ဇေအောင်/People’s Spring
စစ်ကိုင်းမြို့တွင် နေအိမ်သို့ ခေတ္တပြန်လာသည့် စစ်ကောင်စီ၏ ရဲတပ်ကြပ်ကြီးတစ်ဦးအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဒီဇင်ဘာ ၈ရက်) နံနက် ၁၁နာရီခန့်က အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်သည် နေအိမ်သို့ ခေတ္တပြန်ရောက်နေစဥ် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရတနာပုံတပ်ဦး၏တာဝန်ခံ ကိုကီရီက ပြောကြားသည်။
“စနစ်တကျသေချာ အစီအစဉ်ချပြီး ဝင်ရောက်ဖမ်းဆီး ဆုတ်ခွာခဲ့တဲ့အတွက် ပစ်ခတ်မှုမဖြစ်ဘဲ အေးဆေးဝင်ရောက်နိုင်ခဲ့ပါတယ်။”ဟု ကိုကီရီက ပြောသည်။

Public Service Announcement
ရဲတပ်ကြပ်ကြီးထံမှ ကျည်နှင့်အခြားပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း ရတနာပုံတပ်ဦးက အသိပေးသည်။
အဆိုပါ ရဲတပ်ကြပ်ကြီးအား Burmese Revolution Force – B.R.F ၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နှင့် မဟာမိတ်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းအား ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်ကလည်း စစ်ကိုင်းမြို့အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၇ ရက်က စစ်ကိုင်းမြို့အနောက်တောင်ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ကာကွယ်ရေးရဲဘော်တစ်ဦး သတ်ဖြတ်ခံရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ ၂ဦး သေဆုံးခဲ့သေးသည်။
