close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖုန်းဆက် ဆွေးနွေးမှုက အပြုသဘောဆောင်ပြီး ကောင်းမွန်ခဲ့တယ်လို့ ထရမ့်နဲ့ ဇီလန်စကီးပြော

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ကောင်းမွန်ပြီး အပြုသဘောဆန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့က အသီးသီး ပြောကြားခဲ့ပါတယ်။

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ကောင်းမွန်ပြီး အပြုသဘောဆန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့က အသီးသီး ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ နှစ်နာရီကြာ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး နောက်တစ်နေ့၊ မတ်လ ၁၉ ရက်နေ့မှာ ဇီလန်စကီးနဲ့ တစ်နာရီကြာ ဖုန်းပြောခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အိမ်ဖြူတော်မှာ လူသိရှင်ကြား ကတောက်ကဆ ဖြစ်ခဲ့တဲ့နောက်ပိုင်း ထရမ့်နဲ့ ဇီလန်စကီးတို့ကြား ပထမဆုံးအကြိမ် တိုက်ရိုက် စကားပြောဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ ကနဦး ခြေလှမ်းအဖြစ် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲထားဖို့ ပူတင်ကို အဆိုပြုခဲ့ပေမယ့် ရုရှား သမ္မတက ပယ်ချခဲ့ပြီး ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို မတိုက်ခိုက်တော့ဘူးဆိုတဲ့ ကတိကိုပဲ ပေးခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၁၈ ရက်နေ့က ထရမ့်နဲ့ ပူတင်တို့ ဖုန်းပြောပြီး နာရီပိုင်း အကြာမှာပဲ ရုရှားနဲ့ ယူကရိန်းတို့ဟာ အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။

သူထူထောင်ထားတဲ့ Truth လူမှုကွန်ရက် မီဒီယာပေါ်မှာ ထရမ့်က ရေးသားထားရာမှာတော့ ဇီလန်စကီးကို အွန်လိုင်းကနေ ဖုန်းခေါ်ခဲ့တာဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေးကိစ္စ ညှိနှိုင်းဖို့ နှစ်ဖက်စလုံးရဲ့ တောင်းဆိုမှုတွေနဲ့ လိုအပ်ချက်တွေအကြောင်း ဆွေးနွေးဖို့ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။ သူက လောလောဆယ် အပစ်ရပ် သဘောတူညီမှု မရသေးပေမယ့် အားထုတ်မှုတွေဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အများစုဟာ သူနဲ့ ပူတင် လွန်ခဲ့တဲ့ တစ်ရက်မှာ ပြောဆိုခဲ့တဲ့ ကိစ္စတွေအပေါ် အခြေတည်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ပိုအသေးစိတ်ကျတဲ့ အကြောင်းအရာ တချို့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ထုတ်ပြောခဲ့ပြီး ထရမ့်ဟာ ယူကရိန်းအတွက် ဥရောပကနေတဆင့် လေကြောင်း ကာကွယ်ရေး စနစ်တွေ ပိုမိုလက်ခံရရှိဖို့ အကူအညီပေးရေး သဘောတူခဲ့ကြောင်း သိရပါတယ်။ ရူဘီရိုက နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဆင့်ကဲပြောင်းလဲနေတဲ့ စစ်မြေပြင် အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုပြီး နီးနီးကပ်ကပ် အချက်အလက်တွေ ဖလှယ်ဖို့ ကတိပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ သဘောတူညီချက်တွေရဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကိုတော့ ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ ဆက်ပြီး ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဇီလန်စကီးကလည်း ထရမ့်နဲ့သူနဲ့ကြားက ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်၊ ပွင့်လင်းပြီး လက်တွေ့ကျခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေနဲ့အတူ၊ သမ္မတ ထရမ့်နဲ့အတူ၊ အမေရိကန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အဓွန့်ရှည် တည်မြဲတဲ့ ငြိမ်းချမ်းရေးမျိုး အခုနှစ် အတွင်းမှာတင် အကောင်အထည် ပေါ်လာမယ်လို့ ယူကရိန်းက ယုံကြည်ပါတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

သူနဲ့ထရမ့်တို့ ဆွေးနွေးကြရာမှာ လောလောဆယ် ရုရှားတပ်တွေက ထိန်းချုပ်ထားပေမယ့် ယူကရိန်းက ပိုင်ဆိုင်တဲ့ ဇာပိုရစ်ဇီရာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ပိုင်ဆိုင်ခွင့်ကို အမေရိကန်က လက်လွှဲယူရေး ဖြစ်နိုင်ခြေတွေလည်း ပါဝင်တယ်လို့ ဇီလန်စကီးက မှတ်ချက်ပေးခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ အကြီးဆုံး ဓာတ်အားပေး စက်ရုံကြီး ပြန်လည်ပတ်နိုင်ဖို့ ၂ နှစ်လောက် အချိန်ယူရမှာဖြစ်ကြောင်း သူက ဝန်ခံခဲ့ပြီး အဲဒီ စက်ရုံဟာ ယူကရိန်း အတွက်ရော၊ ဥရောပ အတွက်ပါ အရေးကြီးတဲ့ စွမ်းအင်ရေးရာ အခြေခံ အဆောက်အအုံ တစ်ခုလို့ ထောက်ပြထားခဲ့ပါတယ်။

သူက သမ္မတထရမ့်နဲ့ ပူတင်တို့ ဆွေးနွေး သဘောတူထားတဲ့အတိုင်း ယူကရိန်းဟာ ရုရှားရဲ့ စွမ်းအင်၊ မီးရထားလမ်းပိုင်း၊ ဆိပ်ကမ်းစတဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တော့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ ရုရှားဖက်က အဲဒီ သဘောတူညီချက်ကို စချိုးဖောက်တာနဲ့ ယူကရိန်းကလည်း လက်တုံ့ပြန်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ သူက သတိပေးသွားပါတယ်။

ထရမ့်နဲ့ ပူတင်တို့ ဖုန်းပြောအပြီးမှာတော့ ပူတင်ရော၊ ဇီလန်စကီးကပါ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ သဘောတူကြောင်း အသီးသီး ထုတ်ပြောခဲ့ပေမယ့် နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ ဆက်ကျူးလွန်နေကြောင်း အပြန်အလှန် စွပ်စွဲ ပြစ်တင်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် မျှော်လင့်ထားသလို ရက်ပေါင်း ၃၀ အလုံးစုံ အပစ်အခတ် ရပ်စဲရေး အဆင့်ကိုတော့ ပူတင်က...

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး တွန်းအားပေးဖို့အတွက် သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။