့ပြန်တယ်။ ဒါတင်မကဘဲ ရုရှားဖက်က လိုချင်တဲ့အရာတွေ၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေကိုပါ ထရမ့်ဆီ အသိပေးသွားခဲ့တယ်။ အနှစ်ချုပ် ပြောရရင်တော့ ထရမ့် ကြိုတင် လေလုံးထွားခဲ့ပြီး ဒီနေ့နဲ့ မနက်ဖြန် တစ်ရက်ရက် အပစ်ရပ်တော့မယောင် ပြောဆိုထားတဲ့ ကိစ္စကို ရုရှားက ငြင်းလိုက်ပါတယ်။ အဲဒီအစား စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အပြန်အလှန် မတိုက်ခိုက်ကြဘူးဆိုတဲ့ ပစ်မှတ် ကန့်သတ်ချက်မျိုးကိုတော့ လက်ခံနိုင်တယ်လို့ ပူတင်က အကြောင်းပြန်ခဲ့ပါတယ်။
ပိုပြီး အရေးကြီးတာက သူဘာတွေ တောင်းဆိုခဲ့သလဲ ဆိုတာပါ။ တကယ်တမ်း အပစ်အခတ် ရပ်စဲချင်တယ်ဆိုရင် ယူကရိန်းဆီ ရောက်ရှိနေတဲ့ စစ်ရေး အထောက်အပံ့ မှန်သမျှကို ရပ်တန့်ပစ်ရမယ်လို့ ပူတင်က ပြောပါတယ်။ ဒါဟာ ယူကရိန်းဖက်က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စမှန်း ထရမ့်လည်း ကောင်းကောင်းသိပါတယ်။ ယူကရိန်းတင် မကဘဲ ယူကရိန်းရဲ့ အနောက်မဟာမိတ် နိုင်ငံတွေလည်း လက်ခံမှာ မဟုတ်ပါဘူး။ အပစ်ရပ်ဖို့ ကမ်းလှမ်းမှုကို မဖြစ်နိုင်တဲ့ တောင်းဆိုမှုနဲ့ ပူတင်က တုံ့ပြန်ခဲ့တာပါ။ ပိုပြီး တိုက်ရိုက်ကျကျ အဓိပ္ပါယ် ဖွင့်ရရင် ထရမ့်က ကမ်းလှမ်းပေမယ့် ရုရှားကတော့ အပစ်ရပ်မှာ မဟုတ်ဘူးလို့ ပြောင်ပြောင်တင်းတင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ ခေါင်းညှိတ်ခဲ့ပါတယ်။

Public Service Announcement
ထရမ့်နဲ့ ပူတင်ရဲ့ ဖုန်းပြောမှု အပြီးမှာတော့ ရုရှားမီဒီယာတွေက သူတို့ရဲ့ သမ္မတဟာ မူဝါဒရေးရာ အောင်ပွဲတစ်ရပ် ရယူနိုင်ခဲ့တယ် ဆိုတာမျိုး ချီးကျူး ရေးသားခဲ့ကြပါတယ်။ ပူတင်ဟာ ရုရှားက စစ်ရေး အသာစီး ရနေချိန်၊ ယူကရိန်းက အမေရိကန်နဲ့ ဆက်ဆံရေး နိမ့်ပါးပြီး ရုန်းကန်နေရတဲ့ အချိန်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဖြစ်မလာအောင် ပါးပါးနပ်နပ် ငြင်းဆိုနိုင်ခဲ့တဲ့အပြင် ရုရှားဖက်က လိုလားမှုတွေကိုပါ ထိထိရောက်ရောက် အသိပေးနိုင်ခဲ့တယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီစကားတွေဟာ မမှားပါဘူး။ ထရမ့်ဟာ ယူကရိန်းအပေါ်ကို အများကြီး ဖိခဲ့သလောက် ပူတင်နဲ့ အတွေ့မှာတော့ လွန်လွန်ကဲကဲ လိုက်လျောခဲ့တာ အမှန်ပါပဲ။
ဒီတော့ မေးခွန်းထုတ်စရာ ဖြစ်လာတာက ထရမ့်ဟာ စီးပွားရေးဖက်မှာ ဖျံကျသလောက် နိုင်ငံရေးမှာတော့ ပူတင် လှည့်စားသမျှ အယုံလွယ်ခဲ့တဲ့ အခြေအနေမျိုးလား ဆိုတာပါပဲ။ တကယ်ဆိုရင် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံတစ်ခုရဲ့ သမ္မတ အနေနဲ့ ထရမ့်ဟာ သူ့စကား အောင်မြင်စေဖို့ ပူတင်ကို ဖိအားပေးလို့ ရတာတွေ အများကြီး ရှိပါတယ်။ ဥပမာ အမေရိကန် အဆိုပြုတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုကို လက်မခံရင် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လွန်လွန်ကဲကဲ တင်းကျပ်ပစ်မယ် ဆိုတာမျိုး ခြိမ်းခြောက်လို့ ရပါတယ်။ ဥပမာ ယူကရိန်းနဲ့ ဆက်ဆံချိန်မှာ ထရမ့်ဟာ သူ့ရဲ့ အစီအမံကို ကလန်ကဆန် လုပ်ချင်တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ပညာပြတဲ့ အနေနဲ့ စစ်ရေး အထောက်အပံ့တွေနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေးပို့နေတာတွေ ရပ်ပစ်ခဲ့ပါတယ်။ ဘေးကျပ်နံကျပ် ဖြစ်သွားတဲ့ ယူကရိန်းဟာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဘဝနဲ့ ထရမ့်စီမံရာ နာခံပါ့မယ်လို့ လေသံပြောင်းခဲ့ရပါတယ်။ ထရမ့်ဟာ သူ့အဆိုပြုချက်ကို ငြင်းဆန်တဲ့ ပူတင်ကိုလည်း ကွဲပြားတဲ့ နည်းတွေနဲ့ ဖိအားပေးလို့ ရပါတယ်။ ဒါပေမဲ့ ဘာကြောင့် မလုပ်ခဲ့တာပါလဲ။
ပူတင်နဲ့ ဖုန်းပြောပြီးတဲ့ အခါမှာတော့ ထရမ့်က ပူတင်ရဲ့ ရုရှားအစိုးရဟာ ငြိမ်းချမ်းရေး လမ်းကြောင်းဆီ လျှောက်လှမ်းဖို့ အမှန်တကယ် ဆန္ဒရှိနေတယ်လို့တောင် ချီးကျူးခဲ့ပါသေးတယ်။ အဲဒီ ဖုန်းဆက် ဆွေးနွေးမှု အပြီးမှာ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးက တစ်ဆင့် ပိုနီးလာပြီလို့တောင် ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။ ဒီစကားတွေဟာ လက်တွေ့ မဆန်ဘဲ အပေါ်ယံ သက်သက်ပဲ ဖြစ်တယ်ဆိုတာ ပူတင်ရဲ့ ငြင်းဆိုမှုနဲ့တင် လုံလုံလောက်လောက် သက်သေပြလို့ ရနေပြီးသားပါ။ ဒါပေမဲ့ ထရမ့်ကတော့ ရလဒ်ကို ကျေနပ်နေဟန် ရှိပါတယ်။ ဒီတော့ ကျောချမ်းစရာကောင်းတဲ့ နောက်ထပ် မေးခွန်းတစ်ခုကို မဖြစ်မနေ စဉ်းစားဖို့ လိုလာပါတယ်။
ထရမ့်ဟာ တကယ်ပဲ ယူကရိန်းနဲ့ ရုရှားကြားက စစ်ပွဲကို ရပ်တန့်စေချင်တဲ့ သဘောထားမျိုး ရှိနေရဲ့လား။
အစောပိုင်းမှာ ပြောသွားတဲ့ အချက်တွေကို အပေါ်ယံ ကြည့်မယ်ဆိုရင် ထရမ့်ဟာ ပူတင် လှည့်စားသမျှ ငြိမ်ခံလာတဲ့၊ ယူကရိန်းအပေါ် တစ်ဖက်သတ် အနိုင်ကျင့်နေတဲ့ ပုံရိပ်မျိုး ဖြစ်နေပါတယ်။ သူ့ရဲ့ ကမ်းလှမ်းမှုကို ပူတင်က အတိအလင်း ငြင်းလိုက်တာဟာ သိက္ခာကျလောက်စရာ ကိစ္စလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ သဘောထား အမှန်က ဘာတွေ ရှိနေသလဲ၊ နောက်ကွယ်မှာ ဘယ်လို အခင်းအကျင်းတွေ ကြံစည်ထားသလဲ ဆိုတာက တိမ်မယောင်နဲ့ နက်ပါတယ်။ သေသေချာချာ၊ ပိုင်ပိုင်နိုင်နိုင် ပြောလို့ရတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ထရမ့်ဟာ ယူကရိန်း စစ်ပွဲကို အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဘယ်လောက် အမြတ်ထုတ်နိုင်မလဲဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ် ကိုင်တွယ်နေတယ် ဆိုတာပါပဲ။
အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ယူကရိန်းအတွက် ထောက်ပံ့ခဲ့တဲ့ ဘီလီယံ ရာနဲ့ချီတဲ့ ဒေါ်လာငွေတွေကို ထရမ့်က ရနိုင်သမျှ နည်းနဲ့ ပြန်ယူဖို့ စိုင်းပြင်းနေပါတယ်။ ဒီသဘောထားကိုလည်း မဖုံးမကွယ်ဘဲ အတိအလင်း ပြောထားပြီးသားပါ။ ပြီးတော့ ယူကရိန်းမှာ စစ်ဆက်ဖြစ်နေရင်တောင် အဓိက အထောက်အပံ့ပေးတဲ့ နိုင်ငံဟာ အမေရိကန် မဟုတ်ဘဲ ဥရောပ အသိုက်အဝန်းသာ ဖြစ်သင့်တယ်လို့ ထရမ့်က ဆိုပါတယ်။ စစ်ပွဲကို ရပ်ဆိုင်းစေချင်တယ် ဆိုတာက အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့တွေ ဆက်ပြီး မပေးချင်တာရယ်၊ အခြေအနေတွေ တည်ငြိမ်သွားရင် ယူကရိန်းဆီက မြေရှားသတ္တုသိုက်တွေ အပါအဝင် သယံဇာတတွေကို အမေရိကန် ကုမ္ပဏီတွေက တူးယူပြီး စစ်စရိတ်တွေနဲ့ ပြန်ချေတဲ့ သဘောမျိုး အမြတ်ထုတ်ချင်တာရယ်ကြောင့် အဓိက ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန် အကျိုးရှိမယ့် ကိစ္စတွေ ဖြစ်မြောက်ဖို့က ပဓာနဖြစ်ပြီး ယူကရိန်းမှာ စစ်ပွဲ ရပ်သွားဖို့က ထရမ့်အတွက် အရေးမကြီးပါဘူး။
ပူတင်နဲ့ ဖုန်းပြောပြီးတဲ့ နောက်တစ်နေ့မှာ ထရမ့်ဟာ ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့လည်း ဖုန်းပြောခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ခေါင်းဆောင်နှစ်ဦးဟာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ ဆင့်ကဲပြောင်းလဲမှုတွေမှာ ပိုပြီး နီးနီးကပ်ကပ် ညှိနှိုင်းသွားကြဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို ရရှိအောင် အမေရိကန်က ကူညီပေးမယ်လို့ ဆိုတယ်။ အသေးစိတ် မညှိရသေးပေမယ့် အရေးကြီးတဲ့ အချက်က အဲဒီ လက်နက်တွေကို အမေရိကန်က ထောက်ပံ့မယ့် အဓိပ္ပါယ်မျိုး ဆိုလိုတာ မဟုတ်ဘဲ ဥရောပဆီကနေတဆင့် ယူကရိန်းဆီ ရောက်ရှိအောင် ကူညီမယ် ဆိုတာမျိုး ပြောသွားတာပါ။ ဇီလန်စကီးဖက်က စကားအရတော့ သူနဲ့ထရမ့် ဖုန်းပြောတဲ့အခါ လောလောဆယ် ရုရှားတပ်တွေ ထိန်းချုပ်ထားပေမယ့် ယူကရိန်းက ပိုင်ဆိုင်တဲ့၊ ဥရောပတိုက်မှာ အကြီးဆုံးဖြစ်တဲ့ ဇာပိုရစ်ဇီရာ နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို အမေရိကန်က လက်လွှဲထိန်းချုပ်နိုင်ခြေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၈ ရက်နေ့ ပူတင်နဲ့ ဖုန်းပြောချိန်မှာ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတာတွေ ရပ်တန့်ဖို့ သဘောတူခဲ့ပြီး မတ်လ ၁၉ ရက်နေ့ ဇီလန်စကီးနဲ့ ဖုန်းပြောတဲ့ အခါမှာတော့ ယူကရိန်းပိုင် နျူကလီးယား ဓာတ်အားပေးစက်ရုံ ထိန်းချုပ်ခွင့်ကို ထရမ့်က တောင်းဆိုခဲ့တယ် ဆိုတာက ရိုးရိုးသားသား တိုက်ဆိုင်မှုတော့ မဟုတ်လောက်ပါဘူး။
