close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မဟာမိတ်အဓိပ္ပါယ်ကို ဖွင့်ဆိုရမယ့်MNDAA နဲ့ TNLA

ရွက်ဝါ/People’s Spring

ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေကြား ရင်ကြုံတွေ့နေရတဲ့စိန်​ခေါ်မှု​တွေထဲက တစ်ခုကတော့ မဟာမိတ်အချင်းချင်းအကြား ပွတ်တိုက်မှုနဲ့ ပဋိပက္ခဖြစ်ပွားမှုပါပဲ။

ဘုံရန်သူ အာဏာသိမ်းစစ်တပ် သဘောတွေ့စေမယ့် တော်လှန်ရေးအဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပွားမှုတွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ အရေးကြီးတယ်လို့ အဖွဲ့တိုင်းက​ပြောကြပေမယ့်လက်​တွေ့မှာ​တော့ ထင်သ​လောက်လွယ်ကူမ​နေပြန်ပါဘူး ။ဒါကို ကရင်၊ ချင်း၊ ရှမ်း
ပြည်နယ်မြောက်ပိုင်း အပါအဝင်ဒေသ အချို့မှာ ရဲဘော်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာ၊ အပြန်
အလှန် ဖမ်းဆီးတာ၊ ဒေသအချို့မှာ သေနတ်ကျည်ပေါက်ခဲ့ကြတဲ့အထိ ပဋိပက္ခ ကြီးထွားခဲ့ကြတာ​တွေ​ကြောင့်ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေအကြားပြဿနာတွေထဲကလတ်တလောထင်ရှားတာကတော့ရှမ်းမြောက်ဒေသ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA) အကြား ပဋိပက္ခပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြသာနာအစက ဖေဖော်ဝါရီ ၁၃ရက်​နေ့ကဖြစ်ပါတယ်။အဲဒီ​နေ့က ကွတ်ခိုင်မြို့မှာ MNDAA က CCTVတပ်ဆင်မှုနဲ့ပတ်သက်ပြီးတအာင်းတပ်မ
တော်(TNLA)ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။အဲဖြစ်စဉ်နောက်ပိုင်းနှစ်ဖက်ရဲဘော်တွေ အချင်းများ ရိုက်နှက်မှုတွေ၊ အပြန်အလှန် ဖမ်းဆီးမှုတွေဆက်တိုက်ဖြစ်ခဲ့တဲ့အပြင် စစ်ရေးပြင်တဲ့အထိ ပြဿနာ ကြီးထွားလာခဲ့တာပါ။

“TNLAကကွတ်ခိုင်မှာရုံးထိုင်နေတဲ့MNDAAရဲ့ ဌာနဆိုင်ရာ အကုန်လုံးကို သူတိုက ရွှေ့ခိုင်းတယ်။ ပြီးတော့ အဲဒီထဲက အရာရှိတွေကို ဖမ်းသွားတယ်။ ဟိုနေ့ကပဲ MNDAAက လားရှိးနဲ့ သိန္နီကြားထဲက ရှမ်းရွာမှာ အထိုင်ချထားတဲ့ TNLA ရဲ့ စစ်သား အယောက် ၅၀ကို MNDAAက ပြန်ဖမ်းဆီးသွားတယ်။တယောက်နဲ့ တယောက် အဲဒီလို ဖြစ်နေတယ်။ အခုကတော့ အရင်တုန်းကထက် ပိုပြီးမှ စစ်ရေးပြင်ဆင်တဲ့ ပုံစံနဲ့ လုပ်နေတာ နှစ်ဖွဲစလုံး။ TNLAကလည်း ကွတ်ခိုင်မှာ စစ်အင်အား အများကြီးချထားတယ်။MNDAAဘက်ကလည်းအရင်ကသူတိုနေရာတွေပြန်ပြီးမှအထိုင်ချလိုရအောင်
လူစုဆောင်းနေတယ်။”လို့ရှမ်းမြောက်ဒေသ သ
တင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်နဲ့ တအာင်းအကြား ပြဿနာ အပါအဝင် နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေဟာ စစ်ရေးနိုင်ငံရေး အထိနာထားတဲ့ အာဏာသိမ်း စစ်တပ်ကို ခွန်အား​တွေဖြစ်​စေပါတယ်။ စစ်​ရေး ၊နိုင်ငံ​ရေး ၊သံတမန်​ရေး ၊စီးပွား​ရေး အဖက်ဖက်က ပြန်လည်နာလန်ထူဖို့ရုန်းကန်​နေရတဲ့ အာဏာသိမ်းစစ်အုပ်စုကို အခွင့်အရေးပေးသလို ဖြစ်စေပါတယ်။ အာဏာရှင်စစ်တပ်
ပြိုလဲအောင်တော်လှန်ရေးအင်အားစုတွေညီညီ
ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေချိန် တော်လှန်ရေးကိုအားနည်းမှု ဖြစ်စေတာ​ကြောင့် အမြန်ဖြေရှင်းဖို့ လိုအပ်နေတဲ့ စိန်ခေါ်မှုလဘ်းဖြစ်ပါတယ်။

ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ စစ်အာဏာသိမ်းမှု ၉၉၉ ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၂၃ အောက်တို
ဘာ ၂၇ရက်မှာစစ်တပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အတူတကွ ဖော်ဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အဲဒီလိုပဲစစ်ရေးအောင်မြင်မှုတွေ၊ အချင်းချင်းညီညွတ်
ရေးမှုတွေ ဖော်ဆောင်ပြနိုင်ခဲ့တဲ့ ပြယုဒ်တခုလို့ ဆိုနိုင်တဲ့ ကိုးကန့်၊ တအာင်း၊ ရက္ခိုင် ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက နှစ်ဖွဲ့လည်းဖြစ်ပါတယ်။

အခက်အခဲတွေ ရှိစဉ်က စစ်ကောင်စီကို ညီညီ
ညွတ်ညွတ်တိုက်ခိုက်နိုင်ခဲ့ကြတဲ့ တပ်တွေ ဖြစ်ပေမယ့် တပ်စခန်းရာချီနဲ့ မြို့တွေဆယ်နဲ့ချီသိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ အောင်မြင်မှု ရထားချိန်မှာတော့ ဆက်ဆံ​ရေးအဖုအထစ်​တွေရှိလာပြီးမဟာမိတ်အချင်းချင်း ပြန်တိုက်ဖို့ စစ်ရေးပြင်လာတဲ့အထိ တင်းမာမှု ကြီးထွားလာခဲ့တာပါ။ ကိုးကန့်နဲ့ တအာင်းအကြား ပြဿနာဟာ လဝက်ကျော်ကြာတဲ့အထိ ပြေလည်မှု မရသေးပဲဖြစ်​​နေတာပါ။

