အိမ်သွင်/People’s Spring
လေယာဥ်ဆီရှားပါးလို့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ရပ်နားခိုင်းချိန်မှာ စစ်တပ်က ကသာမြို့ကို လေယာဥ်တွေအကြိမ်ကြိမ်ပျံဝဲပြီး ရဟန်းတော်တွေ ဆွမ်းဘုန်းပေးနေချိန်မှာ ဗုံးကြဲလိုက်ပါတယ် ။ ဘုန်းကြီးတွေနဲ့ စစ်ဘေးရှောင် ကလေးငယ်တွေ ၊အမျိုးသမီးတွေအပါအဝင် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ပါတယ်။
ကသာမြို့ပေါ် ရပ်ကွက်(၃)ထဲက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မဟာလေးထပ်ဘုန်းကြီးကျောင်းကျောင်းကိုမတ်လ ၂၀ရက် မနက် ၁၁နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာပါ။
” ဆွမ်းစားချိန်ကြီး ကြဲချတာ။ ဘုန်းကြီးတွေ၊ စစ်ရှောင်တွေ ထိတာ။ ကျမတို့ရပ်ကွက်ထဲမှာ။ သတင်းတွေကြားရတာ အရမ်းဆိုးတယ်” လို့ ကသာမြို့ကနေ မန္တလေးမြို့မှာ စစ်ဘေးလာရှောင်နေသူတစ်ဦးကပြောပါတယ်။

Public Service Announcement
အဲ့ဒီတိုက်ခိုက်မှုမှာသံဃာတော်တွေအပါအဝင် သေဆုံးသူ ၈၀ ခန့်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံအချို့က သေဆုံးသူ အနည်းဆုံး ၅၀ ရှိတယ်လို့ ခန့်မှန်းပြောပါတယ်။
ကသာမြို့မှာ အင်တာနက်လိုင်းရော ဖုန်းလိုင်းပါမရလို့ မြေပြင်အခြေအနေတွေကို ဒေသခံတွေကိုယ်တိုင် အသေးစိတ်သိဖို့ ခက်ခဲနေပါတယ်။ဒီအခြေအနေကို စစ်တပ်က အသုံးချပြီး ကသာမြို့မှာ စစ်ရာဇဝတ်မှု ကျုးလွန်နေတာလို့ စစ်ကိုင်းတိုင်းဒေသခံတဦးကပြောပါတယ်။
“ စစ်တပ်က ဖုန်းလိုင်းရော အင်တာနက်ပါ ပိတ်ထားတယ်။ တော်လှန်ရေးဘက်ကလည်း လုံခြုံရေးအရ စတားလင့်ပါ ကန့်သတ်ချက်နဲ့ သုံးနေရတယ်။ ဗုံးမကြဲခင်လေးမှာ အင်တာနက်ခဏရတော့ ဆရာတော်တစ်ပါးက ပြောတယ်။ သူတို့ကျောင်းနားမှာ လေကြောင်း ဝဲနေပြီတဲ့။ မကြဲခင်မှာ စက်သေနတ်နဲ့ပါပစ်တာတဲ့” လို့ ကသာမြို့ပြင်ဘက်မှာနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ကသာမြို့နဲ့အတူ အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဝန်းသို၊ ကောလင်း၊ ထီးချိူင့်၊ အင်းတော်မြို့တွေမှာ စစ်အုပ်စုက ၂၀၂၃ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာပါ။ ဒေသခံတွေဟာ ပြင်ပကသတင်းတွေကို မရရှိကြတော့သလို ကိုယ်တိုင်ကြုံတွေ့နေတဲ့ အကျပ်အတည်းအရပ်ရပ်ကိုလည်း ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိတော့ပါဘူး။ ဒီအခြေအနေတွေကြားထဲမှာ ဒေသခံတွေဟာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြတာဖြစ်ပါတယ်။။
စစ်တပ်ဗုံးကြဲတဲ့မဟာလေးထပ်ဘုန်းကြီးကျောင်းဟာ နှစ်ပေါင်းရာချီသက်တမ်းရှိပြီး အစဉ်အလာကြီးမားတဲ့ကျောင်းပါ။မဃဒေဝလင်္ကာကျမ်းပြုစုခဲ့တဲ့ မန်လည်ဆရာတော်ကြီး သတင်းသုံးခဲ့ဖူးပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေကို လက်ခံထားတာပါ။
