close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ဗိုလ်နဂါးမ​ပြောခဲ့တဲ့ မြေအောက်ခန်းထဲက ဇာတ်လမ်းများ

စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အစည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။

ဗိုလ်နဂါး ရဲ့ ​တောတိုက်ထဲက ​မြေ​အောက်ခန်း ၊အ​ဆောက်အအုံ ၊လက်နက်တိုက် ၊ မြင်းခြံ တို့ကို​တွေ့ရစဥ် ။ဓါတ်ပုံ- အိမ်သွင်

အိမ်သွင်/People’s Spring

စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အစည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။

အညာဒေသတစ်နေရာမှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ဆိတ်ကွယ်ရာနေရာတစ်ခု ရှိနေပါတယ်။ ပုလဲမြို့ပေါ်နဲ့ မိုင်၂၀ ခန့်ဝေးတဲ့ တောတိုက်ထဲမှာလည်း သံသယဖြစ်စရာ မြေအောက်ခန်းတစ်ခုကို ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၈ရက်နေ့မနက်မှာ တွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ သတ်ဖြတ်မှုတွေရှိခဲ့တဲ့ အထောက်အထားတွေ ရထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သူ့ကိုယ်သူ တော်လှန်ရေးခေါင်းဆောင်အဖြစ်ကြွေးကြော်ပြီးစစ်တပ်နဲ့ပူး​ပေါင်းသွားခဲ့တဲ့ BNRAအဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးကပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်စပ်က ဂွေးပင်ရွာတောတိုက်ထဲမှာ မြေအောက်ခန်း‌ဆောက်ပြီး လုံခြုံရေးအစောင့်အရှောက်တွေ၊ အခြွေအရံတွေနဲ့အတူ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

Little Saint James ကျွန်းပေါ်က ဇာတ်လမ်းတွေမှာ ဇာတ်ဆောင်က ဂျက်ဖရီအက်ပ်စတိန်းဖြစ်ရင် ပုလဲနယ်က ရှားရှားပါးပါး မြေအောက်ခန်းထဲက အဖြစ်အပျက်တွေရဲ့ အဓိကဇာတ်ဆောင်က ဗိုလ်နဂါးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

●ဇာတ်လမ်းအစ

လူထုကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသေရရ၊အရှင်ရရ တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်နိုင်ရင် နေပြည်တော်အထိတက်ပြီးတိုက်မယ်လို့ကြွေးကြော်ခဲ့ပြီးမှ စစ်ကောင်စီထံ ထွက်ပြေးလက်နက်ချသွားတဲ့ ဗိုလ်နဂါးရဲ့ တော်လှန်ရေးကာလအစကို ပြန်ကြည့်ရအောင်ပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်နဂါးကပုလဲမြို့နယ်မှာ အခြေစိုက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို ဖွဲ့စည်းခဲ့ပါတယ်။၂၀၂၂ ခုနှစ်မှာ NUGကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၊၄၊၅၊၆ အဖြစ် ဝင်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ဗိုလ်နဂါးက MODရဲ့ ညွန်ကြားချက်တွေကိုမလိုက်နာဘဲသီးခြားလှုပ်ရှားနေတာကြောင့် အဲ့ဒီတပ်ရင်းလေးခုကို ၂၀၂၃ ဩဂုတ်လဆန်းမှာ MOD က ထုတ်ပယ်ခဲ့ပါတယ်။

တပ်ရင်းမှူးတွေကတော့MODနဲ့ပူးပေါင်းခဲ့ပါတယ်။ထုတ်ပယ်ခံရပြီးနောက် ဗိုလ်နဂါးက MRDA အနေနဲ့မရပ်တည်တော့ဘဲ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) အဖြစ် အမည်ပြောင်းခဲ့ပါတယ်။

