မတ်- ၂၃၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ အာဏာသိမ်းစစ်တပ်ရဲ့ အသွင်ပြောင်း အစိုးရအဖွဲ့ကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ “ စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့… အလိုမရှိ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ချီတက်လှုပ်ရှားခဲ့ကြပါတယ်။

Public Service Announcement
ပြည်သူလူထုတွေအနေနဲ့လည်း အာအာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရကို နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဆန့်ကျင်အန်တုကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီ-KPSSC က ဒေသအတွင်းရှိ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ရပ်ကျေးအဆင့် ဦးဆောင်သူတွေ၊ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတွေနဲ့အတူ “ လူထုတွေ့ဆုံပွဲ” တရပ်ကို ပြုလုပ်ခဲ့ပါတယ်။
လက်ရှိကာလအတွင်း ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲကို ရှင်းလင်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ နယ်မြေအခြေအနေအရ လုံခြုံရေးအထူးကြပ်မတ် သတိကပ်ဖို့ လေကြောင်းရန်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပြီး လက်တွေ့ လေ့ကျင့်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်၊ ကလေးလူထုသပိတ်




























