ဒေသတွင်း စစ်ရေးနဲ့ လုံခြုံရေးသတင်းတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR ကတော့စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းသံဃာတွေနဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒေသခံ ၁၀၀ခန့် စစ်ဘေးရှောင်ရင်း ခိုလှုံနေကြပြီး ကျောင်းဆောင်ကြီးတစ်ခုလုံး မီးလောင်သွားသလို အခြားကျောင်းဆောင်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
” စစ်ရှောင်တွေက ကျောင်းကြီးအောက်ထပ်မှာနေတယ်။ ဘုန်းကြီးတွေ ဆွမ်းစားပြီး စစ်ရှောင်တွေစားဖို့ပြင်နေချိန်မှာ ဗုံးကြဲတာ။ ခေါင်းတွေပြတ်သူကပြတ်၊ တစ်စစီဖြစ်တာတွေလည်း အများကြီးပဲ။ တော်တော် ဆိုးဆိုးဖြစ်သွားတာ” လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူ ၈၀ ခန့်အထိ ရှိနိုင်တယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ၎င်းက ” ဖြစ်နိုင်တယ်။ ရုပ်ပျက်ဆင်းပျက်တွေများတယ်။ ဒုတိယပဇီကြီးလိုဖြစ်တာ။စစ်တပ်ကတော့ တခြားသတင်းတွေနဲ့ လိုက်ဖုံးဖိနေတယ်” လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလ ၁၁ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကိုစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ လူ၂၀၀ နီးပါးသေဆုံးခဲ့တာကို သူက ရည်ညွှန်းပြီးပြန်ပြောတာပါ။သက်ြန်အကြိုကာလဖြစ်တဲ့ ဧပြီလ ၁၁ရက် မနက်မှာပဇီကြီးရွာက အလှူအခမ်းအနားတစ်ခုကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါပစ်ခဲ့တာပါ။ကလေးငယ် ၄၀၊ အမျိုးသမီး၂၄ ဦးအပါအဝင် အရပ်သား ၁၆၈ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၂၀ ရက်နေ့က ကသာမြို့မှာ စစ်တပ်က ဗုံးကြဲပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုတော့ NUG အစိုးရက သတင်းမထုတ်ပြန်သေးပါဘူး။ ဗုံးကြဲတဲ့အမှတ်(၃)ရပ်ကွက်ဟာစစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။
ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီက မြို့ကို ဗုံးကြဲလို့ တော်လှန်ရေးတပ်တွေကမြို့ပေါ်ကနေ ပြန်ဆုတ်ပေးခဲ့ပါတယ်။ ဒေသခံတွေ မြို့ထဲမှာပြန်လာနေဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပြီး စာသင်ကျောင်းတွေကိုလည်းအတင်းအကြပ်ပြန်ဖွင့်ခိုင်းခဲ့ပါတယ်။ တိုက်ပွဲတွေမရှိတော့လို့ ဒေသခံတွေ မြို့ထဲကို ပြန်ဝင်နေချိန်မှာ စစ်ကောင်စီက ဗုံးကြဲတာပါ။
