သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက လက်တွဲခဲ့ဖူးတဲ့ မိုက်ခ်ပွမ်ပီရိုနဲ့ နစ်ကီဟေလီတို့ကို အစိုးရအသစ် ဖွဲ့စည်းတဲ့အချိန် ဖိတ်ခေါ်သွားမှာ မဟုတ်ကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့နောက် ထရမ့်ဟာ လာမယ့် နှစ်ဆန်းပိုင်းကနေ စတင်လည်ပတ်မယ့် အစိုးရသစ်ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန် သမ္မတအဖြစ် ပထမအကြိမ် တာဝန်ယူခဲ့တုန်းက နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သူ ပွမ်ပီရိုနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သူ ဟေလီတို့ကို အစိုးရသစ်အတွက် ဖိတ်ခေါ်တော့မှာ မဟုတ်ဘူးလို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသား ကြေညာခဲ့ပါတယ်။
သံအမတ်ကြီး ဟေလီရော၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပွမ်ပီရိုကိုပါ လက်ရှိ ပြင်ဆင် ဖွဲ့စည်းနေတဲ့ အစိုးရသစ်အတွက် ဖိတ်ခေါ်မှာ မဟုတ်ကြောင်း၊ သူတို့နဲ့အတူ အရင်က အလုပ်တွဲလုပ်ခဲ့ရတာကို အရမ်းနှစ်သက်ပြီး အသိအမှတ်လည်းပြုကြောင်း၊ နိုင်ငံအတွက် သူတို့နှစ်ယောက် အလုပ်အကျွေး ပြုခဲ့တာတွေကိုလည်း ကျေးဇူးတင်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ဟေလီဟာ ၂၀၂၄ ရွေးကောက်ပွဲရဲ့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု သမ္မတလောင်း နေရာအတွက် အစောပိုင်း အဆင့်တွေမှာ ထရမ့်ကို ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း အခြေမလှလို့ လက်လျှော့ နုတ်ထွက်ခဲ့ရပါတယ်။
သူတို့နှစ်ယောက် ပြိုင်ဘက်တွေ ဖြစ်နေချိန်က ခါးသီးမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထရမ့်ကို ရွေးကောက်ပွဲမှာ ထောက်ခံ ရပ်တည်ခဲ့တဲ့ တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဟေလီကလည်း ထရမ့်နဲ့အတူ လက်တွဲပြီး ကုလသမဂ္ဂမှာ အမေရိကန်အတွက် ကာကွယ် ရပ်တည်ခဲ့တဲ့ တာဝန်တွေကို ဂုဏ်ယူနေကြောင်း၊ လာမယ့် ၄ နှစ်အတွင်း ထရမ့်နဲ့အတူ အမေရိကန်ကို ပိုမို အားကောင်းတဲ့၊ ပိုမိုလုံခြုံတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားလုပ်ဆောင်မယ့် လူပုဂ္ဂိုလ်တိုင်း အောင်မြင်မှု ရရှိစေဖို့ ဆန္ဒပြုပေးကြောင်း လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပါတယ်။
ထရမ့်လက်ထက်တုန်းက CIA ထောက်လှမ်းရေး ဌာနရဲ့ အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ပွမ်ပီရိုဟာ အစိုးရသစ် ဖွဲ့စည်းတဲ့အခါ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ကြောင်း သတင်းတချို့ ပျံ့နှံ့လာတဲ့အချိန် ထရမ့်က အခုလို ငြင်းချက်ထုတ်ခဲ့တာပါ။ ပွမ်ပီရိုကတော့ ထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: Reuters