စစ်တပ်ထံ လက်နက်မချခင်အထိတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ စစ်အာဏာရှင်ကို ရေဆုံးမြေဆုံးလိုက်ပြီး မြေလှန်မယ်လို့ လူမှုကွန်ရက်မှာမကြာခဏ Live လွှင့်ပြီး လူထုကို စည်းရုံးခဲ့ပါတယ်။ လူထုသည်းခြေကြိုက်စကား‌တွေ ပြောရင်း ဗိုလ်နဂါးက နာမည်ပိုကြီးကြီးလာပါတယ်။ တော်လှန်ရေးကာလအစမှာ NUG အစိုးရက ပေးခဲ့တဲ့ လက်နက် ၂၀၀အပြင် လူထုဆီက ငွေတွေနဲ့ ဝယ်ခဲ့တဲ့သေနတ်တွေကို တော်လှန်စိတ်ပြင်းထန်တဲ့ လူ

ငယ်တွေဆီ ဖြန့်ဝေပြီး အာဏာတည်ဆောက်ပါတယ်။သူဦးဆောင်တဲ့ BNRA အဖွဲ့ဟာ ဒေသတွင်းမှာ အတော်အသင့် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်လာပါတယ်။

၂၀၂၃ ဩဂုတ်လဆန်းမှာ MOD က ထုတ်ပယ်ခံရပြီးနောက်ပိုင်း လူထုတော်လှန်ရေးအသိုင်းအဝိုင်းမှာ သင်းကွဲသွားတဲ့ ဗိုလ်နဂါးက ဂွေးပင်ရွာက ၁၀ ဧကဝန်းကျင်ကျယ်တဲ့ တောတိုက်ကို သူအခြေချမယ့်နေရာအဖြစ် ရွေးချယ်လိုက်ပါတယ်။ တောင်ယာပိုင်ရှင်ဒေသခံတွေကို ခွင့်မတောင်းဘဲ ​မြေဖိုး​မ​ပေးပဲ အပိုင်သိမ်းခဲ့တာဖြစ်ပါတယ်။ တောတိုက်ထဲကတစ်နေရာမှာ ပေ၂၀ ခန့်ကျယ်တဲ့ မြေအောက်ခန်းဆောက်လိုက်ပါတယ်။မြေအောက်ခန်းကို ကြွေပြားကပ်ပါတယ်။ ဆိုလာမီးဆင်ပါတယ်။

မိန်းကလေးငယ် အချို့ကိုလည်းခေါ်ထားပါတယ်။ အိပ်ယာကို မွေ့ရာထူထူခင်းပါတယ်။သူ့လုံခြုံရေးအဖွဲ့ကိုထားတဲ့ ဘားတိုက်ဟာ မြေအောက်ခန်းနေရာနဲ့ ပေ ၃၀၀ ခန့်အကွာမှာထားပါတယ်။ ​ဈေးကြီးလှတဲ့မြင်းတွေလည်း အ​ကောင်​ရေဆယ်နဲ့ချီ မွေးထားပါတယ်။ သူကသိန်း၃၀၀ ခန့်အထိ တန် ကြေးရှိတဲ့ မြင်းတွေကိုလည်း ဝယ်ယူထားတယ်လို့ ပုလဲမြို့နယ်နဲ့ဆက်စပ်နေတဲ့ ယောဒေသက နွားပွဲစားတစ်ဦးကပြောပါတယ်။ လူသူကင်းဝေးပြီး တောရိပ်တောင်ရိပ်အလယ်က မြေအောက်ခန်းမှာ ဗိုလ်နဂါးက ဘုရင်တစ်ပါးလို စံမြန်းနေခဲ့ပါတယ်။

လူမှုကွန်ရက်မှာ liveလွှင့်ပြီး လူထုကိုတော်လှန်ရေးတရားဟောတဲ့အထဲ ဒီအကြောင်းတွေကိုလုံးဝထည့်မပြောပါဘူး။အမြဲတစေပွင့်ပွင့်လင်းလင်း​ပြောတက်တဲ့ ၊တိုက်ပွဲဝင်လိုတဲ့စစ်သူကြီးအဖြစ် သူ့ကိုယ်သူပုံဖော်ထားခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ၁၈ရက်နေ့က PDF နဲ့ ပကဖတွေ စီးနင်းခဲ့တဲ့ ဂွေးပင်ရွာက မြေအောက်ခန်းမြင်ကွင်းဟာ လူသူမသိတဲ့ ငရဲခန်းကို ဖွင့်ချလိုက်သလိုပဲလို့ ဒေသခံတွေကပြောပါတယ်။