သေဆုံးသူစာရင်း အတည်မပြုနိုင်သေးခင်မှာပဲ သတင်းတွေ ပြင်ပကိုမထွက်အောင် စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ ကသာမြို့ခံတွေအများအပြားရှိနေတဲ့ Food in Katha ဖေ့ဘွတ်ဂရုမှာ စစ်အုပ်စုက သတင်းအမှားတွေဆက်တိုက်တင်နေသလိုမနေ့က ညနေပိုင်းမှာ ဘုန်းကြီးကျောင်းထဲကိုရောက်ရှိလာပြီး ရုပ်အလောင်းတွေကို ကားနဲ့သယ်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” Food in Katha ဂရုကို စစ်တပ်က ကိုင်ထားတယ်။ ၆၈၀၀ စားတွေက သတင်းတွေ လိုက်ဖုံးနေတယ်။ စစ်တပ်က ကျန်တောသုသာန်ကို ပိတ်ပြီး အလောင်းတွေ မီးရှို့သွားတယ်” လို့ ကသာမြို့ပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်တပ်လွှတ်တော်က မတ်လ ၂၀ မှာလုပ်တဲ့ အစည်းအဝေးမှာ သမ္မတရွေးချယ်မယ့် လွှတ်တော်ကို မတ်လ ၃၀ ရက်နေ့မှာကျင်းပမယ်လို့ ကြေညာပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူသောင်းချီကိုသတ်ဖြတ်ခဲ့ပြီး ပြည်သူသန်းပေါင်းများကို အတိဒုက္ခရောက်စေတဲ့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်တစ်ယောက် တပ်မက်လှတဲ့သမ္မတရာထူးကိုအမဲလိုက်ရင်း ကသာမြို့မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ကသာမြို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အရပ်သားပစ်မှတ်တွေကိုဦးတည်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကတော့ မြို့ခံတွေအပေါ် ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။
မတ်လ ၂၁ ရက်မှာကသာမြို့အပြင်မှာတိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ ကသာမြို့မှာ ကျန်ရှိနေသူများ ကိုယ့်ကိုယ်ကို တန် ဖိုးထားတယ်ဆိုရင် ကသာမြို့ထဲကနေ အပြီးထွက်ပေးကြပါ။ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်တွေရှိနေမှန်း သိသိကြီးနဲ့ ရက်ရက်စက်စက်ကို လေယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်ပြခဲ့ပါတယ်။ တိုက်ပွဲကလည်း ရှေ့ဆက်ပြီး မြို့ရဲ့ နေရာအနှံ့အပြား ပြင်းထန်လာဖို့ရှိပါတယ်” လို့ ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမြို့နေပြည်သူတွေကိုတိုက်တွန်းပါတယ်။
စစ်တပ်ကအခုလိုဗုံးကြဲပြီး လူအစုလိုက်အပြုံလိုက်သေဆုံးဒဏ်ရာရစေခဲ့တာဟာ စစ်တပ်လွှတ်တော်တွေစခေါ်ပြီး ၅ ရက်မြောက်နေမှာဖြစ်ပါတယ် ။ စစ်တပ်က စိတ်တိုင်းကျစီစဥ်ထားတဲ့ရွေးကောက်ပွဲကပေါ်လာတဲ့ စစ်တပ်လွှတ်တော်ကနေတဆင့် ယူနီဖောင်းပြောင်းထားတဲ့ အစိုးရဖွဲ့ဖို့လုပ်နေပေမယ့် လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ ၊ စစ်ကြောင်းထိုးအကြမ်းဖက်တာတွေကိုဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။
ကသာမြို့မှာ စစ်တပ်ရဲ့ အမှတ် (၃၀၉) ခြေမြန်တပ်ရင်း အခြေစိုက်ထားပါတယ်။ မြို့ပေါ်မှာရပ်ကွက် ၁၁ ခုရှိပြီး စစ်တပ်က မြို့ပေါ်မှာပဲရှိပြီး မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။
ပြည်သူတွေကို ဆီချွေတာသုံးစွဲခိုင်းပြီး စစ်တပ်ကလေယာဥ်အများအပြားနဲ့ ဗုံးကြဲသတ်နေတဲ့အခြေအနေအပေါ် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်းကအခုလို ရေးသားထားပါတယ် ။
