close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပံ့ပိုးပေးခဲ့တဲ့ Synpex Shwe နဲ့ ဆက်စပ်ကုမ္ပဏီ‌တွေကိုအရေးယူဖို့ နိုင်ငံတကာအစိုးရတွေကို JFM တိုက်တွန်း

ပြည်သူတွေကို လေကြောင်းကနေအကြမ်းဖက်နေတဲ့ စစ်ကောင်စီအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ Synpex Shwe နဲ့ ဆက်စပ်ကုမ္ပဏီ‌တွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - JFM

မတ်-၂၃၊၂၀၂၆။ တေဇ/People’s Spring

ပြည်သူတွေကို လေကြောင်းကနေအကြမ်းဖက်နေတဲ့ စစ်ကောင်စီအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ Synpex Shwe နဲ့ ဆက်စပ်ကုမ္ပဏီ‌တွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

“ တရားမဝင်စစ်အုပ်စုသည် ၎င်းတို့၏အကြမ်းဖက်စစ်ဆင်ရေးကို အပြစ်ပေးအရေးယူခံခြင်း အလျဉ်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေချိန်တွင် အစိုးရများအနေဖြင့် Synpex Shwe ကွန်ရက်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် လေယာဉ်ဆီ ရရှိနေမှုများကို တားဆီးပိတ်ပင်မှုများ လုပ်ဆောင်ရန်မှာ အထူးပင် အရေးကြီးလှပါသည်။” လို့ JFM က ဒီနေ့(မတ်၂၃) ထုတ်ပြန်ချက်မှာတောင်းဆိုထားတာပါ။

အီရတ်-ဆီးရီးယား နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုအပြီး သိမ်းဆည်းရမိတဲ့ အီရန်ရဲ့ Sayyad-107 ဒရုန်းအပျက်အစီးတွေထဲက မော်တာတစ်လုံးဟာ မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ ပတ်သက်နေတယ်လို့ Conflict Armament Research (CAR)က အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီမော်တာက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ဂျပန်ကနေ ဟောင်ကောင်အခြေစိုက် ဖြန့်ချိရေးကုမ္ပဏီတစ်ခုကို ပို့ဆောင်ခဲ့တဲ့ ကုန်စည်တင်ပို့မှုကြီးတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ Synpex Shwe ရဲ့ စင်ကာပူကုမ္ပဏီခွဲ Synpex Shwe Pte. Ltd. (Synergy Tripexin Pte. Ltd )က ဝယ်ယူခဲ့တာလို့ဆိုပါတယ်။

၂၀၂၀ ဇူလိုင်ကနေ ၂၀၂၃ ဇူလိုင်အထိ သုံးနှစ်တာကာလအတွင်းမှာ စုစုပေါင်း မော်တာအလုံးရေ ၃၀၀ ကျော် ပါဝင်သည့် ပို့ဆောင်မှု ၅ ကြိမ်အနက်မှ တစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Synpex Shwe ကုမ္ပဏီက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအတွက် ပစ္စည်းပေးသွင်းသူဖြစ်ပြီး စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ရုရှားကုမ္ပဏီ Sins Avia Trading House LLC (CNS Aviation) ဆီကနေ မြန်မာလေတပ်အတွက် ရဟတ်ယာဉ်အစိတ်အပိုင်းများကို ဝယ်ယူခဲ့တယ်လို့ JFM က အဲဒီ့ကုမ္ပဏီအကြောင်းကို ၂၀၂၂ မှာ ဖော်ထုတ်ခဲ့တာပါ။

“ Justice For Myanmar က ကြည့်ရှုရသည့် ကုန်တင်ပို့မှုမှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း Synpex Shwe သည် ဒရုန်းကဲ့သို့သောလေယာဉ်ငယ်များတွင် အသုံးပြုဖွယ်ရှိသည့် ကိုယ်တိုင်ထိန်းချုပ်လုပ်ကိုင်နိုင်စွမ်းရှိသော ပန်ကာထိန်းချုပ်မှုစနစ်များကို တူရကီနိုင်ငံမှတစ်ဆင့် တင်သွင်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုသည် စောင့်ကြည့်ထောက်လှမ်းရေး၊ ပစ်မှတ်ရှာဖွေရေးနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာခဲ့သည်။” လို့ ထုတ်ပြန်‌ချက်မှာဖော်ပြထားပါတယ်။

Justice For Myanmar က မှတ်တမ်းတင်ထားတဲ့ ရုရှားပို့ကုန်မှတ်တမ်းတွေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ Synpex Shwe က ရုရှားကုမ္ပဏီ Allwe Foreign Trade Company JSC ဆီကနေ Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းများ အပါအဝင် အခြား လေယာဥ်အပိုပစ္စည်း တွေနဲ့ ရေဒီယိုအစိတ်အပိုင်းတွေ ကိုလည်း တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၂ နဲ့၂၀၂၃ မှာ မြန်မာအတွက် Allwe မှ Synpex Shwe သို့ အနည်းဆုံး တင်ပို့မှု ၂၇ ခုကို Justice For Myanmar မှ တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Mi-17 ရဟတ်ယာဉ်တွေကို စစ်‌ကောင်စီကအရပ်သားပြည်သူအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတာပါ။