အစောပိုင်းတုန်းက စကားကို ပြန်ဆက်ရရင် ထရမ့်ဟာ သူလိုချင်တဲ့ အချက်တွေဖြစ်တဲ့ ယူကရိန်းအတွက် စစ်စရိတ် လျှော့ချတာ၊ ယူကရိန်း သယံဇာတာတွေကို လက်လွှဲရယူတာတွေသာ အဆင်ပြေ အထမြောက်နေမယ်ဆိုရင် ယူကရိန်းမှာ စစ်ဆက်ဖြစ်နေလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ထင်ကြေး သီအိုရီ ဆန်ပေမယ့် အဲဒီလို အခြေအနေမျိုးမှာဆိုရင် ရုရှားနဲ့ ယူကရိန်း စစ်ဆက်ဖြစ်နေတာကိုတောင် ထရမ့်က ပိုကြိုက်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် စစ်ပွဲဟာ ရပ်မသွားဘဲ လက်ရှိထက် အားလျော့တဲ့ အဆင့်မျိုးနဲ့ ဆက်ပြီး တိုက်ခိုက်နေတာမျိုးက ထရမ့်အတွက် အခွင့်ကောင်းတွေ ဖန်တီးဖို့ ပိုအဆင်ပြေပါတယ်။
ရုရှားရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို အကြောင်းပြုပြီး အနောက် ဥရောပ နိုင်ငံတွေရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည် မြှင့်တင်လာကြအောင် ထရမ့်က ခြောက်လှန့် ဖိအားပေးလို့ ရလာပါလိမ့်မယ်။ ထရမ့်က ဥရောပရဲ့ လုံခြုံရေးအတွက် အမေရိကန်က စရိတ် အထောင်းခံပြီး တာဝန်ယူပေးစရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပြီး ဥရောပ နိုင်ငံတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သင့်တယ်လို့ ပြောထားပြီးသားပါ။ နောက်ပြီး သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကြောင့် စိတ်အစာမကျေ ဖြစ်ပြီး အမေရိကန်ကို ဖီဆန်ချင်နေတဲ့ ဥရောပကိုလည်း ရုရှားရဲ့ အရှိန်နဲ့ ပြန်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအားသာချက်ကို ဥရောပနဲ့ ကုန်သွယ်ရေး ကိစ္စတွေမှာ အမေရိကန်ရဲ့ အခွန်အခ မြှင့်တင်မယ့် ထရမ့်ရဲ့ အစီအစဉ်တွေ အတွက်လည်း အသုံးချလို့ ရနိုင်ပါတယ်။
တစ်နည်းအားဖြင့် ထရမ့်ဟာ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဥရောပနဲ့ နည်းနည်း ခွာလိုက်ပြီး ရုရှားရော၊ ဥရောပဆီကပါ အမေရိကန် အကျိုးစီးပွားအတွက် ရနိုင်သမျှ ညှစ်ထုတ်မယ့် သဘောပါပဲ။ ဒါကြောင့်လည်း သူဟာ ပူတင်နဲ့ မျက်နှာ အပျက်ခံပြီး ခြိမ်းလားခြောက်လားတွေ၊ အလွန်အကျွံ ဖိအားပေးမှုတွေ မလုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ သူနဲ့ ပူတင်တို့ ဘာတွေ ပြောဆိုခဲ့သလဲ ဆိုတာ၊ နောက်ကွယ်မှာ ဘာတွေ အပေးအယူ ရှိခဲ့သလဲ ဆိုတာက သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။ အကျိုးစီးပွားအတွက် လူလည်နှစ်ယောက် လက်ဖဝါးချင်း ရိုက်ထားတဲ့ ကိစ္စတွေ အများကြီး ရှိနိုင်ပါတယ်။