●တောတိုက်ထဲကရာဇဝတ်မှုတွေ

၂၀၂၃ နှစ်လယ်ခန့်ကစပြီး ဗိုလ်နဂါးအခြေချခဲ့တဲ့ ဂွေးပင်ရွာကတောတိုက်ထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ရိုက်နှက်နှိပ်စက်မှုတွေ၊အကြောင်း

ရင်းမသိရဘဲပျောက်ဆုံးသွားသူတွေ ရှိခဲ့တယ်လို့ ကပဖနဲ့PDFတွေထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေက ထုတ်ဖော်ဝန်ခံထားပါတယ်။ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်‌ရေးနဲ့ တရားဥပဒေ စိုးမိုး‌ရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ကိုယ်တိုင် ကျူးလွန်တာ၊တပ်ဖွဲ့ဝင်တွေကို ကျူးလွန်ခိုင်းတာ၊ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ အမှု​တွေကို မျက်ကွယ်ပြုတာတွေ ​ကြောင့် အမှုဖွင့်အရေးယူထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားပါတယ်။

စစ်‌ကောင်စီထံဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း PDF နဲ့ ပကဖထံ လက်နက်ချခဲ့တဲ့ခဲ့ BNRAအဖွဲ့ဝင် ၂၀၀ခန့် ရှိပြီး ဗိုလ်နဂါးနဲ့ အနီးကပ်‌ နေခဲ့သူတွေကို အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

BNRAအဖွဲ့ဝင်တွေကြားထဲမှာ အကြောက်ဆုံးနဲ့ ပဟေဠိအဖြစ်ဆုံးက ဗိုလ်နဂါးနဲ့ အနီးကပ်နေခဲ့တဲ့ ကိုကာပြား ပျောက်ဆုံးသွားမှုပါ။၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ ဗိုလ်နဂါးရဲ့ဆုံးဖြတ်ချက်နဲ့အတူ BNRAအဖွဲ့က ပုလဲမြို့သိမ်းတိုက်ပွဲဆိုပြီးတိုက်

ခိုက်ခဲ့ပါတယ်။၄ ရက်အကြာမှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေမှာ ဗိုလ်နဂါးက သူ့စစ်ကြောင်းတွေဝင်လာမယ့်လမ်းကြောင်းကို စစ်ကောင်စီထံကြိုတင်ပေးပို့ခဲ့ပြီး တိုက်ပွဲအတုဖော်ဆောင်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။

ဒီစစ်ဆင်ရေးနဲ့ပတ်သက်လို့ PDFနဲ့ပကဖတွေကို အသိမပေးခဲ့ပါဘူး။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းဝင်လာတာတွေကြောင့် ဒေသခံတွေထိခိုက်မှုရှိလာချိန်မှာ PDFနဲ့ပကဖတွေက ဖြတ်တောက်ရေးတာဝန်ယူခဲ့ကြရပါတယ်။

BNRA တပ်ဖွဲ့ဝင်​တွေ စစ်ဦးကျိုးပြီး အထိနာခဲ့တဲ့အဲဒီစစ်ဆင်ရေးအပြီးမှာ ဗိုလ်နဂါးက လူထုကိုလိမ်လည်သတင်းထုတ်ပြန်တာတွေ၊ သေဆုံးတဲ့ BNRA အဖွဲ့ဝင်တွေသတင်းကို မိဘတွေဆီ အသိမပေးဘဲထိန်ချန်ထားတာတွေနဲ့ပတ်သက်လို့ ကိုကာပြားက ဝေဖန်ခဲ့ပါတယ်။ အကြီးအကျယ်စကားများပြီး ဗိုလ်နဂါးက ကိုကာပြားကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ကိုကာပြားထွက်ပြေးလွတ်

