-ကိုသုညံရေးသားသည်။
မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အနှစ်ချုပ်ဟာ ဘက်မလိုက်ရေးနဲ့ အားလုံးနဲ့ မိတ်ဆွေဖြစ်ရေးပါ။ ဒါပေမဲ့ လက်တွေ့ အခင်းအကျင်းမှာတော့ မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ အပြောတခြား၊ အလုပ်တခြား ဖြစ်နေတာကို အထင်အရှား တွေ့နိုင်ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဘက်မလိုက်သည့် ကြားနေ(Positive Neutrality) မူဝါဒကို ကျင့်သုံးမယ်လို့ ကမ္ဘာကို ကြေညာခဲ့ပါတယ်။ဒါဟာစစ်အေးတိုက်ပွဲကာလအတွင်းအင်အားကြီးနိုင်ငံတွေ(အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ)ရဲ့ ကြားမှာ အညှပ်မခံရအောင် ကျင့်သုံးခဲ့တဲ့ ဗျူဟာမြောက်မူဝါဒတခုဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ဘန်ဒေါင်းညီလာခံကနေ မြစ်ဖျားခံခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ဟာ မြန်မာ့နိုင်ငံခြားရေးရဲ့ ကျောရိုးဖြစ်ခဲ့ပြီး နိုင်ငံအချင်းချင်းရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့နဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ ဖြစ်ပါတယ်။

Public Service Announcement
၁၉၆၂ ခု တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ဘက်မလိုက်သည့်ကြားနေ နိုင်ငံခြားရေးမူဝါဒ(Positive Neutrality) ကိုဆက်လက်ကျင့်သုံးခဲ့ပါတယ်။ ၁၉၇၁ ခုမှာ လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ(Independent)၊ ၁၉၈၁ ခုနှစ်မှာ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ (Independent, Active)နဲ့ ၁၉၈၈ ခုမှာလည်း လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ(Independent, Active) ဆိုပြီး စစ်အာဏာရှင်အဆက်ဆက်တို့က ချမှတ်ခဲ့ပါတယ်။
စစ်အာဏာရှင်တွေ ခုချိန်ထိ လက်ခံကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁ မှာလည်း နိုင်ငံတော်ဟာ လွတ်လပ်၍ တတ်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ(Independent, Active and Non Aligned Foreign Policy) ကို ကျင့်သုံးတယ်လို့ အတိအလင်း ပြဌာန်းထားပါတယ်။
ဒါပေမဲ့ ကနေ့ စစ်အာဏာရှင်ကာလမှာတော့မြန်မာ့နိုင်ငံခြားရေးဟာ ချမှတ်ပြဌာန်းထားတဲ့ အခြေခံမူတွေအပေါ် ရပ်တည်ဖို့ထက် အာဏာရှင်တွေ ရှင်သန်ရေးနဲ့ အကျိုးစီးပွား အပေးအယူလုပ်ခြင်း မူတွေပေါ်မှာပဲ ရပ်တည်နေတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊နိုဝင်ဘာလတုန်းကဂျပန်ဝန်ကြီးချုပ်တာကိုင်ချီ က တိုင်ဝမ်အရေးပေါ်အခြေအနေဟာ ဂျပန်ရဲ့ အရေးပေါ်အခြေအနေဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံဟာဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်အပေါ် ပြင်းထန်စွာ တုံ့ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ “ တရုတ်တနိုင်ငံတည်းမူဝါဒ” ကိုအပြည့်အဝထောက်ခံကြောင်းမဆီမဆိုင်ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပါတယ်။
