ဟန်နွေ/People’s Spring
တနင်္သာရီအခြေစိုက် ခမရ (၅၅၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်များ ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) ဒေါနတပ်ရင်းက အသိပေးထုတ်ပြန်ခဲ့ရာ ယခုနှစ် ဇန်နဝါရီမှ မတ်လ ၂၇ရက်အထိ ဒေါနတပ်ရင်းထံ အလင်းဝင်သူ စစ်ကောင်စီတပ်သား ၁၃ဦးထိရှိလာပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသည့် တပ်သား အာကာတင်လင်း နှင့် တပ်သားနေလင်းအောင်တို့သည် မတ်လ ၂၅ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
အလင်းဝင်လာသည့် တပ်သားများက လက်နက် ၂လက်၊ ကျည်၊ ခဲယမ်းများယူလာပြီး ပူးပေါင်းလာခြင်းဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ အသိပေးသည်။

Public Service Announcement
အဆိုပါတပ်သား ၂ဦးသည် ကျေးရွာတွင် နွားကျောင်းနေစဉ် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါနတပ်ရင်းက အသိပေးထားပြီး အလင်းဝင်လာသူများက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။
“CDMအလင်းဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုလက်ခံပြီး ၊ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအနေဖြင့် အလကားအသေမခံဘဲ အချိန်ရှိတုန်း ပြည်သူနဲ့ပူးပေါင်းပါ”ဟု ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်၏ ပြောဆိုချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ဒေါနတပ်ရင်း၏ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း အလင်းဝင်လာသူ ၁၃ဦးထက်မနည်းရှိပြီး အများစုမှာ စစ်ကောင်စီက အတင်းအဓမ္မတပ်သားစုဆောင်းထားသူများဖြစ်သည်။
ဇန်နဝါရီ ၁၁ရက်က ခမရ(၅၅၉)တပ်ရင်းမှ တပ်သား ၂ဦးသည် ကင်းချိန်တွင် လက်နက်များ ယူလာပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့ကြပြီး ၎င်းတို့ နှစ်ဦးသည်လည်း စစ်ကောင်စီ၏ အဓမ္မလူသစ်စုဆောင်းခံရသူများဖြစ်သည်။
” ကျနော်တို့က သင်တန်းကာလကတည်းက ထွက်ပြေးဖို့ကြိုးစားနေတာပါ။ အမြဲ ဒီကထွက်သွားဖို့ပဲ စဉ်းစားထားတဲ့အတွက် အခု ကင်းချိန်မှာ အလစ်ရတာနဲ့ တပြိုင်တည်း ချိတ်ဆက်ပြီး ထွက်လာတာပါ”ဟု တပ်သားအောင်မျိုးကျော်၏ ပြောဆိုချက်ကို ဒေါနတပ်ရင်းက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၉ရက်ကလည်း စစ်ကောင်စီတပ်သား ၇ဦး ဒေါနတပ်ရင်းထံ လက်နက်နှင့် အလင်းဝင်လာခဲ့ရာ ၎င်းတပ်သားများသည်လည်း စစ်ကောင်စီ၏ အဓမ္မ တပ်သားစုဆောင်းခြင်းခံရသူများဖြစ်သည်ဟုဆိုသည်။အဆိုပါ တပ်သားများသည် စစ်မှုထမ်း အလှည့်ကျ၍ စုဆောင်းခံရခြင်းမဟုတ်ဘဲ အတင်းဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်း၊ အလင်းဝင်လာပြီးနောက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ဟု ဒေါနတပ်ရင်းက ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၇ရက်တွင်လည်း ခမရ(၅၉၁)တပ်ရင်းမှ တပ်သား ၂ဦး လမ်းကင်းချိန်တွင် ဒေါနတပ်ရင်းထံ အလင်းဝင်လာခဲ့ဟု တပ်ရင်းက အသိပေးထားသည်။ ၎င်းနှစ်ဦးသည်လည်း စစ်ကောင်စီ၏ အဓမ္မ စုဆောင်းခံရသည့် တပ်သားသစ်များဖြစ်သည်ဟုဆိုသည်။
ဒေါနတပ်ရင်းတွင် ထိုသို့ အလင်းဝင်လာသူများ CDM ပြုလုပ်လာသူများကို ကောင်းမွန်စွာ လက်ခံထားပြီး တပ်ရင်း၌ PDF တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဘက်တော် သား ၂၃ဦး ရှိကြောင်း ဒေါနတပ်ရင်းက မတ်လ ၆ရက်တွင် ထုတ်ပြန်ထားသည်။ထို့ကြောင့် မတ်လ ၂၅ရက်တွင် အလင်းဝင်လာသူ ၂ဦးကလည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ဆန္ဒပြုထား၍ စစ်ကောင်စီကို ပြန်တိုက်မည့် ရဲဘော် ၂၅ဦးထိရှိလာမည်ဖြစ်သည်။
” အဓိကတော့ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး သူတို့ လုပ်လာတဲ့အနေအထားအပေါ်မှာ စုဆောင်းခံရတဲ့ ရဲဘော်တွေကလည်း လစ်ရင်လစ်သလို ထွက်ပြေးဖို့ ကြံစည်ပြီး သွားနေလာနေတာတွေအများကြီးရှိတယ်။ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်လုပ်တဲ့ဟာလည်း အများကြီးရှိတယ်”ဟု ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ဖေဖော်ဝါရီ လအတွင်းက ပြောပြထားသည်။
ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထူးသဖြင့် စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူများအနေဖြင့် ရောက်သည့်နေရာဒေသရှိ တော်လှန်ရေးတပ်များကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း စစ်ကြောင်းမှူး စောဒါးကိုက တိုက်တွန်းသည်။
”ကိုယ်ရောက်ရှိနေတဲ့ နေရာမည်သည့်နေရာဒေသမှာမဆို တော်လှန်ရေးတပ်တွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာဖို့ ကျနော်တို့နဲ့ ပူးပေါင်းပြီး ပြန်လည်ပြီးတော့ တိုက်ပွဲဝင်ဖို့ အားလုံးကို လက်ကမ်းကြိုဆိုနေတဲ့အကြောင်း ပြောကြားချင်ပါတယ်”ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်
ထိုသို့ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း ဒေါနတပ်ရင်းက အသိပေးပြီး
Telegram / +66988960058 / @naingyan၊ Signal / +66988960058 / @yai.08၊ Viber / +66659905540၊ Phone / 09884896475 တို့အား ဆက်သွယ်နိုင်ကြောင်း ဖော်ပြသည်။
