close
Connect with us

Hi, what are you looking for?

အတွေးအမြင်

ပိုင်လင်းရဲ့ကျောရိုးပေါ်ကကုသိုလ်

(နှစ်ပေါင်းများစွာ လူတွေကို ထမ်းခဲ့ရတဲ့အတွက် ကျောရိုးအောက်ကိုခွက်ဝင်သွားတဲ့ ဆင်မကြီးပိုင်လင်း ဓာတ်ပုံ-WFFT)

Scorpio/People’s Spring

ဒီမနက်နိုးနိုးချင်း ဖုန်းဖွင့်ချိန် စိတ်ထိခိုက်စရာ သတင်းတစ်ခုနဲ့ တိုးပါတယ်။ အာဏာသိမ်းကာလ ၅ နှစ်အတွင်း သတင်းဆိုးနဲ့အိပ်၊ သတင်းဆိုးနဲ့နေ၊ သတင်းဆိုးနဲ့ နိုးထခဲ့ရတဲ့ကာလမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီတခါဖြစ်စဥ်ကဆင်ကြီးတစ်ကောင်အကြောင်းပါ။

မနေ့က ကျောက်ဆည်နယ်က လက်ဝဲစုဆိုတဲ့ရွာတစ်ရွာမှာ ဆင်နဲ့အလှူလှည့်ချိန် အပေါ်ကဓါတ်ကြိုးနဲ့ဆင်နဲ့တိုက်မိပြီး ဆင်ဓာတ်လိုက်သေဆုံးခဲ့တဲ့သတင်းပါ။ ဆင်ဦးစီး၊ အလှူ့အမ နဲ့ သူ့သမီးလည်း ဒဏ်ရာရလို့ ဆေးရုံပို့ခဲ့ရပါသတဲ့။ သေဆုံးသွားတဲ့ဆင်နာမည်က ဖားလယ်နချဲပါတဲ့။

အဲဒီဖြစ်စဥ်နဲ့အတူ တိုက်ဆိုင်စွာ သတိရမိတာတော့ ထိုင်းနိုင်ငံက ဆင်မကြီးတစ်ကောင်အကြောင်းပါ။လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါး ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံက တောရိုင်းတိရစ္ဆာန်တွေကို ကယ်ဆယ်ပေးနေတဲ့ Wildlife Friends Foundation Thailand -WFFTအဖွဲ့ဆီကို အရွယ်ကြီးလှတဲ့ ဆင်ကြီးတစ်ကောင် ရောက်ရှိလာခဲ့ပါတယ်။ ဆင်ကြီးကအမဖြစ်ပြီး အသက်ကတော့ ကြီးရင့် နေပါပြီ။ သူ့နာမည်က ပိုင်လင်း(Pai Lin)ပါတဲ့။

Public Service Announcement

Public Service Announcement

ပိုင်လင်းကို WFFT က ကယ်ဆယ်ခဲ့တာပါ။ ပိုင်လင်းကို စတွေ့ရတဲ့အချိန်က အင်မတန်မှ စိတ်ထိခိုက်ခဲ့ရပါသတဲ့။ဘာလို့ပါလိမ့်။ ဆင်တွေရဲ့ကျောရိုးမှာ အပေါ်ကို ချွန်ထွက်နေတဲ့ အရိုးတန်းတွေရှိပေမဲ့ ပိုင်လင်းရဲ့ ကျောရိုးက အောက်ကို ခွက်ဝင်နေခဲ့တာပါ။ ဘာလို့လဲဆိုတော့ ပိုင်လင်းဟာ ခရီးသွားလုပ်ငန်းတစ်ခုမှာလူတွေကိုသူ့ကျောပေါ်တင်ပြီး လှည့်လည်ဝန်ဆောင်မှုပေးခဲ့ရတယ်။ သူ့ကျောပေါ်တက်ကြတာက တစ်ကြိမ်ကို လူ ၆ ယောက်လောက်ဖြစ်ပြီး သူ သယ်ပိုးခဲ့ရတဲ့ကာလကတော့ ၂၅ နှစ် ကြာခဲ့ပါသတဲ့။ သူဟာ လူတွေကို နှစ်ပေါင်း ၂၅ နှစ်ကြာ လူ (၆) ယောက်အထိ တင်ဆောင်ခဲ့ရတဲ့ ဝန်ကို ထမ်းခဲ့ရတာကြောင့် အဲဒီအရိုးတန်းတွေဟာ ဖိမိပြီး ပုံပျက်သွားခဲ့ရတာပါ။

ပိုင်လင်းဟာ ဆင်ကြီးဖြစ်ပေမဲ့ ခန္ဓာကိုယ်ညှိုးခြုံးကျပြီးအလေးချိန် လျော့နည်းနေတယ်။ ရေဓာတ်လည်း ခမ်းခြောက်နေခဲ့တယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်မှုကြောင့် ပိုင်လင်းနှာခေါင်းနဲ့ မျက်လုံးတွေကနေ အရည်တွေလည်း စီးကျနေခဲ့တယ်။

ဒါ့အပြင် ပိုင်လင်းရဲ့အရေပြားမှာလည်း ဒဏ်ရာတွေနဲ့ပါ။ ပိုင်လင်းပေါ်ကို လူတင်စီးဖို့အတွက် သစ်သားနဲ့သံနဲ့ရိုက်ထားတဲ့ ခုံတွေနဲ့ ပိုင်လင်းကျောပေါ်ကနေ ပြုတ်မကျအောင် ကြိုးတွေနဲ့ တင်းကျပ်စွာ ချည်နှောင်ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြိုးတွေ ပွတ်တိုက်ထားတဲ့အတွက် သူမရဲ့ ကျောကုန်းနဲ့ ရင်ဘတ်နေရာတွေမှာ အရေပြားတွေ ထူထဲပြီး အသားမာတက်နေတာ၊ အနာတွေနဲ့ အမာရွတ်တွေ အများအပြား ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ပိုင်လင်းဟာ အမြဲတမ်းလိုလို နာကျင်နေပြီး ပိုးဝင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေခဲ့ပါတယ်။

ပိုင်လင်းဟာ အသက်အရွယ်ကြီးရင့်လာချိန်မှာ အလေးအပင်တွေ ထမ်းခဲ့ရတဲ့အတွက် သူမရဲ့ ခြေထောက်နဲ့ ခါးဆစ်တွေဟာ အမြဲတမ်း နာကျင်နေပုံရပါတယ်။

ပိုင်လင်းဟာ ရုပ်ပိုင်းတင်မက စိတ်ပိုင်းပါ ဒဏ်ရာတွေ ရနေခဲ့တာပါ။ လူတွေနဲ့ အတူ အလုပ်လုပ်ခဲ့ရပေမဲ့ သူမရဲ့ အတိတ်က အတွေ့အကြုံတွေကြောင့် လူတွေကို ကြောက်ရွံ့တာ ဒါမှမဟုတ် တုံ့ပြန်မှုတွေ နည်းပါးသွားတာမျိုး တွေ့ရပါတယ်။အလုပ်လုပ်နေရတဲ့ ဆင်တွေဟာ သူတို့အတွက် လိုအပ်တဲ့ သဘာဝအစာအာဟာရကို အချိန်ပြည့် မရရှိတတ်ကြပါဘူး။ ပိုင်လင်းဟာလည်း ကယ်တင်ချိန်မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်လို့ ခန္ဓာကိုယ်ဟာ အားနည်းနေပြီး အာဟာရဓာတ် လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့ပါတယ်။

ဒါ့အပြင် ပိုင်လင်းဟာ သစ်ထုတ်လုပ်ရေးလုပ်ငန်းမှာလည်း နှစ်ပေါင်းဆယ်ချီ အခိုင်းအစေခံခဲ့ရပါသတဲ့။ ဒါတင်လားမကသေးပါဘူး။ ပိုင်လင်းကို ခိုင်းမရတော့တဲ့အချိန် လူတွေက လမ်းဘေးမှာလည်း တောင်းရမ်းခိုင်းခဲ့ပါသေးတယ်။

WFFT က ပိုင်လင်းကို ကယ်တင်ပြီးတဲ့နောက်မှာတော့ သူမကို ဘယ်တော့မှ ထပ်ပြီး အလေးအပင် မသယ်ခိုင်းတော့ဘဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးခဲ့တယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကျွေးတယ်။ ရွှံ့ရေချိုးပေးတယ်။ လမ်းလျှောက်ပေးတယ်။ နာကျင်နေတဲ့ အဆစ်တွေကို သက်သာစေဖို့ ဆေးဝါးကုသပေးခဲ့တယ်။ တခြားဆင်တွေနဲ့ သဘာဝအတိုင်းနေထိုင်ခွင့်ပေးခဲ့တယ်။

WFFT က စီစဥ်ပေးတဲ့စခန်းမှာပိုင်လင်းဟာ မနက်ခင်းဆို ရေကန်မှာ ရေကစားရတာ သဘောကျတယ်။ ကောက်ရိုးတွေနဲ့ မြက်ပင်တွေကို ခေါင်းပေါ်မှာ တင်ပြီးလည်း ဆော့ကစားတတ်တယ်။ တာယာအရုပ်ကလေးတွေနဲ့လည်း နာရီပေါင်းများစွာ ဆော့ကစားတတ်ပါသေးတယ်။ ပိုင်လင်းဟာ

သဘာဝမြေသားနဲ့ မြက်ခင်းတွေပေါ် ထိတွေ့ခွင့်ရခဲ့တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှူရှိုက်နိုင်ခဲ့တယ်။ ညနေဘက်တွေဆိုရင် ဆင်သူငယ်ချင်းတွေနဲ့အတူ စင်တာပတ်ဝန်းကျင်က တောအုပ်ဆီ လမ်းလျှောက်သွားကြတယ်။ သဘာဝအစာတွေကို ရှာဖွေစားသောက်တယ်။ ညပိုင်းမှာ နှစ်ခြိုက်စွာအိပ်စက်ကြတယ်။

ပိုင်လင်း သိပ်ကိုပျော်ခဲ့ပါတယ်။ ပိုင်လင်း ဆင်သူငယ်ချင်း ၃ ကောင်တောင်ရရှိခဲ့ပါတယ်။ ၃ ကောင်ထဲကအမကြီးဖြစ်တဲ့ နမ်ဖွန် နဲ့ကတော့ အခင်ဆုံးတဲ့။

ပိုင်လင်းရဲ့ဖြစ်ရပ်ကို အခြေခံပြီး ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆင်စီးခြင်းရဲ့ ဆိုးကျိုးကို ပညာပေးနိုင်ခဲ့တယ်။

အရင်က မသိနားမလည်ဘဲ ဆင်စီးခဲ့ဖူးတဲ့ ခရီးသွားတော်တော်များများဟာ ပိုင်လင်းရဲ့ ပုံကို မြင်တဲ့အခါ သူတို့ကိုယ်တိုင် တိရစ္ဆာန်တွေကို ညှဉ်းပန်းရာမှာ ပါဝင်ခဲ့မိသလို ခံစားရပြီး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ဒီကနေ့ခေတ်မှာတော့ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေဟာ ဆင်စီးခြင်းကို ရှောင်ကြဉ်လာကြပါတယ်။ ဆင်စခန်းတော်တော်များများဟာ “ ဆင်စီးခြင်း” အစား” ဆင်စောင့်ရှောက်ရေး” ပုံစံကို ပြောင်းလဲလာကြပြီး ဆင်တွေကို သူတို့ရဲ့ သဘာဝအတိုင်း နေထိုင်ခွင့် ပေးလာကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ “ ဆင်စီးပြီးမြင်းရံတယ်” ဆိုတဲ့ စကားပုံံကြောင့် ဆင်စီးရတာကို ဂုဏ်တစ်ခုလိုလက်ခံကြပါတယ်။အလှူတွေမှာ ဆင်တစ်ကောင်ကျပ်သိန်းဆယ်ချီပေးငှားပြီး အကောင်ရေများစွာနဲ့လှည့်လည်ကြပါတယ်။ အာဏာသိမ်းထားလို့ တိုင်းပြည်ချွတ်ခြုံကျ၊ အဆင်းရဲဆုံးတိုင်းပြည်​တွေထဲကတစ်ခုဖြစ်နေချိန်မှာ​တောင် ဆင်တွေဝင်းတွေနဲ့ လှူကြဂုဏ်ယူကြပါတယ်။

တကယ်တော့ ဆင်တွေဟာ ကျောပေါ်မှာ ကုန်းနှီးတင်ပြီး လူစီးဖို့ သဘာဝကဖန်တီးထားတာ မဟုတ်ပါဘူး။အထူးသဖြင့် အလှူလှည့်တဲ့အခါ ဆင်တွေဟာ ဆူညံသံတွေ၊ လူအုပ်တွေကြားမှာ အတင်းအကျပ် ထိန်းချုပ်ခံရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာပါ အကြီးအကျယ် ထိခိုက်ရတယ်လို့ လေ့လာသူ​တွေက ပြောပါတယ်။

ဆင်တစ်ကောင်ကလူစီးလို့ရအောင်၊ငြိမ်နေအောင် လုပ်ဖို့ဆိုတာ သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်ပါဘူး။ရက်စက်တဲ့လေ့ကျင့်မှုတွေ လုပ်ရပါတယ်။ဆင်ပေါက်လေးတွေကို မိခင်ဆီက ခွဲထုတ်တာ၊လှောင်အိမ်ကျဉ်းကျဉ်းထဲ ထည့်ပြီး အစာငတ်၊ ရေငတ် ထားတာ၊ ချွန်းနဲ့ ထိုးပြီး လူ့စကားနား

ထောင်အောင် ညှဉ်းပန်းတာတွေပါ။ ဒီလိုဒုက္ခတွေနဲ့ နေခဲ့ကြရတဲ့ တိရိစ္ဆာန်လေးတွေပါ။ ကိုယ့်သားသမီး ရှင်ပြုဖို့အတွက် တခြားသက်ရှိတစ်ဦးရဲ့ ကျောရိုးကို အသက်ထက်ဆုံး ပုံပျက်အောင်လုပ်တာဟာ တကယ်ပဲ ကုသိုလ်ရမှာတဲ့လား။

ထိုင်းနိုင်ငံက ဆင်မကြီး ပိုင်လင်းဟာ လွန်ခဲ့တဲ့ ၃ လ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ်နီးပါးရှိခဲ့ပြီလို့ သိရတယ်။ သူ့ရဲ့နောက်ဆုံးအချိန် နှစ်၂၀ နီးပါးကတော့ လူပီသသူတွေကြောင့် နေဝင်ချိန်လှပခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆင်ကြီး ဖားလယ်နချဲ ကတော့ ပိုင်လင်းလို ကံမကောင်းခဲ့ပါ။ လူတွေရဲ့ခိုင်းစေမှုတွေ တစ်သက်လုံးခံခဲ့ရတဲ့အပြင် နောက်ဆုံးမှာတော့ ပြင်းထန်တဲ့ဝေဒနာ ခံစားရင်း ကျောက်ဆည်နယ်က မြောင်းတစ်ခုအတွင်းမှာ မလှမပ ဇာတ်သိမ်းသွားခဲ့ရပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကုသိုလ်ဆိုတဲ့ဝေါဟာရ အသုံးများလှပါတယ်။အဓိပ္ပါယ်က ကောင်းသောသဘောပါတဲ့။ ကုသိုလ်ပြုခြင်းဆိုတာ သက်ရှိတစ်ဦးရဲ့ ဆင်းရဲဒုက္ခပေါ်မှာ တည်ဆောက်ရတာ မဟုတ်ပါဘူး။ ပိုင်လင်းရဲ့ ဇာတ်လမ်းကနေ သင်ခန်းစာယူပြီး၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ အချိန်တန်ပြီ မဟုတ်ပါလား။

(ကိုးကား-Wildlife Friends Foundation Thailand -WFFT၏ ထုတ်ပြန်ချက်များ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က လက်ဝဲစုကျေးရွာမှာ အလှူလှည့်နေတဲ့ ဆင်တော် ဓာတ်ကြိုးနဲ့ထိပြီး ဆင်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

နိုင်ငံတကာ

ဇမ်ဘီယာ နိုင်ငံသား တစ်ဦးဟာ ဆင်တွေလိုက်လို့ ထွက်ပြေးရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကြီး တစ်ကောင်က စျေးဆိုင်ငယ် တစ်ခုထဲ ဝင်ရောက် မွှေနှောက်ပြီး အစာရှာခဲ့တာကြောင့် ဆိုင်ရှင်ရော၊ အနီးတဝိုက်မှာ နေထိုင်သူတွေပါ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊မူလာဒီကျေးရွာတွင် ဒေသခံ ငါးဦးအားရန်ပြုသတ်ဖြတ်ခဲ့သော မှုံယိုနေသည့်ဆင်ကိုယ‌နေ့ (ဧပြီလ ၂၁ရက်)မွန်းလွဲပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ပြီးဖြစ်သည်။