မြောက်သွားပေမယ့် တောတိုက်တစ်နေရာမှာပဲ ပြန်လည်ဖမ်းဆီးခံရပါတယ်။ နောက်ဆုံးတော့ ကိုကာပြားသတင်းအစ ပျောက်သွားပါတယ်။ကိုကာပြားက ဧရာဝတီတိုင်းဘက်ကနေရောက်လာတဲ့ တော်လှန်ရေးရဲဘော်တဦးအနေနဲ့သာသိထားပြီး ကျန်တဲ့အသေးစိတ်အချက်အလက်တွေကို ဘယ်သူမှမသိကြပါဘူး။

“ သတ်လိုက်တာလား၊ ဘာလာမသိပေမယ့် BNRA က ပြန်ဖမ်းမိပြီးနောက်ပိုင်း ကိုကာပြားပျောက်သွားဆုံးသွားတယ်။ ဒီနေ့အထိ မတွေ့ရတော့ဘူး။ ဒါမျိုးကို BNRAထဲကလူငယ်တွေကအခုထိကြောက်နေကြတယ်” လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။

●ငိုသံတွေနဲ့ မြေအောက်ငရဲခန်း

ဗိုလ်နဂါးဟာ မြေအောက်ခန်းထဲမှာ အမျိုးသမီးခုနစ်ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ စစ်ဆေးနေသူတွေဆီ BNRAအဖွဲ့ဝင်တွေက ဖြောင့်ချက်ပေးထားပါတယ်။

အဲဒီထဲမှာ သူ ဖမ်းဆီးခဲ့တဲ့ အသက်၁၈နှစ်မပြည့်သေးတဲ့မိန်းကလေးငယ်နှစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိန်းမနဲ့ ကလေးနှစ်ဦးကိုဖမ်းပြီး မိန်းမဖြစ်သူကို ခေါ်ယူပေါင်းသင်းနေတဲ့ဖြစ်ရပ်လည်းပါဝင်တယ်လို့ သိရပါတယ်။

” မိန်းကလေး ၂ဦးဆိုရင် မူလကတည်းကတောတိုက်မှာ နေသူတွေ။ မိုင်းတွေပေါက်ကွဲတာက သူတို့ကြောင့်ဆိုပြီး အကြောင်းပြ ဖမ်းဆီးခဲ့တာ။ သူမိုင်းသူ ခွဲပြီး ထောင်ဖမ်းပြီး ခေါ်ထားတာလို့ နဂါးတပည့်တွေက ဝန်ခံထားတယ်” လို့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

​တောင်သူမိသားစုဝင်​တွေကိုထမင်းချက်ဆိုပြီး​ခေါ်ယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်ရပ်ကို ကျူးလွန်ခံရသူ​တွေက NUG ၊ပြည်ထဲ​ရေးဝန်ကြီးဌာနမှာ အမှုဖွင့်တိုင်ကြားထားပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ မိန်းမနဲ့ ကလေးတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။ “ ကလေးနှစ်ယောက်ကို တစ်ယောက်ကို သေနတ်တစ်လက်နဲ့ ပြန်လဲပြီး နောက်တစ်ယောက်ကို သိန်း ၇၀၀ နဲ့ ပြန်ရွေးခိုင်းတာ။ မိန်းမကိုတော့ပြန်မလွှတ်ဘဲ ဖိအားပေးပေါင်းသင်းခဲ့တာ”

