မတ်-၁၀၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ၁၄ နှစ်အရွယ် ထိုင်းမိန်းကလေးကိုဓားထောက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။
အသက်၃၃ နှစ်အရွယ်သံသယတရားခံဟာ အခင်းဖြစ်ရာ နေရာနားမှာ ပုန်းအောင်းနေတာကို ရှာတွေ့ခဲ့တဲ့နောက် သူ့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ချင်းမိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။
မတ်လ ၉ ရက်နေ့ ညနေပိုင်းက ချန်ကလန်ခရိုင်ခွဲမှာ မိန်းကလေးငယ် တစ်ဦးကို ဓားထောက်ခြိမ်းခြောက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်း သတင်းပေးပို့ တိုင်တန်းမှု ရရှိခဲ့တဲ့အတွက် ရဲတွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။

Public Service Announcement

မိန်းကလေးက သံသယ တရားခံဟာ ရှပ်အင်္ကျီ အပြာရောင်လက်တိုနဲ့ အနက်ရောင် ဘောင်းဘီကို ဝတ်ထားကြောင်း၊ အဲဒီအမျိုးသားကအိမ်ထဲကို ဝင်လာပြီးတဲ့နောက် ဓားတစ်ချောင်းကို ဆွဲယူပြီး သူ့ကိုခြိမ်းခြောက်ပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ ပြီးတော့ အဲဒီအမျိုးသားက ထွက်ပြေးသွားခဲ့တယ်လို့လည်း မိန်းကလေးက ပြောပြပါတယ်။
ရဲတွေက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို လိုက်လံ စစ်ဆေးခဲ့တဲ့နောက် တိုင်ချက်ရထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မသင်္ကာစရာ အမျိုးသား တစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ ရဲတွေက သံသယတရားခံပုန်းအောင်းနေနိုင်တဲ့အနီးတဝိုက် နေရာတွေကို ဖြန့်ကျက် ရှာဖွေခဲ့ပြီး လူမနေတဲ့စွန့်ပစ်အိမ်အဟောင်းတစ်ခုကိုပါဝင်ရောက် ရှာဖွေခဲ့ပါတယ်။
နောက်တော့ အခင်းဖြစ်ပွားတဲ့ နေအိမ်နဲ့ မဝေးလှတဲ့ စွန့်ပစ်အိမ်ဟောင်း မြက်ခင်းတွေကြား ပုန်းအောင်းနေတဲ့ ကျူးလွန်သူကို တာဝန်ရှိသူတွေက ရှာတွေ့ခဲ့ပါတယ်။ ဖမ်းဆီးရမိသူဟာမြန်မာနိုင်ငံသား တစ်ဦးဖြစ်ပြီး ယူဆွတ်ဖ်လို့ ရဲတွေက ထုတ်ပြန်ပါတယ်။အဲဒီအမျိုးသားရဲ့မျိုးရိုးနာမည် အပြည့်အစုံကိုတော့မကြေညာခဲ့ပါဘူး။
ယူဆွတ်ဖ် ဝတ်ထားတဲ့ အဝတ်အစားတွေဟာ မိန်းကလေးရဲ့ ထွက်ဆိုချက်နဲ့ ကိုက်ညီခဲ့ပါတယ်။ ရဲတွေကသူ့ကို ဖမ်းဆီးချိန်မှာ ယူဆွတ်ဖ်က ခုခံဖို့ ကြိုးစားရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာက ကျောကတုံးနဲ့ ခိုက်မိပြီးသူ့ညာဖက်မျက်လုံးနားမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ပြီးတော့ အခင်းဖြစ်ချိန်က အ
သုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ဓားတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ သံသယရှိသူဟာ ကျူးလွန်ခံရတဲ့ အမျိုးသမီးအပေါ် အရူးအမူး စွဲလမ်းနေတယ်လို့ ထွက်ဆိုခဲ့ကြောင်း ချင်းမိုင်ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး ပရာချယာ သစ်ဟာလာက ပြောပါတယ်။ သူဟာ အလုပ်ကြမ်း လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး မိန်းကလေးဆီကဖုန်းနံပါတ်ရဖို့ ချဉ်းကပ်ဖူးပေမယ့် ငြင်းပယ် ခံခဲ့ရတယ်လို့ ယူဆွတ်ဖ်က ထွက်ဆိုပါတယ်။
အခင်းဖြစ်တဲ့ အိမ်နားကအိမ်မှာ လူမနေဘဲစွန့်ပစ်ထားသလို ဖြစ်နေတဲ့နောက်ယူဆွတ်ဖ်က မကြာခဏ သွားရောက် နေထိုင်ခဲ့ပြီး မိန်းကလေးရဲ့ အသွားအလာကိုစောင့်ကြည့်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေ့မှာတော့ မိန်းကလေးရဲ့ မိခင်က အိမ်က ထွက်သွားပြီးမိန်းကလေးတစ်ယောက်တည်းကျန်ခဲ့မှန်း သိသွားတဲ့နောက် ယူဆွတ်ဖ်က အိမ်ထဲ ဝင်ပြီး အကြမ်းဖက်ခဲ့တာပါ။
ရဲတပ်ဖွဲ့ကတော့ ယူဆွတ်ဖ်ကို လက်နက်ကိုင် ခြိမ်းခြောက်ပြီးမုဒိမ်းကျင့်မှု၊ ပိုင်နက်ကျူးလွန်မှု၊မသမာတဲ့ ရည်ရွယ်ချက်နဲ့ စောင့်ကြည့်နေမှုတွေအတွက် စွဲချက်တင်ထားကြောင်း သိရပါတယ်။
ကိုးကား: Khaosod

















































