■TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနဲ့မေးမြန်းခန်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ ဖေဖော်ဝါရီ ၁၃ရက်ညနေပိုင်းမှာ မဟာမိတ်အချင်းချင်း ပြဿနာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ပါတယ်။ TNLAနဲ့ MNDAA တို့ဟာ ညီနောင်မဟာမိတ်တွေဖြစ်သလို ၁၀၂၇ စစ်ဆင်ရေးအတူတကွ ဖော်ဆောင်ပြီး စစ်ကောင်စီ တပ်စခန်းရာချီ သိမ်းပိုက်ကာ ရှမ်းမြောက်က မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့တွေဖြစ်သလို တရုတ်ကြားဝင်မှု တနည်းအားဖြင့် ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားရတဲ့ အဖွဲ့တွေလည်းဖြစ်ပါတယ်။ ကွတ်ခိုင်မြို့မှာ မဟာမိတ်အချင်းချင်း အကြား ပြဿနာဖြစ်ပွားမှု အပါအဝင် TNLAအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သဘောထားတွေကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို People’s Springက မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
ထားမြတ်/People’s Spring
မေး- လတ်တလော ကိုးကန့်တပ်နဲ့ ပြဿနာအချိုဖြစ်တဲ့ အခြေအနေနဲ့ပတ်သက်ပြီးရှင်းပြပေးပါလား။ ဖြစ်ရတဲ့ ပြဿနာအကြောင်းရင်းက ဘာကြောင့်ပါလဲ။

Public Service Announcement
ဖြေ- ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ ညနေမှာ ကျမတို့ TNLAတပ်သားနဲ့ MNDAA တပ်သား အောက်ခြေမှာ အငြင်းပွားမှုတွေ ပွတ်တိုက်မှုတွေရှိခဲ့ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းအရင်းက အဓိကကတော့ MNDAAဘက်မှ မြို့တွင်းထဲမှာ ကျမတို့ကို လာရောက်ပြီး သတင်းအကြောင်းကြားတာမျိုးမရှိဘဲနဲ့ CCTV တရပ်ကွက်လုံး တပ်နေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဆိုတော့က တဖက်နဲ့တဖက် အခြေအတင်ဖြစ်ပြီးတော့မှ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာပါ။ လောလောဆယ် ဒီဟာတွေက ပြန်လည်ငြိမ်သက်နေပါပြီ။ တဖက်နဲ့တဖက် လူကြီးတွေ တွေ့ဆုံပြီးတော့မှ ဒီအခြေအနေကို ဖြေရှင်းနေတာမျိုးဖြစ်တယ်။ ဆက်လက်ပြီးတော့မှ အခြေအနေက စိုးရိမ်တဲ့ အခြေအနေမျိုးလည်းမရှိခဲ့ပါဘူး။
မေး-ကိုးကန့်တပ်နဲ့ စစ်ရေးတင်းမာတယ်ဆိုတာ ကြားရပါတယ်။ မြေပြင်အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ-မဟာမိတ် MNDAA ကိစ္စကတော့ အခြေအနေကတော့ ပြေလည်သွားနေတဲ့ အခြေအနေမျိုးဖြစ်တယ်။ တဖက်နဲ့တဖက်ဆက်လက်ပြီးဆွေးနွေးသွားဖို့လည်းရှိပါတယ်။ လောလောဆယ်ကတော့ စိုးရိမ်တဲ့ အနေအထားမရှိတောပါဘူး။