ဒါအပြင် ဗိုလ်နဂါးဟာ တရုတ်စာသင်ချင်လို့ဆိုပြီး တရုတ်စကားပြန်အမျိုးသမီးတစ်ဦးကိုလည်း ငှားရမ်းခဲ့ပါတယ်။ မြေအောက်ခန်းထဲမှာ ဗိုလ်နဂါးတရုတ်စာသင်နေခဲ့တဲ့အထောက်အထားတွေကို PDF တွေက ရရှိထားပါတယ်။စာလာသင်တဲ့အမျိုးသမီးက မူဆယ်နယ်စပ်မှာ စကားပြန်လုပ်ခဲ့တဲ့အမျိုးသမီးလို့သိရပါတယ်။ အဲဒီအမျိုးသမီးက ၂၀၂၃ ခုနှစ်ကနေ၂၀၂၄ခုနှစ်အတွင်း ဗိုလ်နဂါးဆီမှာ အချိန်အတော်ကြာနေပြီးစာလာသင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် အညာမှာ လူသိများခဲ့တဲ့ဗိုလ်နဂါးဟာ အညာက ​ကြေးနီစီမံကိန်းအပါအဝင် တရုတ်စီမံကိန်း​တွေကို ​စောင့်​ရှောက်​ပေးဖို့ဆိုပြီး တရုတ်ဆီက​နေလည်း ​ငွေယူခဲ့တယ်လို့ အညာ​ဒေသက စစ်​ရေးအ​ခြေအ​နေ ကို​လေ့လာခဲ့သူတဦးက​​ပြောပါတယ် ။ ဗိုလ်နဂါးအပြင်အညာက ​တော်လှန်​ရေးတပ်ဖွဲ့အချို့ကို တရုတ်က အဲဒီလို ​ငွေ​ပေးခဲ့တဲ့သတင်း​​တွေကျယ်ကျယ်ထွက်​ပေါ်ခဲ့ဖူးပြီး အဖွဲ့အချို့က​တော့ ငြင်းဆိုထားကြပါတယ် ။

ဗိုလ်နဂါးရဲ့မြေအောက်ခန်းအနီးနဲ့တောတိုက်ထဲမှာ မိန်းကလေးငယ်အချို့နဲ့အတူ သင်္ကြန်ယိမ်းလည်းက ခဲ့ပါသေးတယ်။ သူနေတဲ့ မြေအောက်ခန်းနဲ့ လုံခြုံရေးအဖွဲ့ကိုထားတဲ့ ဘားတိုက်က ပေ ၃၀၀ ခန့်အထိ ဝေးသလို ခွင့်ပြုချက်မရှိဘဲ မလာဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိနောက်ဆုံးအခြေအနေ အသေးစိတ်ဖြစ်ရပ်တွေကို စုံစမ်းမေးမြန်းထားပေမယ့် ကာယကံရှင်တွေရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာအရ လျှို့ဝှက်ထားပါမယ်။

သူ့လုပ်ရပ်တွေကို သိသွားသူတွေကို ဗိုလ်နဂါးက နှုတ်ပိတ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် BNRAအဖွဲ့ဝင်တွေကြားထဲမှာ အကြောက်တရားကြီးစိုးနေဆဲလို့ သိရပါတယ်။ဖေဖော်ဝါရီလ၁၇ရက်နဲ့ ၁၈ရက်နေ့က စီးနင်းတိုက်ခိုက်မှုမှာ အဖွဲ့ဝင် ၁၅၀ခန့်နဲ့အတူ လက်နက်ချအလင်းဝင်ခဲ့တဲ့ BNRA တပ်ရင်းမှူးစစ်နိုင်ကိုယ်တိုင် အကြောက်လွန်နေပြီး သူ့အသက်ကို အာမခံချက်ပေးဖို့ အကြောက်အကန်တောင်းဆိုခဲ့ပါတယ်။

“ တပ်ဖွဲ့ထဲမှာ ဖြုတ်ထုတ်သတ်ဖြစ်စဥ်တွေရှိခဲ့တော့ သူတို့ပြန်ခံရတော့မလားဆိုပြီး အရမ်းကြောက်နေကြတာ။အခုလိုအပ်တာစစ်ဆေးနေတာတောင် အကြောက်တရားက မပြေသေးတော့ အချိန်ပေးနေရတယ်။ ကျနော်တို့ကလည်းအတင်းအကြပ်ကြီးမမေးချင်ဘူး။ သူတို့စိတ်ဖိစီးမှုတွေပြေလျော့ပီးဖြေလာမယ့်အချိန်ကိုစောင့်နေရတယ်” လို့တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