မ​ဝေးလှ​သေးတဲ့ ဆယ်စုနှစ် နှစ်ခု​ကျော်ကိုပြန်
ကြည့်ရင်ပဲ အာရက္ခတပ်​တော်-AA၊ မြန်မာအမျိုး
သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- MNDAAနဲ့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်-TNLA တို့ရဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ အာဏာ မသိမ်းမီကာလကမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ အသိအမှတ်ပြုခြင်းမခံရတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ဦးသိန်းစိန် အစိုး
ရလက်ထက် တနိုင်ငံလုံး အပစ်ရပ်စဲရေးသဘော
တူစာချုပ်(NCA)လက်မှတ်​ရေးထိုးဖို့ ညှိနှိုင်းစဉ်တုန်းကလည်း NCCT လို့ခေါ်တဲ့ တိုင်းရင်းသား
အဖွဲ့ ၁၆ ဖွဲ့ရဲ့ အပစ်ရပ်စာချုပ်ညှိနှိုင်းရေး အဖွဲ့မှာ ညီနောင်သုံးဖွဲ့ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ မင်း​အောင်လှိုင်ကပဲအပစ်ရပ်စာချုပ် မှာ ညီနောင်သုံးဖွဲ့ကို လက်မှတ်ရေးထိုးခွင့်မပြုလို့ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေး
တပ်မ​တော်(KIO/KIA)က တိုင်းရင်းသားအဖွဲ့တွေ ချန်ထားတာ လက်မခံဘူးဆိုတဲ့ မူနဲ့ NCA မှာ လက်မှတ်မရေးထိုးပဲ နေခဲ့တာလည်းဖြစ်ပါတယ်။ NCAထိုးခဲ့တဲ့၂၀၁၅နောက်ပိုင်းမှာတော့ ညီနောင်
သုံးဖွဲ့မှာ ပါတဲ့ AAက ရက္ခိုင်ဒေသ၊ MNDAAက ကိုးကန့်ဒေသ၊ TNLAက တအာင်းဒေသမှာ စစ်ကောင်စီကို တိုက်ခိုက်ခြင်းအားဖြင့် စစ်တပ်က အသိအမှတ်မပြုဘဲ နေလို့မရတဲ့ အခြေအနေ ဖြစ်ပေါ်လာပါတော့တယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ညီနောင်သုံးဖွဲ့က ​​နွေဦး​တော်လှန်​ရေးအင်အားစု​တွေနဲ့ပူး​ပေါင်းပြီးရှမ်းမြောက်နဲ့ ရက္ခိုင်ဒေသမှာ စစ်ဆင်ရေးတွေ ဖောင်ဆောင်ခဲ့ရာတိုင်းစစ်ဌာ
နချုပ်တွေအပါအဝင်တပ်စခန်းတွေရာချီနဲ့ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။နိုင်ငံတဝန်းက ပြည်သူတွေက အာဏာရှင်စစ်ကောင်စီကို လက်မခံဘဲ ပြင်းပြင်းထန်ထန် တော်လှန်ခဲ့ကြတဲ့ အခြေအနေကို ညီနောင်သုံးဖွဲ့ကကောင်းကောင်းအသုံးချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းမြောက်က မြို့နယ်များစွာကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့ နောက်
ပိုင်း ၂၀၂၄ ၊ ၂၀၂၅ ကာလတွေအတွင်းမှာလည်း TNLA နဲ့ KIA အကြား ၊ TNLA နဲ့ ရှမ်းတပ်ဖြစ်တဲ့ SSPP အကြား၊ MNDAA နဲ့ KIA ကြား နယ်
မြေဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ ပြ
ဿနာတွေဟာအပြီးသတ် ဆွေးနွေးဖြေရှင်း ပြေ
လည်မှု မရှိသေးဘဲ ရှမ်းမြောက်မှာ တော်လှန်
ရေးအင်အားစုတွေအချင်းချင်းကြားပြဿနာတွေဟာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲပါပဲ။

“စစ်တပ်က KIA၊ TNLAနဲ့ MNDAA ကြားမှာ နယ်မြေ အငြင်းပွားမှုတွေ ဖြစ်အောင် နောက်ကနေ နည်းလမ်းအမျိုးမျိုးနဲ့ ရန်တိုက်နေတဲ့ သဘောရှိတယ်” လို့ ရှမ်းမြောက်ဒေသ စစ်ရေး နိုင်ငံရေး လေ့လာသူ တဦးက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ သွေးခွဲမှုကြောင့် အချင်းချင်း ပြ
ဿနာဖြစ်နေရတာရှိသလိုကျဉ်းမြောင်းတဲ့ နိုင်ငံ
ရေး အတွေး၊ အစွန်းရောက်တဲ့ လူမျိုးရေး တွေနဲ့ မိမိအဖွဲ့အကျိုးစီးပွားကိုသာ ဦးစားပေးတက်တဲ့ အယူအဆတွေ ကြောင့်လည်း အဓိက ပြဿနာတွေဖြစ်နေရတာလို့ လည်းသူကသုံးသပ်ပါတယ်။
“အဲဒီအတွေး အယူအဆတွေကို လျှော့သင့်ပါတယ်”လို့လည်းစစ်ရေး၊နိုင်ငံရေးလေ့လာသူက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ မစုစည်းနိုင်လို့ သိမ်း
ပိုက်ထိန်းချုပ်ထားတဲ့ မြို့ရွာတွေ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားရတာတွေ ကိုလည်း ရှမ်းမြောက်မှာ မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ဒါ​ကြောင့် အချင်းချင်း မညီညွတ်တဲ့ပြဿနာကို အဖြေမရှာနိုင်ရင် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ရှမ်းမြောက် ပြည်ထောင်စုလမ်းကိုစစ်တပ်က ပြန်သိမ်းယူပြီး သက်ဆိုးရှည်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။