မေး-ဖြစ်စဉ်မှာ နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ပါသလား။
ဖြေ- တဖက်နဲ့တဖက်အဲဒီလိုမျိုးအောက်ခြေမှာ အငြင်းပွားမှုရှိတဲ့အချိန်မှာတော့ တဖက်နဲ့ တဖက်ထိခိုက်တာမျိုးတွေလည်း ရှိပါတယ်။
မေး-ကိုးကန့်အပါအဝင် မဟာမိတ်တိုင်းရင်းသားအဖွဲတွေနဲ့ ပြဿနာဖြစ်ပွားမှုတွေ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို သဘောထားရှိတယ်ဆိုတာ အသိပေးထားတော့ ဒေသတွင်းတပ်ဖွဲတွေနဲ့ဖြစ်ခဲ့တဲ့ အချင်းများမှု ဖြစ်စဉ်တွေ ဆွေးနွေးဖြေရှင်းနိုင်တဲ့ အခြေအတွေ အသိပေးရတာရှိရင် ပြောပြပေးပါလား။
ဖြေ-ဒီဟာကတော့ ကျမတို့ MNDAA မဟာမိတ်မှမဟုတ်ဘူး အခြားသော ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ ဒီလက်နက်ကိုင် အထူးသဖြင့် ERO အဖွဲအစည်းတွေနဲ့ ကျမတို့မှာဆိုရင် ပွတ်တိုက်မှုတွေရှိတယ် အငြင်းပွားမှုတွေရှိပါတယ်။ ဒါကတော့ အောက်ခြေမှာ ဖြစ်ပွား နေတဲ့ဟာမျိုးတွေရှိတယ်။ မြေပြင်မှာ ဖြစ်ပွားနေတာရှိတယ်။ ဗဟိုအဆင့်ကတော့ ဒီကိစ္စကို တဖက်နဲ့တဖက်ထိန်းသိမ်းဆောင်ရွက်ဖို ဆက်သွယ်သွားလာနေကြတာမျိုးတွေရှိတယ်။ တွေ့ဆုံဆွေးနွေးရေးကိုပဲ ကျမတို အဓိကထားဖြေရှင်းနေတာဖြစ်ပါတယ်။ ရှေ့လျှောက်လည်း တကယ်လို့ ဒီလိုမျိုးက ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ရှိလည်းရှိနိုင်ပါတယ်။ သို့ပေမယ့် ဒေသခံကတော့ စိုးရိမ်စရာတော့ မရှိဘူး။ ဒါက ကျမတို လမ်းစဉ်အရပဲ တွေ့ဆုံရေးလမ်းစဉ်ကိုပဲ သွားပြီးတော့မှ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မေး- ဒီလို ပြဿနာတွေဖြစ်တဲ့အခါ TNLAအပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။ ဒီလိုဝေဖန်မှုရှိတဲ့အပေါ် ဘာရှင်းပြချင်လဲ။
ဖြေ-ဒီဟာအပေါ် အွန်လိုင်းမှာကျတော့ တချို့က ချဲ့ကားပြီးရေးတာရှိသလို တချို့ကတော့ မဟုတ်မမှန် နစ်နာစေလိုတာမျိုးရေးသားနေတာတွေ့ရပါတယ်။ ဆိုတော့က စာဖတ်သတ်ပရိတ်သက်တွေကတော့ ဖတ်ရတဲ့ စာအပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့ တုန့်ပြန်မှုကို ဆောင်ရွက်တာဖြစ်ပါတယ်။ သို့ပေမယ့် ဒါတွေကတော့ ကျမတို့လည်း လေ့လာစောင့်ကြည့်နေပါတယ်။ အဓိကတော့ ကျမတို့ရဲ့ လုပ်ဆောင်မှု ကျမတို့ရဲ့ လုပ်ဆောင်ချက် ဘယ်ဟာတွေကတော့ ပြုပြင်ရမယ် ဘယ်ဟာတွေကတော့ ထိန်းသိမ်းရမယ်ဆိုတဲ့ဟာမျိုးကလည်း ကျမတို့က ပြန်လည်ပြီးသုံးသပ်ဆောင်ရွက်တာမျိုးရှိတယ်။ လူထုကတော့ သူတို့ရဲ့ အမြင်သဘောထားကိုပဲ ဖော်ပြတာဖြစ်ပါတယ်။