“ အခုချိန်မှာ တနိုင်ငံလုံး ပြည်သူအားလုံး စက်သုံးဆီပြဿနာ အကြီးအကျယ် တက်နေတာ အားလုံးအသိပါ။ လေယာဉ်ဆီ ရှားပါးမှုကြောင့် အခုဆို အရပ်ဖက် လေကြောင်းလိုင်းအချို့ စတင်ရပ်နားထားရပါပြီ။ ကားလိုင်းတွေအခြေအနေကလည်း ခပ်ယဲ့ယဲ့ပါ။
ရပ်ထဲရွာထဲမှာ ဆီဈေးတွေ၊ အခြေခံကုန်စည်ဈေးတွေကလည်း မိုးထိအောင် ထောင်တက်နေပါပြီ။ အချို့နေရာတွေမှာ စက်သုံးဆီ ပျက်တောက်မှုတောင် ဖြစ်နေပါပြီ။ လူထုအဖို့ကတော့ “လဲရာ သူခိုးထောင်း” အဖြစ်ပါပဲ။ ဒီပြဿနာက ဒီလောက်နဲ့လည်း ပြီးမှာ မဟုတ်ပါဘူး။ အခုထက် အများကြီး ထပ်ဆိုးရွားလာနိုင်ပါသေးတယ်။
သို့သော်၊ ဒါတွေက ကျနော်တို့ ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာသာဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုအဖို့တော့ ပြဿနာ မဟုတ်ပါဘူး။ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ နည်းနည်းမျှ လျော့ကျမသွားပါဘူး။ ပြောရရင် ပိုလို့တောင် အကြိမ်ရေ များလာမလားပဲ။
ဒီနေ့ဆိုရင်ပဲ အကြမ်းဖက် စစ်အုပ်စုဟာ ကနီမြို့နယ်က ရွာတရွာကို ဂျက်ဖိုက်တာ စုစုပေါင်း (၈) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဟုတ်ပါတယ်၊ အရပ်သား ပြည်သူတွေ နေထိုင်ရာ တနေရာတည်းကိုပဲ တိုက်လေယာဉ် (၈) စီးတိတိနဲ့ ဒီနေ့ နေ့လယ် (၁၂) နာရီကနေ (၁၂ ခွဲ)၊ အချိန်နာရီဝက်လောက်အတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ (တံတားဦးလေတပ်က ၄ စီး၊ မိတ္ထီလာရှမ်းတဲက၂ စီး၊ မကွေးလေတပ်က ၂ စီး၊ စုစုပေါင်း ၈ စီး)
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာအချို့အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကိန်းဂဏန်းအတိအကျကို အတည်မပြုနိုင်သေးပါဘူး။
မနေ့ကလည်း အကြမ်းဖက်စစ်အုပ်စုဟာ ကသာမြို့က စစ်ရှောင်ဘုန်းကြီးကျောင်းတခုကို သိသိနဲ့ ဗုံးကြဲချလို့ ရဟန်းသံဃာများအပါအဝင် ပြည်သူရာဂဏန်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
ခေတ်အဆက်ဆက် စစ်အုပ်စုအဆက်ဆက်ဟာ သူ့အာဏာ သက်ဆိုးရှည်ဖို့အတွက် လိုအပ်ရင် လိုအပ်သလို “အမျိုး ဘာသာ သာသနာ” အရေးကို ဒိုင်းသဖွယ် အမည်တပ် အသုံးချလေ့ရှိပါတယ်။ တကယ်တော့ စစ်အုပ်စုဟာ ဒင်းတို့ အာဏာအတွက် ဘာသာရေးနဲ့ အမျိုးသားရေးကို သပ်သပ်မဲ့ အသုံးချနေတာသာ ဖြစ်ပါတယ်။” ။
အမျိုးဘာသာ ၊သာသနာကို ကာကွယ်မယ်ဆိုပြီးစစ်တပ်မွေးထားတဲ့ မဘသ တွေရော ၊မျိုးချစ်တွေရော ၊ နိုင်ငံတစ်ဝန်းကသံဃာတော်တွေရောကကသာ နဲ့ ကနီ မှာ စစ်တပ်က ရဟန်းတော်တွေကိုဗုံးကြဲသတ်နေတဲ့အပေါ် အခုချိန်ထိ စကားတစ်ခွန်း ၊စာတစ်လုံးမျှ ထုတ်ဖော်ပြောတာမတွေ့ရပါဘူး ။ ။























