BNRA တပ်ဖွဲ့ဝင်အများစုဟာ စိတ်ဒဏ်ရာတွေကြီးကြီးမားမားရရှိထားကြလို့ စိတ်ကျန်းမာရေးဆရာဝန်နဲ့တိုင်ပင်ပြီး နှစ်သိမ့်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ပင်လယ်ထဲကကျွန်းပေါ်မှာပွဲတော်တည်ခဲ့တဲ့ဂျက်ဖရီအက်ပ်စတိန်းကတော့ သူကျူးလွန်တဲ့ပြစ်မှုတွေအတွက်၂၀၁၉ ခုနှစ်ထဲမှာ ဖမ်းဆီးခံရပြီး အဲ့ဒီနှစ် ဩဂုတ်လမှာပဲ ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေကဆိုပါတယ်။ ဗိုလ်နဂါးကတော့ ဖေဖော်ဝါရီလ၁၈ ရက်နေ့မှာအာဏာသိမ်းစစ်တပ်ထံပူးပေါင်းသွားပြီးတဲ့နောက်ပိုင်း လူမြင်ကွင်းက​ခေတ္တ​ပျောက်သွားပါတယ် ။ဒါ​ပေမယ့် ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းမှာ​တော့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အချို့မှာ “ ​မောင်​​ဆောင်းခ နဲ့ ဗိုလ်နဂါး​ပြောခဲ့ကြတဲ့ အသံဖိုင် ကို ဗိုလ်နဂါးဖွင့်ချ” ဆိုပြီး ​​​​တော်လှန်​ရေးအဖွဲ့​တွေကြား​သွေးကွဲ​စေမယ့် အ​ကြောင်းအရာ​တွေကို စစ်တပ်နဲ့တရာဝင်ပူး​ပေါင်းပြီး​နောက်​ပြောဆိုဝါဒဖြန့်လာပြန်တာကို​တွေ့ရပြန်ပါတယ်။

ကြက်သွန်ပွဲစားအဖြစ်ကနေစစ်ဘုရင်ရူးခဲ့တဲ့ ဗိုလ်နဂါးကြောင့်တော့ သူ့တပည့်တပန်းတွေ စိတ်ဒဏ်ရာရခဲ့ကြသလို အညာတခွင်က ဒေသခံတွေရော တော်လှန်ရေးရဲဘော်တွေပါအလုပ်ရှုပ်ခဲ့ကြရပါတယ်။

ဗိုလ်နဂါးတူးခဲ့တဲ့ မြေအောက်ခန်းအပါအဝင် BNRA စခန်းတွေကို စီးနင်းမှုနဲ့ သူဦးဆောင်ကျူးလွန်ခဲ့သမျှကို အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပြီး မကြာခင် ထုတ်ပြန်လာဖွယ်ရှိပါတယ်။ အဲ့ဒီငရဲခန်းကို ဘယ်လောက်အထိဖွင့်ချနိုင်မလဲ။ အရေးကြီး မေးခွန်းအဖြစ် အဆိုတင်သွင်းထားပါမယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဗိုလ်နဂါးကစစ်တပ်နဲ့ ပူး​ပေါင်းပြီး နာရီပိုင်းအကြာမှာ PDF ထံလက်နက်ချခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေရှိ‌တဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် BNRA တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ နဲ့​တော်လှန်​​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။

သတင်း

BNRAအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီနဲ့ပူးပေါင်းသွားပေမယ့်BNRAအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ယူထားသူအချို့ နဲ့တပ်ဖွဲ့ဝင်အချို့သတင်းအစအနပျောက်နေသလိုလက်နက်တွေနဲ့ ထွက်ပြေးနေသူတွေလည်းရှိလို့ အဆက်အသွယ်ရှိဖူးသူ​တွေလုံခြုံ​ရေးသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနေပါတယ်။