မေး-လက်ရှိ TNLAက တရုတ်ဖိအားနဲ့ လူထုတွေ လေကြောင်းဒဏ်သက်သာစေဖို ဆိုတဲ့ အခြေအနေအောက်မှာ စစ်တပ်နဲ့ အပစ်ရပ်စဲထားတာ သုံးလကျော်ကြာပြီ။ ဒီကာလမှာရော စစ်ရေးနိုင်ငံရေး ထူးခြားမှု ဘယ်လိုရှိပါသလဲ။
ဖြေ- လောလောဆယ်ကတော့ စစ်တပ်နဲ့တော့ နိုင်ငံရေးရော စစ်ရေးမှာရော ထူးခြားတာမရှိသေးဘူး။
မေး-အခုလိုစစ်တပ်နဲ့ အပစ်ရပ်စဲရေး လုပ်ဆောင်ထားရတဲ့အပေါ် အခြားတော်လှန်ရေးအဖွဲတွေကို ဘာသတင်းစကား ပါးလိုပါသလဲဗျ။
ဖြေ-မရှိသေးပါဘူး။
မေး-TNLA ရဲ့ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်တွေဟာ အပြောင်းအလဲရှိပါသလား၊စစ်အာဏာရှင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖိုဆိုတဲ့ မူလ ရပ်တည်ချက်အပေါ် ဘာသတင်းစကားပါးလိုပါသလဲ။
ဖြေ-လောလောဆယ်ကတော့ ကျမတို့က အပစ်ရပ်တယ်ဆိုပေမယ့် ကျမတို့ ရည်မှန်းချက်တွေ ကျမတို့ တော်လှန်ရေးပန်းတိုင်ကတော့ ပြောင်းလဲတာမျိုး မရှိဘဲနဲ့ ကျမတို့ကတော့ ဒီအတိုင်းပဲ တော်လှန်ရေးပန်းတိုင်အတိုင်းပဲ ဆက်သွားနေတာဖြစ်ပါတယ်။
မေး-စစ်အာဏာရှင်က တအာင်းဒေသကို လေကြောင်းတိုက်ခိုက်ခဲ့သလိုမျိုး မဟာမိတ် ရက္ခိုင်အပါအဝင် နိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်နေဆဲအပေါ် ဘယ်လိုခံစားရပါသလဲ။ အခု အချိန်မှာ တအာင်းဒေသဟာ လေကြောင်းဗုံးဒဏ် ယာယီကင်းဝေးနေတယ်ဆိုပေမယ့် ရေရှည်အတွက် ဘယ်လိုအာမခံချက်ရှိပါသလဲ။
ဖြေ-ဒီစစ်ကောင်စီက လေကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်မှုကတော့ ကျမတို့ တအာင်းဒေသကလည်း အရင်နှစ်တွေဆို ကိုယ်တွေ့ ကြုံတွေ့ရပြီးမှ ဒူးတွေ့ နဖူးတွေ့ ခံစားရတာရှိတယ်။ ထိုနည်းလည်းကောင်းပါပဲ လောလောဆယ် မြန်မာနိုင်ငံတဝှမ်း ရက္ခိုင်သာမကပေါ့ အခြား သော ဒေသမှာလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာရှိပါတယ်။ ဒါကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်။ စစ်ကောင်စီကတော့ လူ့အခွင့်အရေး ကို ပေါ်ပေါ်တင်တင်ကျူးလွန်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ လောလောဆယ်ကတော့ ကျမတို့ ဒေသမှာ အပစ်ရပ်တယ်ဆိုပေမယ့် လေကြောင်းက ဘယ်လောက်ထိ အာမခံချက်ရှိလဲဆိုတာ ကျမတို့လည်းမပြောတက်သေးဘူး။
