မတ်-၁၀၊၂၀၂၆။တေဇ/People’s Spring
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက် မြို့က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေပြီး ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းက ငါ့သရောက်နယ်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မတ်လ ၁ရက်မှာ ကျူတောကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၄၀ လောက်ကို မီးရှို့ခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် အခြားကျေးရွာတွေမှာလည်း နေအိမ်တွေ ဖျက်ဆီးတာ ၊ပစ္စည်းတွေခိုးယူတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
“ ထမိန်ကအစ ခိုးယူခဲ့ပါတယ်။ ပြည်သူများကို ဖမ်းဆီးပြီး ခိုးရာပါပစ္စည်းတွေ သယ်ယူခိုင်းတာတွေလဲ ရှိပါတယ်။” လို့ ညောင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။
ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ အဲဒီ့စစ်ကြောင်းနဲ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်က သေဆုံးမှုများခဲ့တယ်လို့ ဆိုပါတယ်။

” မီးရှို့ဖျက်ဆီးသွားတဲ့စစ်ကြောင်းက မနေ့က(မတ်၉) မနက်ပိုင်းလောက်က ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် ဒီနေ့(မတ်၁၀)မနက်ပိုင်းမှာ ငါ့သရောက် အနောက်ဘက် ညောင်ကြီးအိုဘက်မှာ အင်အားပြန်တိုးလာပြီး ဒီဘက်ကိုစစ်ကြောင်း ပြန်ထိုးမယ့်အနေအထားရှိတယ်ဗျ။ အနေအထားကြည့်ရတာတော့ ငါ့သရောက်နယ်မြေကိုတစ်ရွာမှ အလွတ်မပေးပဲ ရွာတိုင်းကိုစစ်ကြောင်းထိုးမယ့်အနေအထားရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ညောင်ဦးမြို့နယ်က ငါ့လင်းပုတ် ကျေးရွာကို ဒီကနေ့ မနက်စောမှာ ဝင်ရောက်ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀လုံး မီးလောင်ခဲ့ပြီး အသက်(၂၀)အရွယ် လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ညောင်ဦးမြို့နယ်မှာ မကြာခဏစစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ ဩဂုတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmarက ထုတ်ပြန်ထားပါတယ်။

















































