တောင်ကိုရီးယားမှာ လက်ရှိဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှုတွေဟာ နိုင်ငံသမိုင်းမှာ အသေအပျောက် အများဆုံး တောမီးတွေ အနေနဲ့ မှတ်တမ်းဝင်လာပါတယ်။
တောမီးတွေကြောင့် အသေအပျောက် ကိန်းဂဏန်းဟာ ၂၄ နာရီအတွင်း အယောက် ၂၀ တိုးလာပြီး မတ်လ ၂၆ ရက် မနက်ပိုင်းမှာ ၂၄ ဦးထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်သူ ၂၆ ဦးကိုလည်း ဆေးရုံတင်ထားရပြီး ၁၂ ဦးက အခြေအနေ စိုးရိမ်ရပါတယ်။
တောင်ကိုရီးယား နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဂွမ်ဆန်း ပြည်နယ်ထဲက အူဆွန်ခရိုင်မှာ အပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေတာပါ။ လက်ရှိ တောင်ကိုရီးယား ယာယီ သမ္မတ ဟန်ဒက်ဆူက ရင်ဆိုင်နေရတဲ့ သဘာဝ ဘေးဆိုးဟာ မကြုံစဖူး အဆင့်မျိုးကို ရောက်ရှိနေပြီး သမိုင်းမှတ်တမ်းတွေကို အသစ်ပြန်ရေးရတော့မယ်လို့ ပြောပါတယ်။
တောမီးတွေဟာ အူဆွန်မြို့ထဲက နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိတဲ့ ဂွန်ဆာ ဘုရားကျောင်းကိုလည်း ဖျက်ဆီး ဝါးမျိုခဲ့ပြီး အဲဒီနေရာက ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းထားခဲ့ရပါတယ်။

Public Service Announcement
တောမီးတွေကြောင့် သစ်တောဧရိယာ ဟက်တာ ၁၇၀၀၀ လောက် ဆုံးရှုံးထားခဲ့ပြီး နိုင်ငံသမိုင်းမှာ ပမာဏအားဖြင့် တတိယ အကြီးဆုံး တောမီးတွေအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန်ချွမ်အရပ်မှာ စတင်ခဲ့တဲ့ တောမီးတွေဟာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပြီး ထိန်းသိမ်းရခက်တဲ့ အဆင့်ကို ရောက်ရှိလာတာပါ။ ရာသီဥတု ပူပြင်းခြောက်သွေ့မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကလည်း တောမီးကူးစက်မှုတွေကို ပိုပြီး ဆိုးရွားစေပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေက အူဆွန်မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ စဉ်းစားပုံဖော်ကြည့်လို့တောင် မရတဲ့ မြန်နှုန်းမျိုး၊ ပမာဏမျိုးနဲ့ ဆက်ပြီး ကူးစက်နေဆဲလို့ ပြောပါတယ်။ မီးသတ်လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ရဟတ်ယာဉ် တစ်စီးလည်း မတ်လ ၂၆ ရက်နေ့က ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ တောမီးတွေကို ငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေကို တောင်ကိုရီးယား စစ်မှုထမ်း ၅၀၀၀ လောက်ကလည်း ကူညီပေးနေပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား အခြေစိုက် အမေရိကန် စစ်တပ်ကလည်း တောမီး နှိမ်နင်းရေးအတွက် ရဟတ်ယာဉ်တွေ ပံ့ပိုးပေးထားပါတယ်။
၂၀၂၅ ခုနှစ်ထဲ ဖြတ်သန်း ဝင်ရောက်လာတာ သုံးလ မပြည့်သေးပေမယ့် တောင်ကိုရီးယားမှာ တောမီးလောင်ကျွမ်းမှု ဖြစ်စဉ် ၂၄၄ ခု ကြုံခဲ့ပြီးပါပြီ။ ဒါဟာ မနှစ်က တူညီတဲ့ ကာလနဲ့ယှဉ်ရင် နှစ်ဆခွဲ တိုးလာတာလို့ သိရပါတယ်။
ကိုးကား: CNA