မေး-စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေစေတဲ့ ကျူးလွန်မှုတွေ နိုင်ငံတဝန်းမှာ ဆက်တိုက် လုပ်နေတဲ့အပေါ် နိုင်ငံတကာကိုရော ဘာသတင်းစကား ပါးလိုပါသလဲ။
ဖြေ- လောလောဆယ်မှာဆို အားလုံးကြုံတွေ့နေရတဲ့အတိုင်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အရင်နှစ်ရော ဒီနှစ်မှာရော စစ်ကောင်စီက အရပ်သားကို ပစ်မှတ်ထားပြီး လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိတယ်။ ဆိုတော့ နိုင်ငံတဝန်းကလည်း ဒါကိုကြားသိနေကြတာဖြစ်တယ်။ ဆိုတော့က ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတကာရဲ့ အကူအညီနဲ့ပေါ့ ဒီစစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေ ရပ်တန့်သွားဖို့ ကူညီဆောင်ရွက်ပေးစေလိုပါတယ်။ ကျမ တို့ အနေနဲ့ကလည်း နိုင်ငံတကာကိုပန်ကြားတာမျိုးတွေလည်းရှိပါတယ်။
မေး- TNLA သတင်းပြန်ကြားရေးဌာနရဲ့ အယ်ဒီတာ့အာဘော်မှာ ပြည်သူ ဘေးကင်းရေး၊ လူမှုစီးပွား တိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးတွေကို အဓိကထားလုပ်မယ် ဆိုတဲ့ အသိပေးချက်အပေါ် ဘာသတင်းစကား ပါးလိုသလဲ။
ဖြေ- ဒီအပေါ်မှာတော့ အားလုံးပဲ သိကြတဲ့အတိုင်း ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်းမှာ ကျမတို့ ဒေသက စစ်ဘေးတွေ စစ်ဒဏ်သင့်ပြီးတော့ နေအိမ်ပျက်စီးတာ လူအစုလိုက်အပြုံလိုက် သေကြေပျက်စီးတာ ဆိုတော့က လောလောဆယ် အပစ်ရပ်နေတဲ့ ကာလမှာ ကျမတို့က ပြန်လည်ထူထောင်ရေးပေါ့ အဓိကထား ဆောင်ရွက်နေတာဖြစ်တယ်။ ပြန်လည်ထူထောင်ရေးဆိုတဲ့နေရာမှာ ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံမှု တွေ လူမှုစီးပွား တိုးတက်ဖို့ဟာတွေ ပြီးတော့ တရားဥပဒေ စိုးမိုးရေးကလည်း အလွန်အရေးကြီးပါတယ်။ ဆိုတော့က ပြန်လည်ထူထောင်ရေးကို တည်ဆောက်တဲ့ တခါတည်းမှာပဲ လိုအပ်တဲ့ ပြည်သူ့လုံခြုံရေး တွေ လူမှုစီးပွား တိုးတက်ရေးတွေ တရားဥပဒေ စိုးမိုးရေးတွေကိုလည်း ကျမတို့ တပြိုင်နက်တည်းဆောင်ရွက်တာဖြစ်ပါတယ်။
မေး-စစ်အာဏာရှင်တွေနဲ့လုပ်ထားတဲ့ အပစ်ရပ်စဲရေးဟာ ခိုင်မာမယ်လိုယူဆပါသလာ။ လက်ရှိမှာ တအာင်းဒေသကို မတိုက်ပေမယ့် နောင်တချိန်သူတို အင်အားပြန်ကောင်းလာရင် ဘယ်လို တုန့်ပြန်မယ်လို့ ထင်ပါသလဲ။
ဖြေ- လောလောဆယ်ကတော့ မပြောတက်သေးဘူးပေါ့နော်။ တဖက်နဲ့တဖက်လည်း စောင့်ကြည့်နေတဲ့ အခြေအနေမျိုးဖြစ်တယ်။ လောလောဆယ်ကလည်း ပြောဖို့လည်းစောပါသေးတယ်။