လက်ရှိမှာတောင် တရုတ်အစိုးရရဲ့ကြားဝင်ဖိအားပေးမှု ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ပြီး စစ်ရေးဖိအားပေးမှုနဲ့ မြေပြင်ထိုးစစ်ကြောင့် TNLAနဲ့ MNDAAတို့ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေ စစ်ကောင်စီ လက်ထဲ ပြန်ရောက်သွားခဲ့သလို ရန်သူစစ်ကောင်စီနဲ့ အပစ်ရပ်စဲထားရတဲ့ အခြေ
အနေပါ။

၂၀၂၅ အတွင်း အပစ်ရပ်စဲရေး ပြုလုပ်မှုတွေကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို MNDAAက စစ်ကောင်စီထံ လက်လွှဲပေးခဲ့ရသလို မိုးကုတ် -မိုးမိတ် မြို့နှစ်မြို့ကိုလည်း TNLAက စစ်ကောင်စီထံ လက်လွှဲပေးခဲ့ရတာပါ။ နောင်ချို၊ ကျောက်မဲနဲ့ သိပေါမြို့တွေဟာလည်း အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ် ၊တရုတ်ဖိအား​ပေးမှု​တွေအောက်မှာ TNLAက လက်လွှတ်ခဲ့ရတဲ့ မြို့တွေဖြစ်ပါတယ်။

ရန်သူနဲ့ အပစ်ရပ်စဲခဲ့ရတာ၊ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို ရန်သူထံ ပြန်ပေးလိုက်ရတာ၊ ရန်သူကို အတူတူ လက်တွဲတိုက်ခိုက်တဲ့ မဟာမိတ် အချင်းချင်းစစ်ရေးပြင်ရတဲ့အထိပြဿနာကြီး
ထွားလာတာဟာ ကိုးကန့်နဲ့ တအာင်းတပ်တို့အ
တွက် စစ်ရေးအရ၊ နိုင်ငံရေးအရ ဂုဏ်သိက္ခာ လျော့ပါးစေတဲ့ ဖြစ်ရပ်တွေဆိုတာ ငြင်းမရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပြဿနာဆိုတာ ကိုးကန့်နဲ့ တအာင်းအကြားမှာပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ချင်းပြည်မှာဆိုရင်ချင်းပြည်ကောင်
စီနဲ့ ချင်းညီနောင်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အထိ နှစ်ဖက်အကြား ပြဿနာတွေဖြစ်ခဲ့တာပါ။ ဒါပေမယ့် ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ ရန်သူစစ်ကောင်စီကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့တွေ အတူ လက်တွဲ တိုက်ခိုက်နေတာ နှစ်ဝက်ကျော်ကြာနေပြီး စစ်တပ်ရဲ့ ထိုးစစ်ကို ရိုက်ချိုးထားနိုင်ခဲ့ပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးထိခိုက်အောင် ချေမှုန်းထားနိုင်ခဲ့ပါတယ်။ နှစ်ဖွဲ့ကြားပြဿနာတွေရှိ​နေ​ပေမယ့် ဘုံရန်သူကို အတူလက်တွဲရင်ဆိုင်ခုခံနေတဲ့ ချင်းတပ်ဖွဲ့တွေရဲ့ လက်ရှိ အနေအထားဟာ တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ပြည်သူတွေအတွက် အထိုက်အ​လျောက်​ကျေနပ်စရာလည်းဖြစ်ပါတယ်။

မြန်မာပြည်တောင်ပိုင်းက ကရင်အမျိုးသားအ
စည်းအရုံး(KNU)လက်အောက်ခံ တပ်အချို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်
ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မ
တော်(PDF) အကြားမှာလည်း ပြဿနာအချို့ရှိခဲ့တာပါပဲ။ ဥပမာ KNU မြိတ်ထားဝယ်ခရိုင် တပ်
မဟာ(၄)နယ်မြေမှာဆိုရင် PDF ဗျူဟာမှူးနဲ့ တပ်
ရင်းမှူးအပါအဝင် ရဲဘောတွေကို KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က ဖမ်းဆီးခဲ့တဲ့အထိ တင်းမာမှု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။အောက်ခြေရဲဘော်ချင်း ပြဿနာက အစပြုပြီး NUG ကာကွယ်ရေး အထူးတိုင်း စစ်ဌာန အ
မှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို ၊ ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း တပ်ရင်းမှူး မင်းသားကြီး တို့ ပါဝင်တဲ့ အဖွဲ့ကို KNU ရဲ့ တပ်မဟာ(၄) KNLA တပ်ရင်း(၁၂)က ၂၀၂၅ ဒီဇင်ဘာ ၁၇ရက်မှာ ထိန်းသိမ်းခဲ့တာပါ။

အဲဒီပြဿနာကို ချင်းချင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းခဲ့လို့ ပြေလည်မှုရခဲ့တဲ့အပြင် အတူပခုံးဖက် လက်တွဲပြီး တိုက်ပွဲပြန်ဝင်နိုင်ခဲ့ကြပါတယ်။PDF
တပ်မှူးတွေ KNU ဖမ်းဆီးတဲ့အပေါ် စစ်အုပ်စုဝါဒဖြန့်သူတွေက ပုံကြီးချဲ့ သွေးခွဲမှုတွေ၊ အထင်
အမြင်မှားအောင် ချက်ချင်း လုပ်ဆောင်ခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။ ပြဿနာဖြစ်အပြီးရက်ပိုင်း
အကြာ ဒီဇင်ဘာ ၁၉ရက် မှာတော့KNLA တပ်ရင်း
(၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဒါးဒါးနဲ့ ဗျူ
ဟာမှူး စောဒါးကို တို့ ပါဝင်တဲ့ နှစ်ဖက်တပ်တွေဟာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို အတူဆင်နွှဲခဲ့ကြတဲ့ ပုံတွေ ထုတ်ပြန်ခဲ့ပြီး ပြဿနာပြေလည်အောင်ဖြေရှင်းနိုင်ခဲ့မှုကို လက်တွေ့ ပြခဲ့ပါတယ်။

“ကျနော်တို့ မဟာမိတ်ညီအကိုတွေ နှက်ဖက် သ
ဘောထားကြီးကြီးနဲ့ ညှိနှိုင်းအောင်မြင်မှုပါ။ ဘုံရည်မှန်းချက် တူညီကြတဲ့ တော်လှန်ညိအကိုတွေ အပြင် ရှေ့ဆက်လုပ်စရာတွေ အများကြီးရှိပါတယ်” လို့ ဗျူဟာမှူး ရဲဘော်စောဒါးကိုက စစ်အာဏာရှင်တွေကို အတူတိုက်ခိုက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

ကိုးကန့်နဲ့ တအာင်းတပ်တွေလည်း နှစ်ဖက်ကြား ပြဿနာ တွေကို မဆွေးခဲ့ကြတာတော့ မဟုတ်ပါဘူး။ အချင်းချင်း ဆွေးနွေးမှုတွေ မပြေလည်လို့ ၀တပ်ဖွဲ့ (UWSA)ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးမှုတောင် လုပ်ဆောင်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်အချို့ကပြောပါတယ်။ UWSA
ဟာ ကိုးကန့်နဲ့ တအာင်းတပ်တွေ အပါအဝင် လက်
နက်ကိုင် ၇ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေး
နွေးညှိနှိုင်းရေးကော်မတီ(FPNCC) မှာဦးဆောင်မှု ယူထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ရက် ကွတ်ခိုင်မြို့ ပြဿနာ ဖြစ်ပွားပြီး တပတ်လလောက်အကြာ မှာ UWSA ဌာန
ချုပ် ပန်ဆန်းမှာ ပြဿနာပြေလည်ရေးဆွေးနွေးခဲ့ကြပေမယ့် အဖြေမရခဲ့ဘူးလို့ ဆိုပါတယ်။

