close
Connect with us

Hi, what are you looking for?

အတွေးအမြင်

စုံလား မ လား

ဒီနေ့ စက်သုံးဆီဆိုင်တွေမှာ ယာဥ်တွေ အရင်ကလို ယာဥ်တန်းအရှည်ကြီးနဲ့ ပြန်တန်းစီနေရတာတွေ့တော့ ရင်မောသွားမိတဲ့ကျွန်တော်ဟာအာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုခုကို (အမှတ်မရှိစွာဘဲ)မျှော်နေမိပါတယ်။(ဖြီးချင်ဖြီး) နည်းနည်းလေးလောက်တော့ စိတ်သက်သာရာရစေမယ့် စာလေးတစ်ကြောင်းလောက်များ ပါလိုပါငြား မျှော်မိတာပါ။

-မောင်ကြိုင် ရေးတယ်။

ဒီနေ့ စက်သုံးဆီဆိုင်တွေမှာ ယာဥ်တွေ အရင်ကလို ယာဥ်တန်းအရှည်ကြီးနဲ့ ပြန်တန်းစီနေရတာတွေ့တော့ ရင်မောသွားမိတဲ့ကျွန်တော်ဟာအာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုခုကို (အမှတ်မရှိစွာဘဲ)မျှော်နေမိပါတယ်။(ဖြီးချင်ဖြီး) နည်းနည်းလေးလောက်တော့ စိတ်သက်သာရာရစေမယ့် စာလေးတစ်ကြောင်းလောက်များ ပါလိုပါငြား မျှော်မိတာပါ။

ည ၈ နာရီကျော်မှာတော့ ထုတ်ပြန်ချက်တစ်စောင်ထွက်လာပါတယ်။ ကာလုံရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကပါ။ စာဖတ်ပြီး အမှတ်မရှိဦးကွာဆိုပြီး ကိုယ့်ပါးကိုယ် ခပ်စပ်စပ်ရိုက်ပစ်လိုက်ပါတယ်။ ထုတ်ပြန်ချက် ရှုပါဦး။

ခေါင်းစဥ်က “ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်” တဲ့။ စကတည်းက လာပြီပေါ့။ ဆက်ဖက်လိုက်တယ်။

Public Service Announcement

Public Service Announcement

“ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါသတဲ့။” အရင်လကမှ ဆန္ဒပြပြည်သူ​ထောင်​ပေါင်းများစွာကို သတ်ခဲ့တဲ့ အီရန်နိုင်ငံက ခါ​မေနီ ​သေဆုံးတဲ့သတင်းကိုသာ မြန်မာ စစ်တပ်စာ​တွေက မ​​​ဖော်ပြရဲတာ အီရန်ကဆီ​တွေအဓိကဝယ်​နေတဲ့ စစ်တပ်က ဆီကိစ္စကြ တုန့်ပြန်ပုံက မ​နှေးပါဘူး ။

ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်ကအများသိတဲ့ကိစ္စမို့။ ဟုတ်ပြီပေါ့။ ဆက်ဖက်တယ်။

​အဲဒီအခြေအနေတွေကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးအတွက်ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်ကစပြီး ပုဂ္ဂလိကယာဉ်တွေ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ လစဥ် စုံရက်တွေမှာ စုံနံပါတ်ကား၊ မ ရက်တွေမှာ မ နံပါတ်ကား မောင်းနှင်အသုံးပြုရမယ်တဲ့။ ပါးစပ်အဟောင်းသားကိုဖြစ်သွားတာ။ ကောင်းလိုက်တဲ့ ဖြေရှင်းနည်း။

ဥပမာ မတ်လ ၇ ရက်နေ့ဆိုပါစို့။ ကိုယ့်ကားနံပါတ်က 1Aတို့ 3A တို့ ဖြစ်နေရင် သွားလို့ရတယ်။2A၊ 4A ဘာညာဆို မထွက်ရဘူးပေါ့။ သေရော။

နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှားယာဉ်တွေ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေကတော့ အသုံးပြုရတယ်လို့ ဆိုတယ်။

ဒီကနေ့ထုတ်ပြန်ချက်ကို ဖောက်ဖျက်ရင် အရေးယူမယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ထားပါ​သေးတယ်။

စစ်ကောင်စီလုပ်ပုံအရ ကားတစ်စီးတည်းရှိရင် တစ်ရက်ခြားပဲ ထွက်ရတော့မယ်။ ကားတစ်စီးထက် ပိုရှိနေလည်း နှစ်စီးလုံး မ၊ နှစ်စီးလုံး စုံဖြစ်နေရင်သေပြီ။ အပြင်ထွက်ရင်လည်း ဒီရက်ကစုံရက်လား၊မရက်လား သေချာကြည့်ရတော့မယ်။