မေး-TNLA လက်လွှတ်ခဲ့ရတဲ့ မြိုနယ် ၅ခု နဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ ဆုံးရှုံးထားရတဲ့ အနေအထားအတိုင်းထားလိုက်မလား၊ ပြန်ရဖို့ကြိုးစားမလား ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ-လောလောဆယ်ကတော့ ဒီအပေါ်လည်း ဘာမှ သဘောထားမှတ်ချက်ပေးစရာလည်းမရှိသေးဘူး။
မေး-မိုးကုတ်၊ မိုးမိတ်ဒေသ အခြေအတွေကရော ဘယ်လိုရှိပါသလဲ။TNLA တပ်တွေ ဆက်ရှိနေဆဲလား။ အဲဒီဒေသမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲတွေဖြစ်ရင် TNLA သဘောထားဘယ်လိုရှိပါသလဲ။
ဖြေ-လောလောဆယ်ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွင်းက စစ်ကောင်စီထိန်းချုပ်နေတဲ့ အခြေအနေမျိုးရှိတယ်။ မြို့ပြင်ကတော့ ကျမတို့တွေရှိနေတဲ့ အနေအထားမျိုးရှိတယ်။လောလောဆယ်ကတော့ ဒီအပေါ်မှာ ကျမတို့ သဘောထား မရှိသေးပါဘူး။
မေး-တော်လှန်ရေးအဖွဲ့တွေ နဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်ရင် TNLA အနေနဲ့ ကြားနေသွားမလား ဒါမှမဟုတ် တားဆီးမှုတွေရှိမလားပေါ့ ဒီအပေါ်မေးတာပါ။
ဖြေ-ဒီအပေါ်မှာလည်း ကျမလည်း ဘာမှ မှတ်ချက်ပြုစရာတော့ မရှိသေးဘူး။
မေး-TNLA အနေနဲ့ တရုတ်ရဲ့ ဖိအားကို ရင်ဆိုင်ဖိုအခက်အခဲတွေဘာတွေဖြစ်မလဲ။ဒါကို ကျော်လွှားနိုင်ဖို ဘယ်လိုအခြေအနေလိုအပ်ပါသလဲ။
ဖြေ- အပစ်ရပ်တဲ့ နောက်ပိုင်းမှာကတော့ ကျမတို့ မှာတော့ လောလောဆယ် ဘာမှ ပြင်ဆင်တာမျိုးတွေ တော့ မရှိသေးဘူး။ လောလောဆယ် ဒေသတွင်း ရဲ့ ငြိမ်းချမ်းရေးဒေသတွင်းရဲ့ ပြန်လည်ထူထောင်ရေးကိုပဲ ကျမတို့က အာရုံစိုက်နေတာဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးကိုပဲ ကျမတို့က ဆောင်ရွက်နေတာဖြစ်တဲ့ အတွက်ကြောင့် ကျန်တဲ့ဟာကတော့ ကျမတို့မှာတော့ မှတ်ချက်ပြုစရာမရှိသေးဘူး။
မေး-အပစ်ရပ်ပြီးနောက်ပိုင်းမှာရော တရုတ်ဖိအားပေးမှုအနေအထားဘယ်လိုရှိလဲ၊ ဘယ်လိုဖြေလျှော့မှုတွေရှိလဲ။
ဖြေ-လောလောဆယ် တစုံတရာ ထူးခြားတာမျိုးတွေတော့ မရှိဘူး။ တဖက်နဲ့တဖက်တွေ့ဆုံတာမျိုးတွေတော့ ရှိပါတယ်။ အထူးသဖြင့် နယ်စပ်ရေးရာကိစ္စတွေနဲ့ ဒေသခံ လူထုတွေရဲ့ အကျိုးစီးပွား နဲ့ ဆက်စပ်တဲ့ စီးပွားရေး ကုန်သွယ်ရေး အစပိုင်း ကတော့ ဆက်စပ်လုပ်ဆောင်နေတာမျိုးရှိပါတယ်။
မေး-အိမ်နီးချင်း တရုတ်ကို ဘာတိုက်တွန်းလိုလဲ ။ အထူးသဖြင့် မြန်မာ့အရေးမှာ စစ်အာဏာရှင်ဘက်ကို ရပ်တည်တာမျိုးထက် ပိုကောင်းမွန်တဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ ဘာတွေ ကူညီပေးသင့်တယ်လို့ တောင်းဆိုလိုပါတယ်။
