ဒီကာလ နိုင်ငံတကာရေးရာတွေ ပြောကြဆိုကြတဲ့အခါ မပါမဖြစ်ပါလာပြီး ခြိမ်းသံခြောက်သံလိုတောင်ဖြစ် လာတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ အဲဒါကတော့ tariff ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် ဆက်ခံပြီးချိန် ကတည်းက နိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းစည်း သတင်းတွေမှာ tariff ဆိုတဲ့ဝေါဟာရကို တွင်တွင်သုံးနေကြတာ မြင်ကြရမှာပါ။ tariff ကို ဘာသာပြန် ရရင်တော့ နိုင်ငံတစ်ခုရဲ့ အစိုးရက တခြားနိုင်ငံတွေဆီကနေ တင်သွင်းလာတဲ့ ကုန်စည်တွေအပေါ် အခွန်စည်းကြပ် ကောက်ယူမှုကို ရည်ညွှန်းတာ ဖြစ်ပြီး သွင်းကုန် အခွန်စည်းကြပ်ခြင်းလို့ ပြန်ဆိုရမှာဖြစ်ပါတယ်။
အမေရိကန်က tariff ကို ဘာလို့ကျယ်လောင်ပြောလာသလဲ၊ ကုန်သွယ်စစ်ပွဲအထိဘာကြောင့် ခန့်မှန်းပြောဆိုလာကြသလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။
သွင်းကုန် အခွန်စည်ကြပ်မှုတွေ မြှင့်တင်ရေး ဆိုတာဟာ ထရမ့်ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်စလုံးမှာ အရေးပါတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မူဝါဒ တစ်ခုဖြစ်ပြီး လက်ရှိ ဒုတိယ သက်တမ်းမှာတော့ ပိုပြီး ကြမ်းတမ်းလာတယ်လို့ ဆိုနိုင်ပါတယ်။

Public Service Announcement
အစဉ်အလာအရ အမေရိကန်ဟာ ပြည်ပနိုင်ငံတွေဆီက သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုကို လျှော့ပေါ့ပေးလေ့ ရှိခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အမေရိကန်ရဲ့ ကုန်ထုတ် စီးပွားရေး လုပ်ငန်းတွေကို နစ်နာ ထိခိုက်စေတယ်လို့ ထရမ့်က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။ နိုင်ငံခြားကနေ စျေးပေါတဲ့ ကုန်စည်တွေ ဝင်ရောက်နေတဲ့အခါ အဲဒီကုန်စည်တွေကို တင်သွင်းတဲ့ နိုင်ငံရဲ့ တူညီတဲ့ ပြည်တွင်း ထုတ်ကုန်တွေအပေါ် ဝယ်လိုအား ကျဆင်းသွားပါတယ်။ အဲဒီတော့ ပြည်တွင်းက ကုန်ထုတ် လုပ်ငန်းတွေ အရှုံးပေါ်ပြီး လုပ်ငန်း ရပ်စဲတာ၊ ပြည်တွင်း အလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးတာတွေ ကြုံလာရတတ်ပါတယ်။
ဒီလို အခြေအနေမျိုးတွေကို တုံ့ပြန်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံ အစိုးရဟာ သွင်းကုန် အခွန် စည်းကြပ်မှုတွေကို မြှင့်တင်တတ်ကြပါတယ်။ အခွန်မြှင့်တင်တာ ခံလိုက်ရတဲ့ သွင်းကုန်တွေဟာ စျေးတင်ရောင်းချရပြီး ပြည်တွင်း ထုတ်ကုန်တွေနဲ့ တန်ဖိုး မကွာတော့ပါဘူး။ အဲဒီအခါ နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားရော၊ ထုတ်ကုန်တွေရဲ့ ရောင်းအားပါ ပြန်မြင့်တက်လာစေနိုင်ပါတယ်။ အဓိက ပြဿနာ တစ်ခုကတော့ အခွန်တိုး ခံရတဲ့အခါ ကုန်စည် တင်သွင်းသူတွေက စျေးကွက်ထဲ ဖြန့်ချိတဲ့ စျေးနှုန်းကို မြှင့်လိုက်တာကြောင့် ပြည်တွင်း ဝယ်ယူ သုံးစွဲသူတွေက စျေးပိုပေးရ၊ ငွေပိုသုံးရခြင်းပါပဲ။
ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက တရုတ်ကို အဓိက ပစ်မှတ်ထားပြီး သွင်းကုန် အခွန်စည်းကြပ်မှုတွေကို မြှင့်တင်ခဲ့ပါတယ်။ တရုတ်ကလည်း အားကျမခံ အမေရိကန် သွင်းကုန်တွေကို အခွန်တွေ ပြန်တိုးကောက်ရာက ဘတစ်ပြန် ကျားတစ်ပြန်တွေ ဖြစ်ပြီး အဲဒီ အခြေအနေကို မီဒီယာတွေက ကုန်သွယ်ရေး စစ်ပွဲလို့တောင် တင်စားခဲ့ပါတယ်။
