close
Connect with us

Hi, what are you looking for?

အတွေးအမြင်

အိမ်ရှင်မတွေရဲ့ ကုန်စျေးနှုန်း ဝန်ထုတ်ဝန်ပိုး

လွန်ခဲ့တဲ့ ငါးနှစ်က မြန်မာအိမ်ရှင်မ တယောက်အတွက်” ကုန်ဈေးနှုန်း” ဆိုတဲ့ စကားလုံးဟာ အခုလောက်အထိ ရင်လေးစရာမကောင်းခဲ့ပါဘူး ။အဲ့အချိန်က အိမ်ရှင်မတွေရဲ့ နေ့စဉ်စိုးရိမ်မှုတွေက မိသားစုဝင်တွေ လုပ်ငန်းခွင်အဆင်ပြေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အနာဂတ်အတွက်သာ အဓိကရှိခဲ့ပေမယ့်၊ အခုချိန်မှာတော့ “ ဒီနေ့ ဘာချက်ရမလဲ” ဆိုပြီး ခေါင်းခဲစရာဖြစ်လာတာဟာ နေ့စဥ်ရက်ဆက်ပါပဲ။ ဒီဖိစီးမှုကို မီးဖိုချောင်ဝင်ဖူးတဲ့၊ စျေးသွားဖူးတဲ့ အိမ်ရှင်မတိုင်း သိကြပါတယ်။

မမစိန်​ရေးသားသည်။

လွန်ခဲ့တဲ့ ငါးနှစ်က မြန်မာအိမ်ရှင်မ တယောက်အတွက်” ကုန်ဈေးနှုန်း” ဆိုတဲ့ စကားလုံးဟာ အခုလောက်အထိ ရင်လေးစရာမကောင်းခဲ့ပါဘူး ။အဲ့အချိန်က အိမ်ရှင်မတွေရဲ့ နေ့စဉ်စိုးရိမ်မှုတွေက မိသားစုဝင်တွေ လုပ်ငန်းခွင်အဆင်ပြေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အနာဂတ်အတွက်သာ အဓိကရှိခဲ့ပေမယ့်၊ အခုချိန်မှာတော့ “ ဒီနေ့ ဘာချက်ရမလဲ” ဆိုပြီး ခေါင်းခဲစရာဖြစ်လာတာဟာ နေ့စဥ်ရက်ဆက်ပါပဲ။ ဒီဖိစီးမှုကို မီးဖိုချောင်ဝင်ဖူးတဲ့၊ စျေးသွားဖူးတဲ့ အိမ်ရှင်မတိုင်း သိကြပါတယ်။

၂၀၂၀ ခုလောက်က ငွေ(ကျပ်)တစ်သောင်းတန် တစ်ရွက်တည်းနဲ့ ဆန်၊ ဆီ၊ အသားငါး နဲ့ ဟင်းရွက်ကန်စွန်းတွေကို အထိုက်အလျောက် ဝယ်လို့ရပြီး သင့်တင့်တဲ့ဟင်းတစ်ခွက်ကတော့ စားပွဲပေါ်တင်နိုင်ခဲ့တယ်။ အခုအခါမှာတော့ငွေ(ကျပ်)တစ်သောင်းတန်တစ်ရွက်တည်းနဲ့စျေးသွားလို့မရတော့ဘူး။ဆန်နဲ့ဆီဝယ်လိုက်တာနဲ့ ကုန်သွားပါပြီ။

အခုခေတ်ကာလမှာ အနည်းဆုံး ငွေ(ကျပ်)သုံးသောင်းလောက်ပါမှ စျေးသွားလို့ရတဲ့အခြေနေပါ။ ကြက်ဥတစ်လုံးတောင်အရင်က ၁၀၀ကျပ် လောက်ရှိခဲ့ပေမယ့် အခုအခါ တလုံးကို ၅၀၀ကျပ် ရှိနေပါပြီ။ အသားငါးတွေဆိုအစိတ်သား(၂၅ကျပ်သား)ကို (ကျပ်) ၁၀၀၀၀ အထက်မှာ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ခရမ်းချဉ်သီး၊ ကြက်သွန်၊အာလူးတို့ဆိုရင် အရင်ကတစ်ပိဿာစျေးနှုန်းကျသင့်ငွေဟာအခုဆိုရင် အစိတ်သားစျေးပဲ ရပါတော့မယ်။ပါလာတဲ့ပိုက်ဆံလေးနဲ့ အူစိုဖို့အရေး တွက်ချက်ဝယ်နေရတာဟာ မီးဖို‌ချောင်ကို စီမံရတဲ့ အိမ်ရှင်မတွေရဲ့ အတွက်ရခက်တဲ့ နေ့စဉ်ပုစ္ဆာတစ်ပုဒ် ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်နဲ့ လက်ရှိအခြေအနေကြား အသိသာဆုံးကွာဟချက်ကတော့မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားတာ ဖြစ်ပြီးပြည်သူတွေကို ပိုပြီးကြပ်တည်းခက်ခဲစေပါတယ်။ ဘာကြောင့်ဆိုရင်တော့မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေး အခြေအနေဟာဒေါ်လာစျေးတက်(ကျပ်ငွေတန်ဖိုးကျ)

တာ နဲ့ ကုန်စျေးနှုန်းတက်တာဟာတိုက်ရိုက်အချိုးကျနေလို့ပါ။ ဒေါ်လာစျေးတက်လာတာနဲ့ စားသောက်ကုန် လူသုံးကုန် စက်သုံးဆီစျေးတွေပါ တက်လာတာမို့ ရင်မောကြရတယ်။

နေ့စဥ်ဝင်ငွေနဲ့ လစာဝင်ငွေတွေဟာ သိသိသာသာ တိုးမလာဘဲအသုံးစရိတ်က ၃ ဆကနေ ၅ ဆအထိ မြင့်တက်လာတာက လူလတ်တန်းစားတွေကိုတောင် ဆင်းရဲတွင်းထဲကို တွန်းပို့နေသလို ဖြစ်နေပါပြီ။ မိသားစုများပြီး တရက်လုပ်အားခ ကျပ် ၁၀၀၀၀ လောက်သာရတဲ့ အခြေခံလူတန်းစားတွေအတွက် စဥ်းစားရင်းနဲ့တောင် အသက်ရှုတွေကြပ်မိရပါတယ်။

ကျန်းမာရေးအတွက် အသုံးစရိတ်တွေဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ အိမ်သုံးဆေးဝါးတွေအပြင် ရေရှည်သောက်စွဲသောက်ရတဲ့ နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးတွေဟာလည်း အရင်ကထက် ၃ဆ ကနေ ၅ဆ လောက်ထိ စျေးတက်လာပါတယ်။ ကျန်းမာရေးကိစ္စမို့ ဘယ်စျေးနဲ့မဆို ဝယ်သောက်ရမှာဖြစ်ပေမယ့် ပစ္စည်းတွေ ခဏ ခဏပြတ်တာကြောင့် အလွယ်ဝယ်လို့ရရင်ကိုပဲ ကျေးဇူးတင်နေရပါတယ်။

ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုက စက်သုံးဆီစျေးနှုန်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က စက်သုံးဆီတစ်လီတာ ကျပ်တစ်ထောင်အောက်မှာရှိခဲ့ပြီး အခုအခါ တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ရှိနေတဲ့အပြင် ကုန်စည်စီးဆင်းမှုတွေ ခက်ခဲနေတာကလည်း စားသုံးသူ ပြည်သူတွေသာ ခါးစည်းခံနေရတာပါ။ဒါအပြင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပြည်ပရင်းနှီးမြှပ်နှံမှု ၊ကုန်သွယ်မှု ​လျော့ကျလာပြီး ​ငွေ​ကြေး​ဖောင်းပွတာ ၊အ​သေးစား၊အလတ်စားလုပ်ငန်း​တွေ​လျော့နည်းလာတာ ၊အလုပ်လက်မဲ့နှုန်း မြင့်မားလာတာ၊​မှောင်ခိုလုပ်ငန်း​တွေများလာတာ၊လာဘ်​ပေးလာဘ်ယူမှု ပိုများလာတာ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေဖြစ်လာပြီး လမ်းပန်းဆက်သွယ်​ရေးပိုခက်ခဲလာတာ စတဲ့အ​ကြောင်းအရာမျိုးစုံပါဝင်ပါတယ်။