ဖြေ-လောလောဆယ်ကတော့ မပြောတက်သေးဘူး။ ဗဟိုကတော့ ဘာမှ ညွှန်ကြားတာတော့ မရှိသေးဘူး။
မေး -တော်လှန်ရေးအင်အားစုတွေ ညီညွတ်စွာနဲ့ စစ်ကောင်စီကို တော်လှန်ဖိုလိုအပ်နေတဲ့ အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အပစ်ရပ်ထားရတဲ့ အခြေအနေအပေါ် ဘာအသိပေးလိုပါသလဲ။
ဖြေ-ဟုတ်ကဲ့ပါ အားလုံးကတော့ ကိုယ့်ရည်မှန်းချက်နဲ့အတူသွားနေတာပဲ။ သို့ပေမယ့် မတူကွဲပြားတဲ့ အသွင်နဲ့ မတူကွဲပြားတဲ့ ပုံစံနဲ့သွားနေကြတာဖြစ်ပါတယ်။ ဆိုတော့က အားလုံး ညီညွတ်တဲ့ ပန်းတိုင် ရောက်ရှိဖို့ အားလုံး တစုတစည်းတည်း ညီညွတ်စွာ သွားဖို့လိုအပ်ပါတယ်။
မေး-အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက ပိုအားကောင်းတဲ့ နိုင်ငံရေး ဦးဆောင်ဖွဲစည်းရေးကြိုးပမ်းမှုမှာ TNLA သဘောထားဘယ်လိုရှိပါသလဲ။
ဖြေ-မရှိသေးပါ။
မေး-TNLA အနေနဲ့ တအာင်းပြည်ကောင်စီမှာ ပါဝင်ထားတာရှိတော့ အဲဒီကောင်စီ အနေနဲ့ရော ပူးပေါင်းဆောင်ရွက်မှုကို ဘာသတင်းစကား ပေးလိုပါသလဲ။
ဖြေ- မရှိသေးပါ။ ဒီခုနှစ်မှာ။
မေး-တကယ်လို့ TNLA အဖွဲရဲ့ ရည်မှန်းချက်တွေအရ ဖြစ်စေ တော်လှန်ရေးက အရေးတကြီးလိုအပ်လာလိုဖြစ်စေ အခြေအနေပေးရင် TNLA အနေနဲ့ စစ်အာဏာရှင်တွေကို ပြန်တိုက်ခိုက်ဖိုဆိုတာမျိုး ဖြစ်လာနိုင်မလား။
ဖြေ-ဒီအပေါ်မှာကတော့ ဘာမှ ယတိပြတ်တော့ မရှိသေးဘူးပေါ့နော်။ ဗဟိုကလည်း ဘာမှ ပြန်ကြားတာမျိုး မရှိသေးဘူး။
မေး-နမ့်ခမ်းနဲ့ နမ္မတူကို စစ်တပ်က ပြန်တောင်းနေတယ်ကြားတယ်။ဒီအပေါ် TNLA ဘာစီစဉ်ထားလဲ။
ဖြေ- ဒီအပေါ်မှာကတော့ ကျမလည်း မသိရသေးဘူးပေါ့။ဘာမှ ဗဟိုကလည်း ညွှန်ကြားတာမျိုးတွေ မရှိသေးတဲ့အတွက်ကြောင့် ဘာမှ ပြောကြားလိုခြင်းလည်းမရှိသေးပါဘူး။
မေး-KIAနဲ့ TNLA ခေါင်းဆောင်ပိုင်း တွေ့ဆုံဖို့ လုပ်လာတာ တနှစ်ကျော် ကြာပြီ။ အဲဒီတွေ့ဆုံမှုတွေက ဖြစ်ခဲ့ပါသလား။ ဒါမှမဟုတ် လက်ရှိ ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ-လောလောဆယ်မှာတော့ KIAနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့ တွေ့ဆုံဖို့ ဗဟိုကနေ ကြိုးပမ်းနေတာမျိုးရှိတယ်။လောလောဆယ်ကတော့လူကိုယ်တိုင် ဆင်းတွေ့ဆုံတာမျိုးတွေတော့ မရှိသေးပေမယ့် တဖက်နဲ့တဖက် စာအသွားအလာ အထူးသဖြင့် မဟာမိတ်ဆက်ဆံရေးဌာနကနေ ဆက်သွယ်သွားလာတာမျိုးတွေလည်းရှိပါတယ်။
မေး-KIAနဲ့ TNLA ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဖို့ ခက်နေတာ ဘာကြောင့်လို့ အသိပေးရပါသလဲ။