“၂၀ရက်နေ့ ပန်ဆန်းမှာ ၀တွေက ကိုယ်စားလှယ်ပါဝင်ပြီးမှ သူတို့ကို ညှိကြတယ်ပေါ့။ ၀ကိုယ်စား
လှယ်တွေ ပြောတာကတော့ ကျည်ဆံတော့ မဖောက်နဲ့ပေါ့။ ၂၇ရက်မှာ လောက်ကိုင်မှာ TNLAနဲ့ MNDAA ပြန်ညှိကြတယ်။ ဒါပေမဲ့ ကျနော်ကြားရသလောက်ကတော့ MNDAA ဘက်က တောင်းဆိုတဲ့ဟာတွေကို TNLAက လက်မခံဘူး။ TNLA တောင်းဆိုတဲ့ဟာကို MNDAAက လည်း လက်မခံဘူး။ အဲဒီတော့ နှစ်ဖက်စလုံးက ညှိလို့မရဘူး ပြောမယ်ဆိုရင်တော့ အဖြေမထွက်ဘူး။ အဲဒါကြောင့် လောလောဆယ်တော့ တင်းမာနေဆဲပဲ” လို့ ရှမ်းမြောက် သတင်းရင်းမြစ်တဦးက ပြောခဲ့ပါတယ်။

ကိုးကန့်တပ်က ကွတ်ခိုင်ကို အထူးဒေသ(၁)အ
ဖြစ် အတူပူးတွဲအုပ်ချုပ်လိုတဲ့ သဘောထားရှိပေမယ့် TNLA ဘက်ကတော့ လက်မခံတဲ့ အခြေအ
နေလို့ ဆိုပါတယ်။နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တာကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်က ပြောခဲ့ပါတယ်။ မဟာမိတ်အချင်းချင်း ပြဿနာဖြစ်ပွားမှုကို ဆက်လက်ဆွေးနွေးသွားဖိုလည်းရှိတယ်လို ပြောပါတယ်။

“ လောလောဆယ် ကတော့ စိုးရိမ်တဲ့ အနေအထားတော့မရှိတော့ဘူး။”လို လွေးယေဦးက ကိုးကန့်တပ်နဲ့ ပြဿနာဖြစ်ပွားမှု အစပိုင်းမှာ ပြောပြပါတယ်။ဒါပေမဲ့ အဲဒီနောက်ပိုင်း ပြဿနာတွေ ဆက်ရှိနေတဲ့အပေါ် မေးမြန်းမှုကိုတော့ ပြန်ကြားချက် မပြုသေးပါဘူး။

TNLA အနေနဲ့ကတော့MNDAA သာမက အခြား
သော မဟာမိတ် တော်လှန်ရေးအဖွဲတွေနဲ့ ပြဿနာဖြစ်ပွားမှုတွေကိုလည်း ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ ပြောခဲ့ပါတယ်။

“အခြားသော ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ ဒီလက်နက်ကိုင် အထူးသဖြင့် ERO အဖွဲအစည်းတွေနဲ့ ကျမတို မှာဆိုရင် ပွတ်တိုက်မှုတွေရှိတယ် အငြင်းပွားမှုတွေရှိပါတယ်။ ဒါကတော့ အောက်
ခြေမှာ ဖြစ်ပွား နေတဲ့ဟာမျိုးတွေရှိတယ်။ မြေပြင်မှာ ဖြစ်ပွားနေတာရှိတယ်။ ဗဟိုအဆင့်ကတော့ ဒီကိစ္စကို တဖက်နဲ့တဖက်ထိန်းသိမ်းဆောင်ရွက်ဖို့ ဆက်သွယ်သွားလာနေကြတာမျိုးတွေရှိတယ်။ တွေ့ဆုံဆွေးနွေးရေးကိုပဲ ကျမတို အဓိက ထားဖြေရှင်းနေတာဖြစ်ပါတယ်”လို လွေးယေဦးက ပြောပြပါတယ်။

ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ ကွတ်ခိုင်ပြဿနာနဲ့ပတ်သက်ပြီးတစုံတရာ သတင်းထုတ်ပြန် အသိ
ပေးတာမျိုး မတွေ့ရသေးပါဘူး။ MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မီဒီယာတွေကို ဖြေကြားတာတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်ဖြေတာမျိုးထက် အသိပေးလိုတဲ့ သတင်းတွေကို သတင်းပြန်ကြား
ရေးစာမျက်နှာက ထုတ်ပြန်တာမျိုးသာ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ စစ်ကောင်စီဟာ TNLAနဲ့ MNDAA ကိုခွဲတွေ့ပြီး တဖွဲ့တမျိုး မက်လုံးပေးတာ သွေးခွဲတာတွေ အားစိုက်ပြုလုပ်လာနိုင်တယ်လို့လည်း ရှမ်းမြောက် စစ်ရေးနိုင်ငံရေးလေ့လာသူက သု့းသပ်ပါတယ်။ အဲဒီလို လုပ်ဆောင်မှုဟာ စစ်ကောင်စီရဲ့ သွေးခွဲရေးမူနဲ့ စစ်ရေးဗျူဟာဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်အာဏာရှင်တွေဆက်ရှိနေသရွေ့တော်လှန်ရေး
အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်
မြေတွေ စစ်ရေးအောင်မြင်မှုတွေဟာ ဘာအာမခံချက်မှ မရှိတာကြောင့် တော်လှန်ရေးအင်အားစုတွေ သွေးမကွဲဘဲ ညိညွတ်ရေး လိုအပ်ကြောင်းလည်း သတိပေးမှုတွေရှိနေပါတယ်။

တချိန် ၁၀၂၇ စစ်ဆင်ရေးကာလမှာ ညီညွတ်ခဲ့ကြတဲ့ ၊ စစ်ရေးအောင်မြင်မှုတွေကြောင့် ဂုဏ်ပြုခံခဲ့ရတဲ့ စစ်အာဏာရှင်အမြစ်ပြုတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ အသိပေးခဲ့တာကြောင့် မြန်မာပြည်သူတရပ်လုံးရဲ့ အားပေးထောက်ခံမှုတွေ ရခဲ့တဲ့ ကိုးကန့်နဲ့ တအာင်းအပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့မကြားသေးသော အတိတ်က ရွှေရောင်ကာလတွေဟာ စစ်တပ်နဲ့အပစ်ရပ်လိုက်တာ၊ အချင်းချင်း ပဋိပက္ခ ဖြစ်ပွားတာတွေရဲ့ အောက်မှာ မှေးမှိန်ခဲ့တာဟာ အရှိပကတိ အခြေအနေဖြစ်တာကြောင့် ဒါကို ကျော်လွှားနိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

“အဖိနှိပ်ခံ မြန်မာပြည်သူလူထု တရပ်လုံးလိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေရေး တသားတည်း အတူရှိနေမယ်” ဆိုတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင် ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ အသိပေးချက်တွေဟာ အပြောသပ်သပ်ပဲ ဖြစ်သွားမလား။

ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူကတော့ ကိုးကန့်နဲ့ တအာင်းတပ်အပါအဝင် တော်လှန်ရေးအင်အားစုတွေကို အခုလို ထပ်လောင်းသတိပေးလိုက်ပါတယ်။

“ဘုံရန်သူက စကမ(အာဏာသိမ်းစစ်တပ်)ဆိုတာ အမြဲသိနေဖို့လိုတယ်”။ ။

ဆက်စပ်သတင်းများ