ဇေအောင်/People’s Spring
ယမန်နေ့(နိုဝင်ဘာ ၉ရက်) နံနက်ပိုင်းက စစ်ကိုင်းတံတား(ရတနာပုံတံတား)၊ စစ်ကိုင်းမြို့ဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မန္တလေးကျောက်ဝိုင်းသို့ သွားမည့် ကျောက်သမားများအပါအဝင် လူငယ်လေးဆယ်နီးပါး စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“တပ်မ ၃၃ ထဲ တန်းခေါ်သွားတာ လိုက်တာလည်း မရဘူးတဲ့။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများတွင် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်မှ လူငယ်အချို့လည်း ပါဝင်ကြောင်း သိရသည်။

Public Service Announcement
စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်သည် စစ်မှုထမ်းအပတ်စဥ်အသစ်စတင်တိုင်း လူငယ်များအား ဖမ်းဆီးကာ တပ်မ၃၃အတွင်းသို့ ပို့ဆောင်လေ့ရှိကြောင်း စစ်ကိုင်းမြို့ဒေသခံများကဆိုသည်။
အလားတူ ယနေ့(နိုဝင်ဘာ၁၀ရက်)နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့ပေါ်နှင့် အင်းဝမြို့ဟောင်း၊ ဒုဌဝတီတံတားပေါ်တို့၌ စစ်ကောင်စီတပ်က နာရေးကူညီမှုအသင်းကားများအား ချောဆွဲကာ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၇၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
”ဒုဌဝတီတံတားပေါ် အခုထိ(ညနေ၆ နာရီ)ရှိသေးတယ်။ အလုပ်ပြန်တဲ့သူတွေကို မပြန်ရဲလို့။ ဆင်ကျုံးရွာကလူတွေလည်း ပါသွားတယ်ပြောတယ်။ အလုပ်ပြန်ပေါ့။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။
တံတားဦးမြို့တွင်လည်း စစ်မှုထမ်းအပတ်စဥ်သစ်စတင်တိုင်း လူငယ်အများအပြားအား စစ်ကောင်စီတပ်က ရာချီဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်း အပတ်စဥ်(၇)စတင်ရန် ကြိုးစားနေပြီး ဒေသအသီးသီး၌ စစ်မှုထမ်းရန်လူငယ်များအား ဆင့်ခေါ်နေသည်။