မိမိနိုင်ငံရဲ့ ပြည်တွင်းရေးကို အာဆီယံနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေကက ဝင်ရောက်ထောက်ပြ ပြေဆိုရင် အချုပ်အခြာအာဏာကို စွက်ဖက်တယ်လို့ တုန့်ပြန်တတ်တဲ့ စစ်အုပ်စုဟာ တရုတ်နဲ့တိုင်ဝမ်အရေးမှာတော့ အိမ်နီးချင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ အလိုကျ ဝင်ရောက် ပြောဆိုပေးခဲ့တာပါ။ တရုတ်ကို မျက်နှာလို မျက်နှာရ ဖားတာ ဖြစ်ပါတယ်။
ဒါဟာကုလသမဂ္ဂနဲ့နိုင်ငံတကာအလယ်မှာ တရုတ်ရဲ့ အကာအကွယ်နဲ့ အကူအညီကို လိုလားတာကြောင့် စစ်ခေါင်းဆောင်တွေရဲ့ တရုတ်ဘက်ကိုလိုက်တဲ့ တဖောက်စောင်းနှင်း နိုင်ငံခြားဆက်ဆံရေးမျိုး ဖြစ်နေပါတယ် ။
ခေတ်အဆက်ဆက် မြန်မာအစိုးရတွေဟာဂျပန်ဆီကနေ ဖွံ့ဖြိုးရေးအကူအညီ (ODA) တွေ ရယူနေပေမယ့် စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အာဏာဆက်လက်ရှင်သန်ရေးအတွက် နိုင်ငံတကာက ချီးကျူးခဲ့ရတဲ့ နိုင်ငံခြားရေးမူဝါဒကို ဘေးဖယ်ထားလိုက်ပြီး တရုတ်ဖက်ကို ယိမ်းခဲ့ပါတယ်။
၂၀၂၂ကတည်းကစတင်ခဲ့တဲ့ရုရှား-ယူကရိန်း စစ်ပွဲဟာ မြန်မာ့နိုင်ငံခြားရေးရဲ့အရေခြုံထားတာကို ခွာချလိုက်ပါတယ်။စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်မှုကိုကမ္ဘာ့အင်အားချိန်ခွင်လျှာ ညှိယူတာ လို့ဆိုကာရုရှကို တရားဝင် ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီကျူးကျော်မှုကို ထောက်ခံလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့တဲ့ ဘက်မလိုက်ရေးနဲ့ ကျူးကျော်မှုဆန့်ကျင်ရေး မူဝါဒကို ဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်။
မူဝါဒအရ အခြားနိုင်ငံတွေရဲ့အချုပ်အခြာအာဏာကို လေးစားရမှာဖြစ်ပေမဲ့ လက်တွေ့မှာတော့ မိမိတို့ကို အဖက်ဖက်က အထူးသဖြင့် စစ်လက်နက်တွေ တင်ပို့ရောင်းချပေးနေတဲ့ မိတ်ဆွေ ရုရှားရဲ့ ကျူးကျော်မှုကို မျှတတဲ့ လုပ်ရပ် အဖြစ် ထောက်ခံခဲ့တာပါ။
မိမိနိုင်ငံအတွင်းရှိ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ဖို့ ရုရှားဆီကနေ တိုက်လေယာဉ်တွေနဲ့ နည်းပညာတွေ ရရှိရေးဟာ နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့တဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒထက်ပိုပြီးအရေးကြီးသွားခဲ့ပါပြီ။
ဒါကြောင့် လက်ရှိမြန်မာရဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံရဲ့အကျိုးစီးပွား ရှင်သန်ကြီးပွားရေးမူဝါဒထက် စစ်အာဏာရှင်စနစ် ရှင်သန်တည်မြဲရေးမူဝါဒဖြစ်နေပါပြီ။စစ်ကောင်စီဟာ မြန်မာနိုင်ငံက ဘက်မလိုက်မူဝါဒကို ကျင့်သုံးတယ်လို့ မကြာခဏာ ဆိုနေပေမယ့် လက်တွေ့မှာတော့ မိမိအာဏာကို အကာအကွယ်ပေးမယ့် အာဏာရှင်နိုင်ငံတွေနဲ့ပဲ ပလဲနံပသင့်အောင် နေနေရတဲ့ စစ်အာဏာရှင် အသက်ဆက်နိုင်ရေး မူဝါဒပဲ ဖြစ်ပါတယ်။

















