ထရမ့်ရဲ့ ဒုတိယ သက်တမ်းမှာတော့ သူဆင်နွှဲနေတဲ့ ကုန်သွယ်ရေး စစ်ပွဲရဲ့ ပစ်မှတ်ဟာ တရုတ်တင် မကတော့ဘဲ မဟာမိတ်တွေ၊ အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် တစ်ကမ္ဘာလုံးကို ဖြန့်ကျက်လာပါတော့တယ်။ ထရမ့်ဟာ အမေရိကန်ဆီ တင်သွင်းတဲ့ အလျူမီနီယမ်နဲ့ သံမဏိတွေအတွက် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မှုကို မတ်လလယ်မှာ အစပြုကျင့်သုံးခဲ့တယ်။ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေဟာ အမေရိကန်ဆီ မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းမှုတွေကို တားဆီးဖို့ ထိထိရောက်ရောက် အားမထုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အစောပိုင်း ကတည်းကလည်း အဲဒီ သုံးနိုင်ငံရဲ့ သွင်းကုန် တချို့အပေါ် အမေရိကန်က အခွန်စည်းကြပ်မှုတွေ မြှင့်တင်ထားပါသေးတယ်။ အဲဒီနိုင်ငံတွေကလည်း အမေရိကန်ရဲ့ သွင်းကုန်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ထားပါတယ်။
သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ရာမှာ ကုန်စည်တန်ဖိုးရဲ့ ရာခိုင်နှုန်းတွေနဲ့ သတ်မှတ်လေ့ ရှိပါတယ်။ ဥပမာ တရုတ်ရဲ့ သွင်းကုန် တစ်မျိုးကို သွင်းကုန်အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်တယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ အဲဒီ ကုန်စည်က ၁၀ ဒေါ်လာ တန်ဖိုးရှိရင် အစိုးရက ၂ ဒေါ်လာ အခွန်ကောက်တဲ့ သဘောပါ။ အဲဒီ အခွန်ကိုတော့ သွင်းကုန် တင်သွင်းလာတဲ့ ကုမ္ပဏီတွေက ပေးဆောင်ရပါတယ်။ အဲဒီ ကုမ္ပဏီတွေလည်း ပိုလျှံလာတဲ့ အခွန်စရိတ် အားလုံး၊ ဒါမှမဟုတ် အစိတ်အပိုင်း တစ်ခုစာလောက် ဝယ်ယူသုံးစွဲသူတွေဆီက ပြန်ရဖို့ ပစ္စည်းတွေကို စျေးတင်ပြီး ရောင်းပါတယ်။
ထရမ့် အစိုးရ လက်ထက် နိုင်ငံခြားရေး မူဝါဒတွေအရ အမေရိကန်ဟာ အစဉ်အလာ မဟာမိတ် ဥရောပ သမဂ္ဂ(EU)နဲ့ ဆက်ဆံရေး ခါးသီး စိမ်းကားလာနေရာကနေ EU ရဲ့ သံမဏိနဲ့ အလျူမီနီယမ်တွေကိုပါ သွင်းကုန်အခွန် တိုးကောက်မယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နှစ်ဖက်ကြား ပိုပြီး တင်းမာလာမယ့် အနေအထား ရှိနေတယ်။ ထရမ့်ကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ဝီစကီတွေကို အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးကောက်ဖို့ စဉ်းစားနေကြောင်း EU က ပြောခဲ့ပြီး ထရမ့်ကလည်း အဲဒီလိုသာ လုပ်မယ်ဆိုရင် EU နိုင်ငံတွေဆီကနေ အမေရိကန်ကို တင်သွင်းသမျှ အရက်အားလုံးကို သွင်းကုန် အခွန် ၂၀၀ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်ကို ဒေါ်လာ ၁၀၀ နဲ့ တင်သွင်းတဲ့ ဝိုင်တစ်လုံးအတွက် ဒေါ်လာ ၂၀၀ အခွန်ဆောင်ခိုင်းမယ့် သဘောပါ။ ထရမ့်သာ အဲဒီကိစ္စကို တကယ် ထလုပ်မယ်ဆိုရင် ဥရောပ အရက်စျေးကွက် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပါလိမ့်မယ်။ လောလောဆယ်တော့ EU ဟာ ပြဿနာတွေကို ညှိနှိုင်းမှုနဲ့ ချဉ်းကပ် ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။