အခုလက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်လည်း စက်သုံးဆီ ပြဿနာ စတင်ရိုက်ခတ်လာပြီး တချို့လူသုံးကုန်ပစ္စည်းတွေဆို စျေးတွေ ထပ်တက်နေကြပြန်ပါပြီ။

မြန်မာနိုင်ငံမှာ ရွှေစျေးသတ်မှတ်ချက်ဟာ ကမ္ဘာ့ရွှေစျေးထက် ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းအပေါ် ပိုပြီးတိုက်ရိုက်အချိုးကျနေပေမယ့် ရွှေစျေးတွေတက်တာက အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအဖို့ စိတ်မဝင်စားနိုင်ကြပါဘူး။ ဝယ်စရာလည်း မရှိသလို ရောင်းစရာလည်း မရှိကြပါဘူး။ရှိတဲ့ မူးစုပဲစုလေးတွေကလည်း ရှိတော့တန်ဆာမရှိတော့ဝမ်းစာလေးမို့ကျစ်ကျစ်ပါအောင် ဆုပ်ထားကြရတာပါ။ ရောင်းပြီးရင်လည်း ပြန်မဝယ်နိုင်ကြတော့လို့ပါ။

၂၀၂၀ခုနှစ်ကရွှေတစ်ကျပ်သားကို ကျပ်၁,၃၀၀,၀၀၀(တစ်ဆယ့်သုံးသိန်း) ဝန်းကျင်ရှိပြီး အခုလက်ရှိချိန်မှာတော့ပြင်ပပေါက်စျေးက ကျပ်၁၀,၀၀၀,၀၀၀(သိန်း ၁၀၀)ကျော် ရှိတာမို့ ၅ နှစ်တာအတွင်းပျမ်းမျှအားဖြင့် ၇ ဆ/ ၈ဆလောက်တက်လာတယ်လို့ ပြောလို့ရပါတယ်။လူတန်းစားတစ်ရပ်လောက်ကသာ ရွှေကို ခိုင်မာတဲ့ပိုင်ဆိုင်မှုအဖြစ် စုဆောင်းကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်တာ ကာလအတွင်း မြန်မာပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အရင်ကလို ပျော်ပွဲရွှင်ပွဲတွေ၊အလှူအတန်းတွေနဲ့အနာဂတ်အတွက် စုဆောင်းတာတွေ မလုပ်နိုင်ကြတော့ဘဲ အခုလက်ရှိအတွက် ရှင်သန်နိုင်ရေးကိုသာ အာရုံစိုက်နေကြရပါတယ်။

ဝင်ငွေနဲ့ထွက်ငွေ မမျှတလို့ စိတ်ဖိစီးမှုများလာတာ၊ ကျန်းမာရေးနဲ့ပညာရေးအတွက် အသုံးစရိတ်တွေကို လျှော့သုံးရတာတွေဟာ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်ကိုပါ ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။လူနေမှုအဆင့်အတန်းမှာလည်း သိသိသာသာ နိမ့်ကျသွားတာကို တွေ့ရပါတယ်။

ကုန်ဈေးနှုန်းတက်တာဟာ ကိန်းဂဏန်းများအရ တက်ရုံတင်မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ထမင်းဝိုင်း၊ အိပ်မက်နဲ့ အနာဂတ်တွေကိုပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။အားလုံးရဲ့တရားခံဟာ အာဏာသိမ်း စစ်တပ်ပဲ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

Facebook