မတ်-၈၊၂၀၂၆။ဆဏ်း/People’s Spring
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကပြမယ့် တော်လှန်သဘင်ပညာရှင်တွေရဲ့ ဖျော်ဖြေပွဲကို တော်လှန်ရေးရန်ပုံငွေရရှိဖို့ အွန်လိုင်းကနေလက်မှတ်ရောင်းပြီး ပြသသွားမယ်လို့ မြန်မာဇာတ်ပွဲကြည့်ရအောင် ပေ့ခ်ျကနေ အသိပေးထားပါတယ်။
“ ရည်ရွယ်ချက်ကတော့ ပြည်သူတွေဟာ ဒီကာလထဲမှာ မွန်းကြပ်နေတယ် အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတယ် ဒါတွေကို အပန်းပြေနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲ့လိုရည်ရွယ်ရာမှာလည်း အလဟဿမဟုတ်ဘဲ တော်လှန်ရေးအတွက်လည်း ပါဝင်လို့ရအောင် အခုလိုမျိုးပွဲလေးစီစဉ်ဖြစ်တာပါ” လို့ ပွဲစီစဉ်သူက ပြောပါတယ်။
ဒီပွဲကို မဲဆောက်မြို့မှာ လာမယ့် မတ်လ ၁၈ရက် ည ပြုလုပ်မှာဖြစ်ပြီး ဧပြီ ၅ ရက် မှာအွန်လိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။

Public Service Announcement
အွန်လိုင်းကနေ ပြသမယ့်ပွဲအတွက် လက်မှတ် တွေကို မြန်မာဇာတ်ပွဲကြည့်ရအောင် ပေ့ခ်ျကနေဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
“ ဒီပွဲက ရရှိလာမယ့် ရံပုံငွေတွေကို ရှေ့တန်းက အောင်ဆန်းမျိုးဆက်ရဲဘော်တို့ ခဲယမ်းရိက္ခာအတွက် အသုံးပြုသွားမှာပါခင်ဗျာ။” လို့ ပွဲစီစဉ်သူကပြောပါတယ်။
လက်မှတ်ဈေးနှုန်းတွေအနေနဲ့ ကျပ်လေးသောင်းကျပ် သတ်မှတ်ထားပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် ငွေဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။
ဒီပွဲမှာပါဝင်ဖျော်ဖြေပေးမယ့်သူတွေကတော့ CDM တော်လှန် သဘင်ပညာရှင်တွေဖြစ်တဲ့ ရန်ငြိမ်းသူ၊ အောင်မြင်ဗိုလ် ၊သားအောင်ဆက်၊ သက်ထားခင် ၊စန်းနီလာဝင်း၊ ဝါဝါလှိုင် ၊ ရာလေး ၊ စုမြတ် ၊ အိအိအောင်၊ ခရေသင်း၊ နှင်းသီရိလွင် နဲ့ အခြားအနုပညာရှင်တွေလည်းပါဝင်မယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ ဇာတ်ပွဲတွေကို ဝါဒဖြန့်ချိရေးအနေနဲ့ အသုံးပြုတာနဲ့ပတ်သက်ပြီး ပွဲစီစဉ်သူက ” စစ်တပ်ကတော့ ဒီလိုမျိုးလုပ်နေကျပုံစံအတိုင်းပဲ ဇာတ်သဘင်ကိုဝါဒဖြန့်ချီရေးမှာ အသုံးချနေတာပါပဲ။ ယခုမှမဟုတ်ဘူး ယခင် နဝတခေတ်က ရှုမဝအငြိမ့် မြဝတီအငြိမ့်စသည်အားဖြင့် ပြည်သူကို သဘင်နဲ့အချိုသတ်ပြီး တိုင်းပြည်ပုံမှန်ဖြစ်နေသယောင် ဖန်တီးခဲ့ကြတာပါပဲ။ ခုလည်းဒီလိုပါပဲ ပြည်သူတွေကို သဘင်နဲ့လှည့်ဖြားပြီး တိုင်းပြည်ငြိမ်းချမ်းပါတယ် အေးချမ်းပါတယ်ဆိုတဲ့ပုံစံကို ကမ္ဘာကမြင်လာအောင် ပုံဖော်နေတာဖြစ်ပါတယ်။ ဒါကိုကျနော်တို့ပြည်သူတွေအနေနဲ့ လှည့်ကွက်ထဲ မဝင်ဘဲ သတိချပ်သင့်ပါတယ်” လို့ အကြံပြုထားပါတယ်။

















































