မတ် ၇၊ ၂၀၂၆။မေရီ/People’s Spring
စစ်ကောင်စီရဲ့ စုံမခွဲတဲ့စနစ် ရှုပ်ထွေးမှုတွေကြောင့် မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ တစ်ဆိုင်တစ်မျိုး ရောင်းချနေကြပြီး ပြည်သူတွေဝယ်ယူရခက်ခဲနေပါတယ်။
စစ်ကောင်စီက ယာဥ်နံပါတ်ရဲ့ရှေ့ဆုံးက ဂဏန်းပေါ်မူတည်ပြီး ရက်အလိုက် စုံမခွဲတဲ့စနစ်နဲ့ ထွက်ကြဖို့ အမိန့်ထုတ်တဲ့အပြင် စက်သုံးဆီဆိုင်တွေကိုလည်း ရက်အလိုက် စုံမခွဲကာ ရောင်းချကြဖို့ အသိပေးခဲ့ပါတယ်။
အဲဒီစီမံချက်စတင်တဲ့ ဒီကနေ့ မတ်လ ၇ ရက်မှာတော့ မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ယာဥ်နံပါတ် အက္ခရာရဲ့ရှေ့က ဂဏန်းနှစ်လုံးဖြစ်နေရင် ရှေ့ဂဏန်းကိုယူတဲ့ဆိုင်ကယူပြီး နောက်ဂဏန်းကိုယူတဲ့ဆိုင်က ယူကြတာကြောင့် အရောင်းဆိုင်တွေကြားမှာ စနစ်အမျိုးမျိုးနဲ့ ရောင်းချနေကြကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“ ဒီနေ့သွားထည့်ခဲ့တဲ့ဆိုင်ကတော့ 78W ဆိုရင် စုံလို့ယူပြီး စုံရက်ကျတဲ့နေ့မှာပဲ ဝယ်ရမယ်ဆိုလို့ မရခဲ့ဘူး။” လို့ ချမ်းမြသာစည်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
သို့သော် အခြားဆိုင်တချို့မှာတော့ ရှေ့က ဂဏန်းတစ်လုံးကိုသာယူပြီး အထက်က 78 Wကဲ့သို့ ယာဥ်နံပါတ်တွေကိုလည်း ရောင်းချပေးတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ယာဥ်နံပါတ်ခွဲခြားတဲ့စနစ် ရှင်းလင်းစွာထုတ်ပြန်ခြင်းမရှိတာကြောင့် ပြင်ပထွက်ဖို့ ဝေခွဲမရဖြစ်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ပြင်ပထွက်လာတဲ့ယာဥ်တွေကိုလည်း အဖွဲ့စုံစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်တဲ့စည်းမျဥ်းစည်းကမ်းကို မလိုက်နာဘူးဆိုရင် ထောင်ဒဏ် ၁ လနဲ့ ငွေဒဏ်နှစ်သောင်း ကျခံရမယ်လို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

















