ဖြေ-လောလောဆယ်ကတော့ကြိုးစားနေတဲ့ အခြေအနေမျိုးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ပြောဖို့တော့ စောပါသေးတယ်။
မေး-အွန်လိုင်းမှာတော့ တွေ့ရပါတယ်။အထူးသဖြင့် ကချင်နဲ့ တအာင်း အကောင့်တွေပေါ့နော်။ သူတို့က ကချင်နဲ့ တအာင်း ဟုတ်၊မဟုတ်တော့ မသိဘူးပေါ့။ အရင်တုန်းကအတူတူ လက်တွဲခဲ့ကြတဲ့ မဟာမိတ်တွေ အချင်းချင်းအကြား အမြင်ကွဲပြားမှုတွေဖြစ်နေတာပေါ့။ ဒီအပေါ်မှာ နှစ်ဖက်လုံးကို ဘာတိုက်တွန်းလိုပါသလဲ။
ဖြေ-ဒီအပေါ်မှာကတော့ တချို့ကတော့ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှာ တွေ့နေကြတာက တချို့က တအာင်းဆိုတဲ့ ပုံစံမျိုးဟန်ဆောင်ပြီးတော့မှ အကောင့်တုလိမ်လည်ပြီးတော့မှ ရန်တိုက်ပေးနေတာမျိုးတွေရှိတယ်။ သတင်းကို ချဲ့ကားနေတာမျိုးတွေရှိတယ်။ ထို့နည်းတူစွာပဲ ကချင်လူမျိုးဆိုပြီးတော့မှ အမည်နဲ့ပေါ့ ကချင် လူမျိုးဟုတ်ခြင်းမဟုတ်ခြင်း မပြောတက်ဘူး သူတို့က ဒီလိုမျိုးနာမည်နဲ့ ဒီလိုမျိုးလုပ်ဆောင်နေတာတွေ့ရပါတယ်။ ဆိုတော့က ဒါကတော့ လူမျိုးစုအကြားမှာ လူမျိုးအချင်းချင်းမသင့်မြတ်အောင် လူမျိုးအချင်းချင်း သွေးကွဲအောင် တမင်ဖန်တီးနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကတော့ တဖက်နဲ့တဖက် ယုံရမလား မယုံရမလားဆိုတာထက် စာဖတ်ပရိတ်သတ်ကလည်း ဒါကို ချင့်ချိန်ဖို့ လိုအပ်တယ်။ ဒီလူက တကယ်ပဲ ရည်ရွယ်ချက်က ဘာကိုပြောတာလဲ နောက်တခုက ဘယ်ကို ဦးတည်ပြီးတော့ ရေးနေတာလဲ သွေးကွဲအောင်လား ဒါမှမဟုတ်ရင် သူ့ရဲ့ ခံစားချက်ကို ဖော်ပြတာလားဆိုတဲ့ဟာမျိုးကို အနုစိတ်လေ့လာကြည့်မယ်ဆိုရင် ဒါကတော့ သိသိသာသာ တွေ့ရမှာပါ။ဆိုတော့က လူထုအနေနဲ့ တကယ်လို့ သတင်းကို သတင်းအမှန်တွေ အထူးသဖြင့် အခြေအနေအရပ်ရပ်ကို စုံစမ်းပြီးမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
မေး-TNLA အနေနဲ့ အရင်တုန်းကတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်။ အခုအချိန်မှာတော့ ရပ်ထားရတယ်။ ဒီအပေါ်မှာ TNLA ရဲ့ လိုလားချက်တွေ ပြည့်လို့ တော်လှန်ရေးကနေ ကျောခိုင်းတဲ့ အမြင်မျိုး ရှိတာ ရှိတယ်။ တချို့ကလည်း နားလည်ပေးတာ မျိုးရှိတာပေါ့။ ဒီအပေါ် ဘာဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ-မရှိသေးပါ။
အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။

















