ဒါဆို အာဏာလုစစ်​အုပ်စု​တွေနဲ့ သူတို့မိသားစုဝင်​တွေဆီမှာရှိတဲ့ ​မြောက်များလှစွာတဲ့ ကား​တွေကို​ရော ဘယ်အုပ်စုမှာထည့်မှာပါလဲ။ သူတို့ပိုင်ကား​​တွေကို ပုဂ္ဂလိကပိုင်ကားလို့ သတ်မှတ်ရင် သူတို့က​ရော ပြည်သူ​တွေလို့ စုံဂဏန်း ၊မဂဏန်းကြည့်ပြီး ဆီဝယ်ရမှာလား ။ စစ်အုပ်စု ၊ စစ်အုပ်စုနဲ့ နီးစပ်တဲ့သူ​တွေရဲ့ကား​တွေ​ကို စုံမကိုက်ရဲ့လား စစ်​ပေးသူမရှိရင် ​မောင်ကြိုင်တို့ လုပ်အား​ပေးပြီးပြန်စစ်ချင်ပါ​သေးတယ် ။

ဒီထုတ်ပြန်ချက်ကြောင့် နံပါတ်ပြားအတုတွေ၊ စတစ်ကာတွေနဲ့ စုံကို မ၊ မ ကို စုံ ပြောင်းပေးတဲ့ ခါတော်မီလုပ်ငန်းတွေ ပေါ်လာနိုင်တယ်။

ဒီသတင်းကိုဝမ်းသာကြမှာကတော့ စစ်ကောင်စီရဲ့ ကူညီပါရစေဆိုပြီး ဂြိုကြည့်ကြည့်တတ်တဲ့ ပြည်သူ့ရဲဆိုသူတွေပါ။ ရဲထဲမှာ ယာဥ်ထိန်းရဲက အဓိက ပါဝင်ပါတယ်။

“ ခါးပတ်မပတ်လို့ မီးနီဖြတ်မောင်းလို့အတားခံရမယ့်ခေတ်ကနေ ကားနံပါတ်နဲ့ ရက်မကိုက်လို့ အတားခံရမယ့်နေ့ရက်တွေရောက်လာပြီ” လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုတယ်။

လမ်းပေါ်က ယာဥ်တွေကို တစ်သောင်းတန်လေးတွေလို့မြင်နေတဲ့ ယာဥ်ထိန်းတွေအတွက် ဒါဟာ ရာထူးတိုးတာထက်ကို ပိုပျော်စေမယ့် ထုတ်ပြန်ချက်ပါ။

သူတို့အတွက်တော့ ဒီနေ့ ကဘာရက်လဲသေချာမှတ်ပြီး ကားနံပါတ်တွေ မူးအောင်လိုက်ကြည့်ကြပါတော့မယ်။ ရက်နဲ့မကိုက်ဘဲ ထွက်လာတဲ့ကား နာပြီသာမှတ်။ ဝီစိတစ်ချက်ပြင်းပြင်းမှုတ်ရင်း လာထား အစိမ်းတန်တွေ။ ဒီထုတ်ပြန်ချက်ကြောင့် အပျော်လွန်ပြီး ဒီည အိပ်မပျော်တော့မယ့်ရဲတွေ အများကြီး ရှိနေပါလိမ့်မယ်။

အာဏာသိမ်းအုပ်စုရဲ့ စီမံခန့်ခွဲမှု​တွေကို ပြည်သူတဦးက​​တော့ အခုလို မှတ်ချက်ပြုပါတယ်။

“ ပြည်သူကို ဗုံးကျဲဖို့ ခဲယမ်းနဲ့ လေယာဉ်ဆီတွေ၊အမေရိကန်ကို မျက်နှာလုပ်ဖို့ ပဲပုပ်ဖတ်တွေ ဝယ်လိုက်တာ ဒေါ်လာ ကုန်သွားပြီ။ ဆီဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘူး။ ကျန်းမာရေးနဲ့ ညီအောင် တရက်ခြား လမ်းလျှောက်ကြ ” တဲ့ ။

ကဲ စာဖတ်သူ။မနက်မိုးလင်းရင် ဘယ်ဆိုင်မှာ ဆီပေးနေလဲ၊ကားတန်းတိုလဲဆိုတာ မစုံစမ်းပါနဲ့။ အဲဒီကိစ္စ ခဏဘေးချိတ်ပါဦး။

ပြက္ခဒိန်ကိုအရင်ကြည့်၊ ပြီးရင် ကိုယ့်ကားနံပါတ် ပြန်ကြည့်ပြီး ရက်ကိုက်မကိုက် ပြန်တိုက်လိုက်ပါဦး။ရက်နဲ့ကိုက်မှ လမ်းပေါ်ထွက်ကြပါ။ မဟုတ်ရင်တော့ ဆီဖိုးထက် ယာဉ်ထိန်းရဲ ဝီစိမှုတ်ခက ပိုကုန်သွားပါလိမ့်မယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီမှာ အရန်ဆီသို​လှောင်ထားတာသိပ်မရှိနိုင်ဘူးလို့လုပ်ငန်းရှင် ​ပြော

သတင်း

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

သတင်း

ရန်ကုန်မြို့မှာ ဆီပြတ်လို့ အငှားယာဉ်မောင်းအချို့ ရပ်နား၊ နယ်မြို့တွေမှာ ဆီတန်းစီဝယ်ယူနေရ

သတင်း

မန္တလေးမြို့ကနေ လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေဆီ စက်သုံးဆီ ပို့ဆောင်တယ်ဆိုပြီး လူ ၂၀၀နီးပါးကို စစ်ကောင်စီ က အခုရက်ပိုင်းအတွင်း ထောင်ဒဏ်တွေချလိုက်တယ်လို့ သိရပါတယ်။

Facebook