အမေရိကန်ရဲ့ နောက်ထပ် မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယား အစိုးရက သွင်းကုန် အခွန် စည်းကြပ်မှုတွေကနေ ကင်းလွတ်ခွင့်ပေးဖို့ ထရမ့်ဆီ မေတ္တာ ရပ်ခံခဲ့ပေမယ့် ထရမ့်ကိုယ်တိုင်ကတော့ သူ့ရဲ့ မူဝါဒတွေမှာ အခွင့်ထူးခံ ကင်းလွတ်တဲ့ နိုင်ငံရယ်လို့ ရှိမှာ မဟုတ်ကြောင်း ပြောထားပါတယ်။ ပြီးတော့ သွင်းကုန်အခွန် တိုးမြှင့်မှုတွေကလည်း လှိုင်းလုံးတွေလို တစ်ခုပြီးတစ်ခု ထပ်ပေါ်ထွက်လာနိုင်ခြေ ရှိနေဆဲပါ။
ထရမ့်က သူ့အစိုးရရဲ့ သွင်းကုန်အခွန် မူဝါဒတွေဟာ အမေရိကန် နိုင်ငံရဲ့ ကောင်းကျိုးအတွက်၊ ပြီးတော့ အမေရိကန် ပြည်သူတွေရဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို ပြန်လည် ယူဆောင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ကြွေးကြော်ထားပေမယ့် လောလောဆယ်မှာတော့ အဲဒီ မူဝါဒကြောင့်ပဲ အမေရိကန် စီးပွားရေးအပေါ် အနုတ်လက္ခဏာဆန်တဲ့ ရိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ ဒါကလည်း ထရမ့်ဟာ သွင်းကုန် စည်းကြပ်မှုတွေကို အခုပဲ ကျင့်သုံးမယ်၊ အခုပဲ ရွှေ့ဆိုင်းမယ် ဆိုတာမျိုး ခဏခဏ စိတ်ပြောင်းနေတာတွေကြောင့် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ရဲ့ စီးပွားရေး မူဝါဒ မတည်ငြိမ်သေးတဲ့ အခြေအနေမှာ ဘာဆက်လုပ်ရမလဲ တွေးရကျပ်နေပြီး အကျိုးဆက် အနေနဲ့ အမေရိကန်မှာရော၊ ကမ္ဘာအနှံ့က စျေးကွက်တွေမှာပါ ရှယ်ယာတန်ဖိုး ကျဆင်းမှုတွေကို ကြုံလာရပါတယ်။
ထရမ့် ကိုယ်တိုင်ကလည်း သူ့ရဲ့ ရည်မှန်းချက် ကြီးမားတဲ့ စီးပွားရေး မူဝါဒအတွက် စပ်ကူးမတ်ကူး ကာလမှာ နိုင်ငံ စီးပွားရေး ကျဆင်းမှုနဲ့ ကြုံကောင်း ကြုံနိုင်တယ်လို့ မတင်မကျ ပြောထားပါတယ်။ သူ့သဘောကတော့ တိုးမယ့်ဆင်၊ နောက်တစ်လှမ်း ဆုတ်တဲ့ အဓိပ္ပါယ်ဖြစ်ပြီး တကယ်တမ်း ဆုတ်သွားတာက တစ်လှမ်းတည်း ဟုတ်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ နိုင်ငံတကာ စီးပွားရေး သုတေသီတွေကတော့ ထရမ့်ရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ အခွန်မူဝါဒ လမ်းကြောင်းတွေဟာ တရုတ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ထိုးနှက်ဖွယ် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ အဲဒါကလည်း ထရမ့် အဖြစ်ချင်ဆုံး ဆန္ဒပါပဲ။ တရုတ်ကတော့ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ အခွင့်အလမ်းတွေကို ကာကွယ်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။ နောက်ပြီး တရုတ်ရဲ့ သွင်းကုန်တွေကို အမေရိကန်က အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်တာနဲ့ ပတ်သက်ပြီးလည်း တရုတ် အစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး (WTO)ဆီကို အရေးဆို တိုင်ကြားထားပါတယ်။
ထရမ့် ခန့်အပ်ထားတဲ့ စီးပွားရေး ဝန်ကြီး စကော့ ဘက်စ်ဆန့်ကတော့ လက်ရှိမှာ အဆိုးဖက်ကို ဦးတည်နေတဲ့ စီးပွားရေး အခြေအနေဟာ အဆိပ်အတောက်တွေကို ဖယ်ရှား သန့်စင်တဲ့ detox ကာလ တစ်ခုစာ အတွက်သာ ကြာလိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။ အနာဂတ်မှာ အမေရိကန်အတွက် ပိုပြီး မှန်ကန် ကောင်းမွန်တဲ့ စီးပွားရေး မူဝါဒ လမ်းကြောင်းပေါ် ရောက်စေနိုင်ဖို့ဆိုရင် ခဏတာ ကျဆင်းမှုတွေဆိုတာ ထိုက်တန်တဲ့ ရင်းနှီးမှု ဖြစ်လိမ့်မယ်လို့လည်း သူက ပြောကြားသွားပါတယ်။