“ Mi-17 ရဟတ်ယာဉ်များနှင့် ဒရုန်းများကို စစ်အုပ်စုက ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုနေကြောင်း ယုံကြည်စိတ်ချရသည့်သတင်းများ ရရှိထားသည့် အခြေအနေတွင် အဆိုပါရဟတ်ယာဉ်များအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို Synpex Shwe က ဝယ်ယူထောက်ပံ့ပေးနေခြင်းသည် ထိုရာဇဝတ်မှုများကို အားပေးကူညီရာမြောက်နိုင်ပြီး၊ ယင်းအတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။” လို့ JFM ကတိုက်တွန်းထားပါတယ်။

Synpex Shwe ကုမ္ပဏီကို ယူကေနဲ့ ကနေဒါ နိုင်ငံတွေက ၂၀၂၃ မှာဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး အမေရိကန်ကလည်း ၂၀၂၄ မှာ အဲဒီ့ကုမ္ပဏီအပေါ် ကုန်သွယ်ရေးကန့်သတ်ချက်တွေ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း Synpex Shwe ကုမ္ပဏီရဲ့ ဒါရိုက်တာ‌တွေ ၊ ရှယ်ယာရှင်တွေနဲ့ ကုမ္ပဏီကွန်ရက်မှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေ အပေါ် ဒီ‌ နေ့အချိန်အထိ ဒဏ်ခတ်ပိတ်ဆို့ထားတွေ မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။

၂၀၂၂ ဧပြီအထိ Synpex Shwe Co. Ltd. ရဲ့ ပိုင်ရှင်‌ တွေက အေးငြိမ်းဆွေ၊ လူလူချမ်းမြေ့ (ကောင်းထက်လူအေး )၊ မြတ်နှင်းဖြူ၊ ဆန်းမြင့်အောင်၊ စည်သာထိန်ဝင်း၊ ဝင်းလဲ့ဖြူနှင့် ရန်လင်းနိုင်တို့ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

“ ကုမ္ပဏီအကြောင်း ဖော်ထုတ်ခံရပြီးနောက် Synpex Shwe သည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် သိသာထင်ရှားသော ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ၎င်း၏မြန်မာကုမ္ပဏီအမည်ကို ပထမတစ်ကြိမ်တွင် SS Techniques Co. Ltd. သို့လည်းကောင်း၊ ထို့နောက် လက်ရှိအမည်ဖြစ်သော SS Tech Learn Co. Ltd သို့လည်းကောင်း နှစ်ကြိမ်တိုင် ပြောင်းလဲခဲ့သည်။ ထို့အပြင် စင်ကာပူနိုင်ငံရှိ ၎င်း၏ကုမ္ပဏီ Synergy Tripexin Pte. Ltd., ကိုလည်း ၂၀၂၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။” လို့ JFM ကဆိုပါတယ်။

၂၀၂၃မှာ ထိုင်းနိုင်ငံမှာရှိတဲ့SS Affluence က ဗီယက်နမ်နိုင်ငံမှာရှိတဲ့ TDM Trading & Investment JSC ကနေလေယာဉ်အပိုပစ္စည်း တွေနဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့Vinytics Peripherals Private Limited ကနေ DC မြန်နှုန်းထိန်းချုပ်စနစ် လေ့ကျင့်ရေးကိရိယာများကို တင်သွင်းခဲ့တယ်လို့ JFM ရဲ့ မှတ်တမ်းမှာဖော်ပြထားပါတယ်။

“ Synpex Shwe Co., Ltd. ကုမ္ပဏီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကို Justice For Myanmar က ကြိုဆိုသော်လည်း၊ ယင်းအရေးယူဆောင်ရွက်ချက်များကို အဆိုပါ မြန်မာကုမ္ပဏီတစ်ခုတည်းကိုသာမက ထိုင်းကုမ္ပဏီ SS Affluence အပါအဝင် Synpex Shwe ၏ ကွန်ရက်တစ်ခုလုံးနှင့် ၎င်းတို့၏ပိုင်ရှင်များ၊ ဒါရိုက်တာများအထိပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်ရေး တိုးချဲ့လုပ်ဆောင်ရန် ကျွန်ုပ်တို့က တောင်းဆိုပါသည်။ ထိုင်းနိုင်ငံအစိုးရ အနေဖြင့်လည်း မြန်မာလက်နက်ပွဲစားများကို ၎င်းတို့၏နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းများကို ပိတ်ပင်တားဆီးရမည် ဖြစ်သည်။” လို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒုတိယလူ အဖြစ် နာမည်ကြီးတဲ့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ခါရာဘောင်ဖလားဖိုင်နယ်မှာရှုံးနိမ့်ခဲ့ပေမယ့် နောက်ထပ်ဖလားသုံးလုံးလမ်းကြောင်းကို ဆက်လက်ချီတက်နေပါတယ်။ ဒါ​ပေမယ့် လူပုံအလယ် လက်သီးပုန်းအထိုးခံရတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းကတော့ နေပြည်တော်က စစ်ရုံးချုပ်ထဲမှာ လမ်းပျောက်နေပါပြီ။

သတင်း

စစ်တပ်က စက်သုံးဆီခွဲတမ်းပုံစံသစ်ကို ဒီကနေ့(မတ်လ ၂၂ ရက်)မှာ ထပ်မံထုတ်ပြန်လာပါတယ်။

သတင်း

စစ်တပ်က သုံးလအတွင်း တိုက်​လေယာဥ်အုပ်စုအတွက်ပဲ ‌ဗုံးဖို့အတွက်အမေရိကန်ဒေါ်လာ ၄သန်းကျော် အသုံးပြုခဲ့တယ်လို့ Blood Money Campaign (သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ဦး ထွက်ပြေးပြီးရာ တစ်ဦးလွတ်မြောက်ကာ ၂ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook