မတ်-၂၃၊ ၂၀၂၆။ ရောင်နီ/People’s Spring
စက်သုံးဆီဝယ်ယူမှုအတွက် စစ်ကောင်စီက အမိန့်တွေ တစ်မျိုးပြီးတစ်မျိုးထုတ်ပြန်နေပြီး စစ်တပ်ခန့်ထားတဲ့အုပ်ချုပ်ရေးမှုးတွေက ဆီတန်းစီဝယ်ယူတာတွေမလုပ်ဖို့ ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အရန်ဆီအနေဖြင့် ယခင်က ရက်လေးဆယ်ရှိရာမှ ယခု ရက်ငါးဆယ်အထိစုဆောင်းဖူလုံမှုရှိနေပြီး ဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိပါတယ်။ သည့်အတွက်ကြောင့်
စိုးရိမ်ကြောင့်ကြမှုမရှိပဲ တန်းစီဝယ်ယူခြင်းမပြုကြပါရန်နှင့် ယခုလို တန်းစီဝယ်ယူမှုများသည် မိဘပြည်သူများအတွက် ပင်ပန်းမှုကို ဖြစ်ပေါ်စေပါတယ်။” လို့ စစ်တပ်ခန့်အုပ်ချုပ်မှူးတွေက စက်သုံးဆီဆိုင်တွေမှာ ကြေညာနေတယ်လို့ ပြောပါတယ်။

Public Service Announcement
တန်းစီဝယ်ယူမှုတွေထဲမှာ ဆီမှောင်ခိုရောင်းချသူတွေလည်းရှိနေတာကြောင့် ဌာနဆိုင်ရာတွေအနေနဲ့ ကြီးကြပ်ရတဲ့အပိုင်းမှာ အခက်အခဲတွေရှိတယ်လို့လည်း ပြောပါတယ်။
စက်သုံးဆီဆိုင်တွေဘက်က သတ်မှတ်ထားတဲ့အတိုင်းရောင်းချပေးတာတွေမရှိရင် သက်ဆိုင်ရာကို တိုင်ကြားနိုင်ပြီး ဆိုင်ပိတ်သိမ်းသည်အထိအရေးယူမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။
စစ်ကောင်စီက စက်သုံးဆီခွဲတမ်းပုံစံသစ်ကို မနေ့က (မတ် ၂၂) မှာ ထပ်မံထုတ်ပြန်ထားပြီး နှစ်ပတ်ကျော်ကာလအတွင်း သတ်မှတ်ချက်တွေ ပြောင်းလဲတာ လေးကြိမ်ရှိလာပါပြီ။
စက်သုံးဆီဝယ်ယူရာမှာ ပိုအဆင်ပြေစေဖို့ဆိုပြီး ယာဥ်ရဲ့စက်စွမ်းအား(အင်ဂျင်ပါဝါ)ပေါ်မူတည်ကာ တစ်ပတ်အတွင်းဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ အများဆုံးနှစ်ကြိမ်ဖြစ်စေ ဝယ်ယူနိုင်မယ့်စနစ်ကို Wheel Tax(ယာဥ်သက်သေခံလက်မှတ်)ရဲ့ Bar code နဲ့ QR code စနစ်ထဲထည့်သွင်းမယ့် အစီအစဥ်သစ်ကိုလာမယ့် ရက်သတ္တပတ်စမယ်လို့ မတ် ၂၂ ရက်မှာထုတ်ပြန်ထားဝာာပါ။
ဝယ်လို့ရမယ့် စက်သုံးဆီပမာဏနဲ့ ခွဲတမ်းပုံစံသစ်သတ်မှတ်ရက်အတိအကျကတော့ ထုတ်ပြန်ချက်ထားတာမရှိသေးပါဘူး။
ဒါ့အပြင် ရက် ၅၀စာ အရန်စက်သုံးဆီရှိတယ်လို့ည်း ဒီကနေ့ ညပိုင်း စစ်တပ်ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီရရှိရေး ခက်ခဲတာကြောင့် ညအိပ်တန်းစီရတာနဲ့ ပြင်ပစျေးကွက်မှာ စစ်တပ်သတ်မှတ်စျေးထက် သုံးဆကျော်ပေးပြီး ဝယ်ယူနေရတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်ယာဥ် အက္ခရာ စုံ/မ အလိုက် တစ်ရက်
ခြား အသုံးပြုရမယ်လို့ မတ်လ ၆ ရက်မှာ စစ်တပ်က ကြေညာခဲ့ပါတယ်။
အဲဒီနောက် မတ်လ ၁၁ ရက်မှာ ယာဥ်သက်သေခံလက်မှတ်လို့ ခေါ်တဲ့ ဝှီးတက်၊ ပိုင်ဆိုင်မှုအထောက် အထား အုံနာဘုတ်ပါမှ မော်တော်ယာဥ်တွေကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီ ရောင်းချဖို့ စစ်တပ်ကသတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုင်ကယ်၊သုံးဘီနဲ့ မော်တော်ယာဥ် အမျိုးအစားအလိုက် စက်သုံးဆီရောင်းလို့ ရမယ့် ပမာဏကို မတ်လ ၁၃ ရက်က ထပ်မံသတ်မှတ်ခဲ့ပါတယ်။
နိုင်ငံရဲ့ စက်သုံးဆီလိုအပ်ချက် ၉၇ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရတယ်လို့ စစ်တပ် စွမ်းအင်ဝန်ကြီးဌာနက မနှစ်က အသိပေးထားပါတယ်
အဲဒီ စက်သုံးဆီရရှိဖို့အတွက် အခု စစ်ပွဲတွေဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကနေ ရေနံစည် တင်သွင်းပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ စက်သုံးဆီအဖြစ် အဆင်မြှင့်ပြီး မြန်မာနိုင်ငံကို ပင်လယ်ရေကြောင်းကနေ တဆင့်ပြန်တင်သွင်းရတာဖြစ်ပါတယ်။
လက်ရှိစက်သုံးဆီ အကြပ်အတည်းကြောင့် ပြည်
တွင်းအခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ဆီ၊ ကြက်ဥ စျေးဟာ ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်နေပါတယ်။




















