ဒီနေရာမှာ ရုရှားကရော ပြင်းအား လျှော့ချလိုက်တဲ့ စစ်ပွဲမျိုးကို အချိန်ကြာကြာ ဆက်တိုက်ချင်မလား၊ ရုရှားအတွက် ရေရှည်မှာ နစ်နာမှုတွေ မရှိနိုင်ဘူးလား ဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်။ ပူတင်ကလည်း အဲဒီ ကိစ္စကို သေချာပေါက် လိုလားပါလိမ့်မယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် စတင်ခဲ့တဲ့ အချိန်မှာ ရုရှားဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဒဏ်ကို လိမ့်နေအောင် ခံခဲ့ရပါတယ်။ ရုရှားစီးပွားရေးကလည်း ဦးစိုက်ဇောက်ထိုး ကျဆင်းခဲ့ပါတယ်။ အဲဒီ အခြေအနေမှာ ရှင်သန်နိုင်ဖို့အတွက် ပူတင်ဟာ အရေးကြီးတဲ့ စီးပွားရေး မူဝါဒ အပြောင်းအလဲ တစ်ခုကို ဦးတည်ခဲ့ပါတယ်။ အဲဒါကတော့ ရုရှား နိုင်ငံရဲ့ စီးပွားရေးကို စစ်ပွဲ ဗဟိုပြုပြီး မောင်းနှင်ခြင်းပါပဲ။ အလွယ်ပြောရရင်တော့ နိုင်ငံရဲ့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင် ဖန်တီးရေး ကဏ္ဍတွေကို စစ်ပွဲနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အရေးယူ ပိတ်ဆို့ ခံထားရလို့ ရုန်းကန်နေရတဲ့ ရုရှား စစ်မှုလုပ်ငန်းတွေဟာ စစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်နဲ့ အသုံးအဆောင်တွေ ထုတ်လုပ်ပြီး ပြန်ဦးမော့လာတာ၊ အလုပ်လက်မဲ့ လူငယ်တွေဟာ မက်မောလောက်စရာ လုပ်ခလစာမျိုးကြောင့် စစ်မှုထမ်း ဘဝကို ရွေးချယ်တယ် ဆိုတာမျိုးတွေပါ။ တစ်နည်းအားဖြင့် ရုရှားရဲ့ စီးပွားရေး ယန္တရားဟာ စစ်ဖြစ်နေမှ ပိုပြီး ချောမွေ့မယ့် ပုံစံမျိုးကို ပြောင်းလဲလာနေပါတယ်။ ဒီတော့ ပူတင်က ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲဖို့ ကိစ္စကို မလိုချင်တာ မဆန်းပါဘူး။
ထရမ့်ကို အမြင်မကြည်တဲ့ သူတွေက ပူတင်နဲ့ အတွေ့မှာ ထရမ့်ဟာ အလျှော့ပေး လိုက်လျောခဲ့ရတယ် ဆိုတာမျိုး ဝေဖန် လှောင်ပြောင်နေပေမယ့် တကယ်တော့ အဲဒီလောက် မရိုးရှင်းပါဘူး။ အပစ်အခတ် ရပ်စဲရေးအတွက် သူ့ရဲ့ ကမ်းလှမ်းချက် မအောင်မြင်ခဲ့တာဟာ ထရမ့်အတွက် အမှန်တကယ် စိတ်ပျက်စရာ ဖြစ်ချင်မှတောင် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ဒီအခြေအနေဟာ သူစီစဉ်ပြီးသား၊ မျှော်လင့်ပြီးသား အနေအထားလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာကို လူကြားကောင်းအောင် ခေါင်းစဉ်တပ်ပြီး သူနဲ့ ပူတင်တို့ဟာ နှစ်ဖက် အကျိုးစီးပွားကို အလေးထား ဆွေးနွေးခဲ့ကြရုံပါပဲ။ နှစ်ယောက်စလုံးက လူလည်တွေချည်းဖြစ်ပြီး ဒီကိစ္စမှာ တကယ်တမ်း နစ်နာခဲ့တဲ့ မြေစာပင်ဟာ ယူကရိန်းသာ ဖြစ်ပါတယ်။
စူပါပါဝါ နိုင်ငံတွေရဲ့ အကျိုးစီးပွား ကစားပွဲအောက်မှာ ပိတ်မိသွားတဲ့ နိုင်ငံငယ်တွေရဲ့ ဘဝဟာ ဘယ်လောက် ထွက်ပေါက်မဲ့ပြီး နစ်မွန်းသွားနိုင်သလဲ ဆိုတာကို လက်ရှိ ယူကရိန်း ကြုံတွေ့နေတဲ့ ဖြစ်ရပ်တွေက ကောင်းကောင်းကြီး မီးမောင်းထိုးပြနေပါတော့တယ်။
